Advertisements

ရန်ကုန်၊ ဇူလိုင်

မွန်ပြည်နယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မွန်ပြည်သစ်ပါတီနှင့် မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး မင်းဗညားစန်းကပြောသည်။

ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ်တွင် ယနေ့ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း မိတ်ဆက်ပွဲမှာ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် မွန်လုပ်ငန်းရှင်များအသင်းနှင့် မွန်ပြည်သစ်ပါတီတို့ ပူးပေါင်းဆောင်ရွက်ရန်အတွက် ဆွေးနွေးပွဲ အခြေခံ ဆယ်ချက်ရှိပြီး မွန်ပြည်သစ်ပါတီနှင့် သီးခြားတွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ သူတို့ကလည်း ကျွန်တော်တို့ကို ဘာကူညီနိုင်မလဲ။ ကျွန်တော်တို့ကလည်း သူတို့ကို ဘာကူညီနိုင်မလဲ အဲဒါတွေဆွေးနွေးသွားဖို့များပါတယ်”ဟု မင်းဗညားစန်းကပြောသည်။

ပြည်နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြုလုပ်ရန်အတွက် အခွင့်အလမ်းများရရှိလာပါက မွန်လုပ်ငန်းရှင်းများအသင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိမှာ မည်သည့်အခွင့်အရေး ရမည်ကို မသိရှိသေးကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောသည်။

“ ကျွန်တော်တို့ NCA ထိုးထားပြီးရမယ့် အခွင့်အလမ်းနဲ့ မွန်လုပ်ငန်းရှင်များအသင်းရဲ့ ရင်းနှီးမြုပ်နှံမှုနဲ့ပေါင်းစပ်လိုက်ရင် မွန်ပြည်နယ်က တစ်ချက်တည်း တိုးတက်သွားမှာပါ။”ဟု နိုင်အောင်မငေးကပြောသည်။

ယင်းကြောင့် မွန်ပြည်သစ်ပါတီအနေဖြင့် ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ပူးပေါင်းညှိနှိုင်းသွားရမည်ဖြစ်ကြောင်း သိရသည်။

“ ဒါကတော့ အသေးစိပ် ဆွဲရမှာပေါ့ ။ မွန်လုပ်ငန်းရှင်များအသင်းကလည်း သူတို့လုပ်မှာက ဒေသကောင်းစားရေးပေါ့နော် မွန်လူမျိုးတွေကောင်းစားရေးဆိုတော့ ကျွန်တော်တို့က သူတို့ကိုပဲ အားကိုးရမှာ။”ဟု ၎င်းကပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးရေးအတွက် အစိုးရ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး PPP လုပ်ငန်းစဉ်များမှတစ်ဆင့် ကြိုးပမ်းနေကြောင်း ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးတွင် ပြောကြားခဲ့သည်။

သို့သော်လည်း အဆိုပါ PPP စနစ်မှ တိုင်းရင်းသားဒေသများဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် မည်သည့်အခွင့်အလမ်းများပေးမည်ကို သိရှိနိုင်ရန် လိုအပ်ပြီး အထောက်အပံ့များ ရရှိလာပါက မွန်ပြည်နယ်အနေဖြင့် တရှိန်ထိုး တိုးတက်နိုင်မည်ဖြစ်ကြောင်း မွန်ပြည်သစ်ကယူဆထားသည်။

လက်ရှိမှာတော့ မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရမှ ငွေကြေးထောက်ပံ့မှုများ၊ အဆက်အသွယ်နှင့် မူဝါဒများ ချမှတ်ပေးရမည်ဖြစ်ပြီး နယ်မြေဒေသအေးချမ်းရေးနှင့် အခြေခံအဆောက်အဦးများ ရရှိရန် လိုအပ်ကြောင်း တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းထံမှသိရသည်။

Written by အောင်ကျော်ထွန်း

Advertisements
<

Leave a Reply