မော်လမြိုင်၊ မတ် ၂၀ ။ ။ မော်လမြိုင်မြို့ ရာမညအားကစားကွင်းတွင် ကျင်းပသော (၄၂) ကြိမ်မြောက်မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် မုဒုံအသင်းက အနိုင်ရဗိုလ်စွဲသွားကြောင်း မွန်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံးထံမှ သိရသည်။

mudon

မတ်လ ၁၄ ရက်နေ့မှ မတ်လ ၁၉ ရက်နေ့အထိ ကျင်းပခဲ့သော အဆိုပါဘောလုံးပြိုင်ပွဲတွင် အသင်းရှစ်သင်းပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး မုဒုံအသင်းက ပထမဆုရရှိခဲ့ကာ မော်လမြိုင်မှ Golden Young အသင်းက ဒုတိယရရှိခဲ့ခြင်းဖြစ်သည်။

ပြိုင်ပွဲကို အခက်အခဲမရှိ ကျင်းပနိုင်ခဲ့ပြီး ဝင်ရောက်ယှဉ်ပြိုင်သည့် အသင်းများမှာ စည်းကမ်းရှိရှိနှင့် ပြိုင်ပွဲဝင် စိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ခဲ့ကြသောကြောင့် အားရကျေနပ်မိကြောင်း ပြည်နယ်အားကစား လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်ဇော်က ပြောသည်။

“ဒီပြိုင်ပွဲဝင် အသင်းရှစ်သင်းလုံးက တက်တက်ကြွကြွနဲ့ ယှဉ်ပြိုင်သွားတယ်။ လူငယ်ကစားတွေပီပီ တကယ့်ကို ကြိုးစားပမ်းစားနဲ့ ယှဉ်ပြိုင်နိုင်ကြတယ်”ဟု ၎င်းက ဆက်ပြောသည်။

ထို့ပြင် ပူးတွဲတတိယဆုကိုလည်း မော်လမြိုင်မြို့အခြေစိုက်အသင်းများဖြစ်သည့် Crazy နှင့် လှိုင် အသင်းတို့က ရရှိခဲ့ကြပြီး ပထမ ရရှိသောအသင်းကို ကျပ်သုံးသိန်း၊ ဒုတိယဆု ကျပ်နှစ်သိန်း နှင့် ပူးတွဲ တတိယရသော အသင်းနှစ်သင်းကို ကျပ်တစ်သိန်းစီ ချီးမြှင့်မည်ဖြစ်သည်။

ငါးရက်ကြာကျင်းပခဲ့သော (၄၂ )ကြိမ်မြောက်မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် မော်လမြိုင်မြို့မှ အသင်းခြောက်သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မုဒုံ နှင့် ပေါင် မြို့နယ်တို့မှ အသင်းတစ်သင်းသာဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

Leave a Reply