Advertisements

ခေတ်မင်း

မွန်ပြည်နယ်တွင် ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ မူးယစ်ဆေးဝါးသုံးစွဲပြီး ဆေးဖြတ်ရန် ရောက်ရှိလာသူ စုစုပေါင်း ၆၁၄ ဦးရှိကြောင်း မွန်ပြည်နယ် စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသဌာနမှ သိရသည်။

“ဒီနှစ်မှာ ဆေးရုံတက် ဆေးဖြတ်တဲ့အတွင်းလူနာ ၂၉ ဦး၊ လက်ရှိအချိန်ထိမှတ်ပုံတင်ထားတဲ့ လူနာအသစ်က၁၆၈ ဦးရှိပြီး အပြင်လူနာ အဟောင်းရော အသစ်ရော ဆေးဖြတ်သူ စုစုပေါင်း ၆၁၄ ဦး ရှိနေပါတယ်” ဟု မွန်ပြည်နယ် စိတ်ကျန်းမာရေးနှင့် မူးယစ်ဆေးစွဲကုသဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်နေ့အထိ မူးယစ်
ဆေးဝါးဖမ်းဆီးရမိပေါင်း ၂၉၄ မှုရှိပြီး အမျိုးသား ၄၄၃ ဦးနှင့် အမျိုးသမီး ၃၅ ဦး စုစုပေါင်း ၄၇၈ ဦးကို ဖမ်းဆီးအမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၈ ခုနှစ်ကဘိန်းဖြူ ဝ ဒသမ ၃၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၂,၂၃၂ ပြား၊ ICE ဝ ဒသမ ၄၂ဝ၈၈ ဂရမ်၊ ဆေးခြောက် ဝ ဒသမ ၉၈၀၅၁၉ ဂရမ်နှင့် ဘိန်းစာရွက် ၁၃၄ ဒသမ ၂၂၀၈၄ ဂရမ်တို့ကိုဖမ်းဆီးရမိထားကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းမှတ်တမ်းအရ သိရသည်။

“ဒီမူးယစ်ဆေးဝါးဟာ လူငယ်တွေရဲ့ အနာဂတ်အတွက် မကောင်းဘူး။ အဲဒါကြောင့် ဒီမူးယစ်ဆေးဝါးတွေကို မသုံးဖို့အတွက် MANA အသင်းနေနဲ့ ပြောပါရစေ။ ယခင်အချိန်တုန်းက မူးယစ်ဆေးစွဲနေသူတွေ ဆေးဖြတ်ဖို့ဆိုရင် ကြောက်နေရတယ်။ အခုချိန်မှာဆိုရင် အဲဒီလိုကြောက်နေစရာမလိုဘဲ ရဲရဲတင်းတင်း ကျန်းမာရေးဌာနကိုသွားပြီး ဆေးဖြတ်လို့ ရနေပြီ။ အဲလိုမှမသွားချင်ဘူးဆိုရင်လည်း ကျွန်တော်တို့အသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးလုပ်ဆောင်လို့ရတယ်” ဟု မွန်ပြည်နယ်ရှိ MANA အသင်း အတွင်းရေးမှူး ဦးမြတ်ထွန်းကပြောသည်။

“အခု မူးယစ်ဆေးဝါးတွေက လက်ရှိ လူငယ်တွေထဲမှာ ပျံ့နှံ့နေတာဖြစ်တဲ့အတွက် အဲဒီလူငယ်တွေက မသုံးစွဲတော့ဘူးဆိုရင် နည်းနည်းလျော့ပါးသွားမယ်လို့တော့ မြင်မိပါတယ်” ဟု၎င်းကဆက်ပြောသည်။

အဓိက မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဒီမူးယစ်ဆေးဝါး အတော်တော်များများပျံ့နှံ့နေပြီး အထူးသဖြင့် ဘိန်းစာရွက်များကို လွယ်လွယ်ကူကူ စိုက်ပျိုးထားရှိနေမှုကြောင့် လူငယ်များ အနေဖြင့် လွယ်လွယ်ကူကူ ဝယ်ယူသုံးစွဲနေမှု ပိုမိုများပြားနေရခြင်းဖြစ်ကြောင်း မွန်လူငယ်ပညာပေးအဖွဲ့မှ မင်းစိုက်ရော့က ပြောသည်။

“ဒီဘိန်းစာရွက်တွေက WY စိတ်ကြွရူးသွပ်ဆေးပြားတွေထက်ကို ပိုပြီးတော့ ဈေးသက်သာတဲ့အတွက်ကြောင့် အဲဒါကို ပိုပြီး သုံးဖြစ်နေကြတာ၊ ရွာတွေမှာဆိုရင် ဓလေ့ပုံစံမျိုး တစ်ခုလိုတောင် သုံးစွဲဖြစ်နေတာ တွေ့ရတယ်”ဟု ၎င်းက ဆိုသည်။

မူးယစ်ဆေးဝါးများထဲမှ လက်ရှိအချိန်၌ လူငယ်များအကြား ပိုမိုဝင်ရောက်နေသည့် ပြဿနာတစ်ခုမှာ ဘိန်းစာရွက်များ ဖြစ်နေပေသည်။

“အခုဆိုရင် တက္ကသိုလ်ကျောင်းပတ်ဝန်းကျင်တစ်လျှောက်မှာ ဒီကိစ္စတွေကို အမြဲလိုလို ကြုံတွေ့ ကြားသိနေရတယ်။ အခု အခြေအနေအရဆိုရင်WY စိတ်ကြွရူးသွပ်ဆေးပြားတွေအပြင်နောက်ထပ် နောက်ထပ် ပိုပြီး စိုးရိမ်နေရတာကတော့ ဘိန်းစာရွက်တွေပါ။ အခုလို ဖြစ်နေတဲ့ ဘိန်းစာရွက်ပြဿနာကို ဘယ်လို တိုက်ဖျက်ရမလဲဆိုတာ တော်တော် အဖြေရှာရမယ့်ကိစ္စဖြစ်နေပြီး” ဟု မွန်လူငယ် ပညာပေးအဖွဲ့မှ မင်းစိုက်ရော့က သူ့ရဲ့အမြင်ကိုပြောပြသည်။

ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် နိုင်ငံတော် အစိုးရမှ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အန္တရာယ်ဆိုးကျိုးများကို ထုတ်ပြန်ထားပြီဖြစ်သည်။

“အဓိက ဒီလိုမူးယစ်ဆေးဝါးတွေ သုံးစွဲနေတာ မကောင်းဘူးဆိုတာကို ဆေးဘက်ဆိုင်ရာပညာရှင်တွေကရော နိုင်ငံတော်အစိုးရအနေနဲ့ရော ထုတ်ပြန်ထားတာတွေရှိနေပါတယ်။ အဲဒီတော့ မကောင်းတဲ့ဟာကို ဆက်ပြီးသုံးစွဲနေမယ်ဆိုရင် ဘယ်သူထိခိုက်မလဲဆိုရင် အရင်ဦးဆုံး ကိုယ့်ကိုယ်ကိုယ်ပဲ ထိခိုက်မှာဖြစ်တဲ့အတွက် လူငယ်တွေကို ပြောပြချင်တာကတာ့ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ ကိုယ့်ကိုယ်ကိုယ်ချစ်မှ ကျန်တဲ့ကိစ္စ ရှေ့လုပ်ဆောင်နိုင်မှာဖြစ်တယ်”ဟု မင်းစိုက်ရော့က ပြောသည်။

“ဘာလို့လဲဆိုတော့ ဒီမူးယစ်ဆေးဝါးတွေက လူတွေရဲ့ စိတ်ကို စွဲလန်းသွားစေတဲ့အတွက် နောက်ထပ်ကြုံတွေ့လာနိုင်စေမယ့် အခက်အခဲဆိုးကျိုးပြဿနာတွေက ကိုယ်ကိုတိုင်အဓိကရင်ဆိုင် ခံစားကြုံတွေ့ရမှာဖြစ်တယ်။ ဒါနဲ့ မပြီးသွားဘဲ ကိုယ့်ရဲ့မိသားစု ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ ကိုယ့်လူမျိုးတွေပါ တစ်ဆင့်ချင်း တစ်ဆင့်ချင်း ထိခိုက်မှုတွေ အများကြီးဖြစ်သွားမှာဖြစ်တဲ့အတွက်ကြောင့် မူးယစ်ဆေးကို မစခင်ကတည်းက ရှောင်ကျဉ်ကြဖို့ တိုက်တွန်းအကြံပြုချင်တယ်” ဟု၎င်းက ပြောဆိုသည်။

လက်ရှိအချိန်ထိ မူးယစ်ဆေးဝါးများ သုံးစွဲနေသည့် လူငယ်များအနေဖြင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သောဆေးဝါးများ ထပ်မံမသုံးစွဲကြရန်နှင့် မူးယစ်ဆေးဝါးများ သုံးစွဲထားမိပြီး ဆေးစွဲနေသူများ အနေဖြင့်လည်း မိမိကိုယ် မိမိဘဝ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန်အချိန်မီ ဆေးဖြတ်ကုသနိုင်ရန်အတွက် နိုင်ငံတော်မှ အရေးယူ ဆောင်ရွက်မှု မပြုလုပ်ဘဲ လုပ်ဆောင်နေပြီးဖြစ်ကြောင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးညီညီက ဆိုသည်။

“ကျော်သူရော ကျော်ဟိန်းရော နှစ်ယောက် ပြောခဲ့တဲ့ စကားတစ်ခုရှိတယ်။ သူတို့တွေတုန်းကလည်း မူးယစ်ဆေးဝါးကို အလွန်အကျွံသုံးစွဲခဲ့ကြတာပဲ။ သူတို့တွေတောင်မှ ဒီအပြင်
လူတွေအများကြီးကို ဆေးဖြတ်ပေး နိုင်ခဲ့တယ်။ မူးယစ်ဆေးစွဲနေလို့ တစ်ကယ်ဖြတ်ချင်တယ်ဆိုရင် မိမိ စိတ်မိမိနိုင်ဖို့ အဓိကပဲ။ အဲဒီဆေးစွဲနေတဲ့ဝေဒနာကို ၃ ရက်လောက် သည်းခံလိုက်ရင်တစ်ကယ်ဆေးစွဲနေတာပြတ်မှာပါ။ ဆေးရုံတက်ပြီး ဆေးဖြတ်တယ်။ ဆေးရုံက ဆင်းပြီးပြန်သုံးနေရင် အလကားပဲ။ အဓိကတော့ တကယ်ဆေးဖြတ်ချင်တဲ့စိတ်ရှိဖို့လိုမယ်။ အဲဒီလိုသာဆိုရင် ကျွန်တော်တို့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အစစအရာရာ လိုက်လံကူညီဆောင်ရွက်ပေးဖို့ အဆင်သင့်ပါပဲ” ဟု ၎င်းက ဆိုသည်။

မူးယစ်ဆေးဝါးများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးအဖွဲ့တွင် အနှစ် ၂၀ခန့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ရဲမှူးမျိုးညီညီက သူ့ရဲ့ တွေ့ကြုံမြင်တွေ့ခဲ့ရသည့် စိတ်ကြွရူးသွပ်ဆေးပြားနှင့် ပတ်သက်၍ အခုလို ရှင်းပြ ပြောဆိုသည်။

“စိတ်ကြွရူးသွပ်ဆေးပြား သုံးစွဲ သူတွေ သေရင်တော့ အထဲအတွင်းကလိစာတစ်ခုမှမကျန်ဘူး။ HIV ပုံစံမျိုးအထိဖြစ်သွားမယ်။ အဓိကတော့ ခုခံအားကျသွားတာ။ ဒီဆေးပြားအမြဲသုံးစွဲခြင်းအားဖြင့် ရူးသွပ်သွားတာ။ ရူးသွပ်သွားတယ်ဆိုတာ မအိပ်ဘူး။ ဒီစိတ်ကြွရူးသွပ်ဆေးပြားရဲ့ အာနိသင်က ဘာလဲဆိုတော့ မအိပ်တာ။ မအိပ်တာဟာကို ဇိမ်ခံနေရင်တော့ အလကားပဲ။ ကိုယ့်အတွက် မိသားစုအတွက် ဘယ်သူအတွက်မှ အကျိုးမရှိဘူး။ အဲလိုမအိပ်တာကို လုပ်နေရင် သေရင် ငရဲကျမယ်” ဟု ၎င်းက ပြောသည်။

မူးယစ်ဆေးဝါး လျော့ကျ၊ ပပျောက်ရေးအတွက် မွန်လူငယ်အဖွဲ့အနေဖြင့်လည်း သက်ဆိုင်ရာ ဖမ်းဆီးရေးရဲတပ်ဖွဲ့နှင့် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့မှုနှင့် ပတ်သက်ပြီး ဖမ်းဆီးရေးရဲတပ်ဖွဲ့၏ ကြုံတွေ့ရင်ဆိုင်နေသည့် အခက်အခဲများကိုလည်း အခုလို ရှင်းပြထားသည်။

“ဒီလိုမူးယစ်ဆေးဝါးတွေကို တိုက်ဖျက်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ ဆွေးနွေးကြည့်တဲ့ အခါမှာတော့ သူတို့အနေနဲ့ ဒီလို ဖမ်းဆီးအရေးယူဆောင်ရွက်ရမယ့်နေရာမှာ အင်အား
မလုံလောက်တာတွေ ရှိတယ်။ နောက်ဖမ်းဆီးမှုက အရင်ကထက်ပိုပြီး ဖမ်းဆီးအရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတာတွေတော့ရှိတယ်။ ထောင်တွေထဲမှာရော တရားရုံးတွေရော မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး ဖမ်းဆီးအရေးယူထားတာအများကြီးတွေ့မြင်နေရတယ်။

ဒါပေမယ့် တကယ်တမ်း ဖမ်းလိုက်တဲ့ လူတွေအကုန်လုံးဟာ တကယ့်ဒိုင်တွေလို ဖြန့်ချိနေတဲ့သူတွေ မဟုတ်ဘဲနဲ့ ဒီမူးယစ်ဆေးဝါး လေးငါးဆယ်လုံးနဲ့ မိတဲ့ပုံစံမျိုးတွေပဲ ဖမ်းမိနေတာဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စလွယ်လွယ်ကူကူနဲ့ လျော့နည်းပပျောက်သွားမှာ မဟုတ်တဲ့အတွက်ကြောင့် လင်းယုန်လိုစီမံချက်ထက် ကြီးမားတဲ့ စီမံချက်မျိုးနဲ့ နှစ်ဆသုံးဆ လုပ်ဆောင်ဖို့ထပ်မံတိုက်တွန်းချင်တယ်” ဟု မွန်လူငယ်ပညာပေးအဖွဲ့မှ မင်းစိုက်ရော့က ပြောသည်။

ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ၊ ရပ်ကွက် (၂) နေ အောင်နိုင်မင်းနေအိမ်ကို မူးယစ်ဆေးဝါးသတင်းအရ စက်တင်ဘာ ၃ ရက်နေ့က ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ်အရှေ့ကြမ်းပြင်ပေါ်ရှိ အိတ်တစ်ခုအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၁၄ ပြားနှင့် ငွေစက္ကူရောရာ ၂၅,၀၀၀ ကျပ်တို့ တွေ့ရှိ သိမ်းဆည်းရမိခဲ့၍ ခေါဇာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မဖြင့် အမှုဖွင့်ဖမ်းဆီး စစ်ဆေးအရေးယူထားကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှသိရသည်။

အလားတူ သြဂုတ်လ ၁၀ ရက်ည ၁၁ နာရီခန့်ကလည်း မော်လမြိုင်မြို့မြိုင်သာယာရပ်ကွက်ရှိ ဟောလီးဝုဒ် စားသောက်သို့ လာရောက်သည့် ဇော်ခိုင်ဦး (၃၇ နှစ်) နှင့် ဇော်မျိုးထက်ဦး (ခ) ဖိုးဇော် (၂၈ နှစ်) တို့နှစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၂၆ ပြားနှင့်ဆက်စပ်ပ္စည်းများကို မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ၊ မှုခင်းအကူဌာနစုမှ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်ဖမ်းဆီးအရေးယူထားခဲ့ကြောင်း သိရသည်။

“မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့စီမံချက်တွေက ရှိနေပြီးသားပါ။ အဓိကပြည်သူတွေ ပူးပေါင်းပါဝင် သတင်းပေးဖို့လိုတယ်။ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်မြို့နယ်၊ ကိုယ့်ရပ်ကွက်ကျေးရွာတွေမှာ မူးယစ်ဆေး ရောင်းဝယ်သုံးစွဲနေတာတွေ နောက်ပြီး ကိုယ့်မိသားစုမှ သုံးစွဲနေတာတွေကို သတင်းပေးမှ မူးယစ်ဆေး လျော့နည်း ပပျောက်သွားမှာဖြစ်တယ်” ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး ပြောဆိုသည်။

မူးယစ်ဆေးဝါးများ လျော့နည်းပပျောက်စေရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အခြားအဖွဲ့အစည်းများ အနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကား ဖြန့်ချိနေသူများကို လိုက်လံစုံစမ်းဖော်ထုတ်လျက်ရှိပြီး ပြည်သူလူထုများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်အဓိကလိုအပ်ကြောင်း ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောသည်။

“မူးယစ်ဆေးတွေနဲ့ ပတ်သက်ရင်မွန်ပြည်နယ်ကို ဝင်ရောက်နေတဲ့ လမ်းကြောင်းတွေက တအားများနေတယ်။ မူးယစ်ဆေးဝါးသုံးစွဲမှုပုံစံတွေကလည်း အမျိုးမျိုးရှိနေတယ်။ ဒီစိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့တင် မဟုတ်ဘူး။ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိန္ဒိယနိုင်ငံက ဝင်လာတဲ့ မူးယစ်ဆေးဝါးပုံစံမျိုးတွေ ဘိန်းစာရွက်လို မူးယစ်စေတတ်တဲ့ အပင်မျိုးတွေ ထိုင်းနိုင်ငံဘက်က ဝင်ရောက်လာတဲ့ ဘိန်းစာရွက်တွေ ရှိနေတယ်” ဟု ချောင်းဆုံမြို့နယ်မှ စာရေးဆရာ ဦးအေးကြူက ဆိုသည်။

လူငယ်အများစုတွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ယခင်ကထက် ပိုပြီး ဝယ်ယူသုံးစွဲနိုင်သည့် နည်းလမ်းများစွာ ရှိနေကြောင်း ဦးအေးကြူက သူ့ရဲ့ အမြင်ကို ပြောဆိုသည်။

“အခုက ပုံစံအမျိုးမျိုးနဲ့ လာတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပုံစံအမျိုးမျိုးနဲ့မူးယစ်ဆေးတွေ သုံးစွဲနေတဲ့ လူငယ်တွေကိုလည်း အများကြီး မြင်တွေ့နေရတယ်”ဟု ၎င်းက ဆိုသည်။
မွန်ပြည်နယ်အတွင်းသို့ နည်းလမ်းမျိုးစုံဖြင့် ဘိန်းဖြူ၊ ICE၊ ဆေးခြောက်၊ စိတ်ကြွရူးသွပ်ဆေးပြားများအပြင် ဘိန်းစာရွက်များကဲ့သို့ သောမူးယစ်ဆေးဝါးများပါ ဝင်ရောက်နေပြီးလူငယ်များအတွက် အဆိုပါမူးယစ်ဆေးဝါးများကို လွယ်လွယ်ကူကူ ဝယ်ယူရရှိနေမှုများရှိနေကြောင်း ဦးအေးကြူက ပြောဆိုသည်။

“ဒီလို မူးယစ်ဆေးဝါးတွေကို သေသေချာချာ ထိထိရောက်ရောက် မတားဆီးမနှိမ်နင်းနိုင်ဘူးဆိုရင် နိုင်ငံရဲ့ရှေ့ရေးလည်း မလွယ်သလို လူ့စွမ်းအားအရင်းမြစ်တွေလည်း အများကြီး ဆုံးရှုံး ထိခိုက်နိုင်တယ်”ဟု ၎င်းကပြောသည်။ စာရေးဆရာ ဦးအေးကြူကလည်း မူးယစ်ဆေးဝါး အန္တရာယ်ကို လျော့ကျပပျောက်စေရေးအတွက် ထိထိရောက်ရောက်တားဆီကာကွယ်ရန်အတွက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့နှင့် အတူ ပြည်သူလူထုတစ်ရပ်လုံး ဟန်ချက်ညီညီဖြင့် ပူးပေါင်းပါဝင်လုပ်ဆောင်ကြရန်လိုအပ်ကြောင်း အကြံပြု တိုက်တွန်းထားသည်။

“ကျွန်တော်တို့က မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနဲ့ထောင်ကျခဲ့တယ်။ ထောင်ထဲမှာ ဒီပြစ်ဒဏ်တွေကို ခံရတော့မှ ဒီမူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို သိမြင်ခဲ့ရတဲ့အတွက် လူငယ်တွေကို ပြောပြချင်တာက ဒီမူးယစ်ဆေးဝါးတွေဟာ ကိုယ့်အတွက်ရော၊ ကိုယ့်မိသားစုအတွက်ပါ အကျိုးမပြုတဲ့အတွက် အစမ်းသဘောမျိုးနဲ့တောင်မသုံးကြဖို့ တိုက်တွန်းချင်တယ်” ဟု မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ကျလွတ်မြောက်လာခဲ့သူ ကိုသားငယ်က ပြောဆိုသည်။

ခေတ်မင်း

Advertisements
<

Leave a Reply