မော်လမြိုင်၊ မတ် ၉ ။ ။ မော်လမြိုင်မြို့၊ရာမည အားကစားကွင်းတွင်ကျင်းပမည့် (၄၂) ကြိမ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယခင်သတ်မှတ်ထားသော မတ်လ ၁၀ ရက်နေ့မှ မတ်လ ၁၄ ရက်နေ့သို့ ရွေ့ဆိုင်း ကျင်းပမည်ဖြစ်ကြောင်း မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနထံမှသိရသည်။

ယခုနှစ်တွင် ဖိတ်ခေါ်ပြိုင်ပွဲအဖြစ်သို့ ပြောင်းလဲကျင်းပရာတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းအရေအတွက် ရှစ်သင်းသာရှိ၍ တစ်ရက်လျှင် နှစ်ပွဲသာ ယှဉ်ပြိုင်ခိုင်းမည်ဖြစ်သောကြောင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ မည့်ရက်ကိုု နောက်ဆုတ်လိုက်ခြင်းဖြစ်ကြောင်း ပြည်နယ်အားကစားလက်ထောက်ညွှန်ကြားရေးမှူး ဦးခင်ဇော် က ပြောကြားသည်။

“ဖူဆယ်ပြိုင်ပွဲက ကျွန်တော်တို့ဆီမှာ သိပ်ကျယ်ကျယ်ပြန့်ပြန့် မရှိသေးဘူး။သာမန် ဘောလုံးပွဲလိုလည်း မဟုတ်တော့တစ်ချို့က မကစားတတ်သေးဘူး။ ဥပဒေကို နားမလည်သေးဘူး။ ဖူဆယ်ရုံလဲ မရှိသေးဘူး။ အဲတော့ မွန်ပြည်နယ် အတိုင်းအတာ အနေနဲ့ ဒါက နည်းတယ်လို့ ပြောလို့မရသေးဘူး”ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်နေ့အထိမ်းအမှတ်ဖူဆယ်ဘောလုံးပြိုင်ပွဲကို ၂၀၁၅ ခုနှစ်တွင် စက်စဲကမ်းခြေ၌ ကျင်းပခဲ့ပြီး ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ ခုမှ အသင်းဆယ်သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ယခုနှစ်တွင်မူ မော်လမြိုင်မြို့မှ ခြောက်သင်းဝင်ရောက်ယှဉ်ပြိုင်၍ ကျန်မြို့နယ်များမှမူ မုဒုံနှင့် ပေါင် မြို့နယ် များမှ တစ်သင်းစီသာဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကာ အသင်းတစ်သင်းလျှင် ကစားသမား ဆယ်ဦးဖြင့်

ကန့်သတ်ထားကြောင်း မွန်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

မတ်လ ၁၄ ရက်နေ့မှ မတ်လ ၁၉ ရက်နေ့အထိ မော်လမြိုင်မြို့၊ရာမညအားကစားကွင်းတွင် ယှဉ်ပြိုင်မည့် အဆိုပါပြိုင်ပွဲတွင် ပထမဆု ကျပ်သုံးသိန်း၊ ဒုတိယဆု ကျပ်နှစ်သိန်း နှင့် ကျန်ဆီမီးဖိုင်နယ်တက်ရောက်နိုင်သည့်

နှစ်သင်းကို ပူးတွဲ တတိယဆုအဖြစ် ကျပ်တစ်သိန်းစီ အသီးသီးဆုချီးမြှင့်မည်ဖြစ်ပြီး ဝင်ကြေးအခမဲ့ဖြင့် လာရောက်ကြည့်ရှုနိုင်ကြောင်း မွန်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ထုတ်ပြန်ထားသည်။

Leave a Reply