မွန်ပြည်နယ်မှာ အလုပ်လုပ်ချင်တယ်

“ကိုယ့် မြန်မာနိုင်ငံမှာ အလုပ်လုပ်ချင်တယ်”ဟု အသက် ၃၂ အရွယ် မိခင် တစ်ဦးက ပြောပြသည်။
မိတင်တင်မြင့်ဟုခေါ်ဆိုသော သူမတွင် အသက် ၂ နှစ် အရွယ် သား တစ်ယောက် ရှိသည်။ သူမတို့ လင်မယားနှစ်ယောက်သည် ၂၀၁၃ ခုနှစ်ကတည်းက ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေကြသူများ ဖြစ်သည်။
ယင်းမတိုင်မီက မုဒုံမြို့နယ်၊ ကောာ့ပိထော်ကျေးရွာမှာ နေပြီး ကောက်စိုက်၊ ရော်ဘာစေး ခြစ်သည်။ ထို့အပြင် ဆံပင်လည်းညှပ်၏။
သို့သော်လည်း သူတို့ ကောက်စိုက်၊ ပျိုးနုတ်မှ ရရှိသည့် ပိုက်ဆံ ၄၀၀၀ ၊ ၅၀၀၀ ကြောင့် မိသားစု စားဝတ်နေရေး အဆင်မပြေ၍ သားကို ခွဲပြီး အလုပ်လုပ် လာလုပ်နေကြခြင်း ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ၂၀၁၄ သန်းခေါင်စာရင်းအရ မွန်ပြည်နယ်မှ လေး သိန်း ကျော် လူဦးရေသည် ထိုင်းနိုင်ငံ အပါအဝင် မလေးရှား နိုင်ငံတို့တွင် အများဆုံး အလုပ်လုပ်ကိုင်နေကြသည်။
ထိုအထဲတွင် သူတို့လို မိသားစုနှင့် ခွဲပြီး အလုပ်လုပ်သော ဘဝ ပေါင်း များစွာ ရှိနေ၏။

ဘာကြောင့် ပြည်ပထွက်ရသလဲ

မွန်ပြည်နယ်သည် စိုက်ပျိုးရေးကို အခြေခံသော ပြည်နယ် တစ်ခု ဖြစ်သည့် အလျောက် ရော်ဘာ၊ စပါး၊ ဥယျာဉ်ခြံ စိုက်ပျိုး ခြင်းတို့ကို လုပ်ကိုင်ကြသည်။

ထို လုပ်ငန်းများသည် ရာသီအလိုက်သာ လုပ်ကိုင်ရသော အလုပ်မျိုးသာ ဖြစ်သည်။ စပါး ဆိုလျှင် မိုးဦးကာလနှင့် ရိတ်သိမ်းချိန် ကာလ၌သာ အလုပ်ရှိကြပြီး ကျန်ကာလများတွင် အလုပ်လက်မဲ့ ပြဿနာနှင့် ရင်ဆိုင်ကြရ၏။
ထို့အတူ ရော်ဘာ၊ ဥယျာဉ်ခြံနှင့် ငါး ဖမ်း လုပ်ငန်းတို့မှာလည်း ရာသီအလိုက် လုပ်ငန်းများ ဖြစ်နေသည့်အပြင် ပုံမှန် ဝင်ငွေ မရသော လုပ်ငန်းများ ဖြစ်နေပြန်သည်။

“ကိုယ့်နိုင်ငံမှာ အလုပ်မရှိဘူး ၊ အလုပ်မရှိတော့ စားဖို့ မလုံလောက်ဘူးလေ၊ ဒီမှာက လုပ်သလောက် ပိုက်ဆံရတယ်”ဟု တယ်လီဖုန်းမှတစ်ဆင့် မိတင်တင်မြင့်ကပြော၏၊

၎င်းသည် ထိုင်းနိုင်ငံရှိ ကုန်စုံဆိုင်၌ ဈေးရောင်းသော အလုပ်ကို လုပ်ကိုင်ပြီး၊ ယောင်္ကျားဖြစ်သူမှာ စက်ရုံ၌ ညစောင့်သော အလုပ်ကို လုပ်ကိုင်ကြသည်။ သူတို့ လင်မယား နှစ်ယောက် အချိန်ပို လုပ်ခပါထည့်ပေါင်းလျှင် လစဉ် ပိုက်ဆံ လေး သိန်း ခန့် စု မိကြောင်း သူမက ပြောပြသည်။

မော်လမြိုင် သံလွင်ဈေး ငါး ဒိုင်တွင် အလုပ်လုပ်နေသူ အသက် ၂၃ နှစ်အရွယ် လူငယ် မောင်သန့်ဇင်အောင်သည်လည်း မိတင်တင်မြင့်တို့ကဲ့သို့ပင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်သွား လုပ်ချင်နေ၏။ အကြောင်းမှာ သူ ရသော တစ်နေ့ လုပ်ခ ၂၀၀၀ ကျပ်သည် ပုံမှန် မရှိပေ။ တစ်ခါ တစ်ရံတွင် အိမ်အတွက် ဟင်းစား ငါးသာ ရရှိနေသည်။

ထို့ကြောင့် သူ စိတ်ကူးမှာ တစ်လလျှင် ကျပ် တစ်သိန်းခွဲ ခန့် ရမည့် ပုံမှန် အလုပ်မျိုးကို လုပ်ချင်နေရခြင်းပင်။
“ဖြစ်နိုင်ရင် ကျွန်တော် ပိုက်ဆံများများရတဲ့ ယိုးဒယားဘက်ကို သွားချင်တယ်။ ကျွန်တော်တို့ဆီက လူတွေက လူလူချင်းနှိမ်ဖို့ပဲသိတာလေ။ နောက်ပြီးတော့ ပိုက်ဆံလည်း ရနည်းတယ်။ အလုပ်ရဖို့ကလည်း မလွယ်ဘူးလေ”ဟု သူက ဆိုသည်။

မွန်ပြည်နယ်မှာ အလုပ်ရဖို့ခက်

မောင်သန့်ဇင်အောင်ပြောသလိုပင် မွန်ပြည်နယ်တွင် အလုပ်အကိုင် အခွင့်အလမ်း များများ စားစား မရှိပေ။ ပုံမှန် လုပ်နိုင်သော အလုပ်မှာလည်း ဖုန်းအရောင်းဆိုင်၊ ဘဏ်လုပ်ငန်း၊ ဆိုင်ကယ်ပြုပြင်ရေး လုပ်ငန်း၊ ဟိုတယ်နှင့် ဝန်ဆောင်မှု လုပ်ငန်း စသဖြင့် အချို့သာ ရှိနေသည်။

အလုပ်လျှောက်ထားသည်မှာ တစ်နှစ်ကျော် ကြာပြီ ဖြစ်သော်လည်း ယနေ့အချိန်အထိ အလုပ်မရသေးသော ဒုတိယနှစ် အဝေးသင် ကျောင်းသူ မိအိပွင့်ဖြူ၏ ခံစားချက်က ယခုလိုပင်။

“ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုမှာ ရုံးအလုပ်ရဖို့ အလုပ်သွားလျှောက်တယ်၊ တစ်နှစ်ကျော်တဲ့ အထိ အကြောင်းမပြန်ဘူး”ဟူ၍။

သူမ အလုပ်မရသည့် အရင်းခံ အကြောင်းမှာကား ဘွဲ့မရသေးခြင်းပင်။ ဘွဲ့ရ ဖြစ်ရမည် ဟူသော အရည်အချင်း တစ်ခုသာ သူမတွင် မရှိ၊ သို့သော် ကျန် အချက်များဖြစ်သည့် ကွန်ပျူတာ စာစီစာရိုက်အပါအဝင် ၊ နေရေး သွားရေးမှာမူ သူမ အတွက်အဆင်ပြေ၏။

ထိုအခြေနေကို မော်လမြိုင်ရှိ ပုဂ္ဂလိက ဘဏ်တစ်ခုတွင် အလုပ်လုပ်နေသည့် မသက်ထားဆွေက ယခုလို မှတ်ချက်ပြုသည်။

“မြန်မာနိုင်ငံမှာတော့ အလုပ်တစ်ခုရဖို့မလွယ်တာတော့အမှန်ပဲ။ သူများနိုင်ငံတွေမှာဆို ကျောင်းတက်နေတဲ့သူတွေ၊ အချိန်ပိုအလုပ်လုပ်ချင်တဲ့သူတွေအတွက် အချိန်ပိုင်းအလုပ်တွေရှိတော့ အဆင်ပြေတာပေါ့”ဟူ၏။

မသက်ထားဆွေ သည် အစိုးရ ဝန်ထမ်းအဖြစ် လုပ်ဖူးသူ တစ်ဦးလည်း ဖြစ်သည်။ သူမ အစိုးရ ဝန်ထမ်း ဖြစ်ရေးအတွက် ပိုက်ဆံပင်ပေးခဲ့ရ၏။

ဘွဲ့ရပြီးနောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ ဝန်ထမ်းခေါ်သည်နှင့် ကြုံတွေ့၍ အိမ်ဘေးနားရှိ ဦးလေးအရွယ်တစ်ဦးမှာ ထွေ/အုပ်မှာ အလုပ်လုပ်ချင်လည်း သူ လုပ်ပေးမည် ငွေ သုံး သိန်းပေး ဟူ၍ တောင်းဆိုခဲ့ကြောင်း ၊ မိဘများကလည်း အစိုးရ ဝန်ထမ်းဖြစ်လည်း အိန္ဒြေရသည်ဟုဆိုကာ ငွေ ပေး၍ လုပ်ကိုင်ခဲ့ရကြောင်း မသက်ထားဆွေကပြန်ပြောင်းပြောသည်။

ထိုငွေကိုလည်း ရသည့် လစာ တစ်သိန်း နှစ်သောင်းမှ တစ်လလျှင် ငါးသောင်း ပေးခဲ့ရသည့်အခြေအနေ။
“မြန်မာနိုင်ငံမှာက အလုပ်တစ်ခုလွယ်လွယ်ရဖို့ဆိုရင် အသိရှိမှရမယ်။ အဓိကက အဆက်အသွယ်နဲ့ ငွေပဲ၊ အဲဒါရှိရင် အားလုံးအဆင်ပြေနိုင်တယ်။ ကိုယ့်အစွမ်းအစနဲ့ အလုပ်လိုက်လျှောက်နေမယ်ဆိုရင် တော်တော်နဲ့ မရနိုင်ဘူး”ဟု မသက်ထားဆွေက ဆိုသည်။

အလုပ်အကိုင် အခွင့်အလမ်း

ထိုအခြေအနေတွင် ၂၀၁၇ အတွင်း မွန်ပြည်နယ် အလုပ်သမား ဦးစီးဌာန၏ စာရင်းကိုကြည့်မည်ဆိုလျှင် အလုပ်သမားမှတ် ပုံတင်ကတ်ပြား ပြုလုပ်ထားသူ ၁၃၁၃၇ ဦးရှိသည့်အနက် အလုပ်ရရှိသူ ၂၂၈၀ ဦးသာ ရှိကြောင်းတွေ့နိုင်သည်။
ထို့အပြင် ၂၀၁၈ ဇန်နဝါရီလမှ ဇူလိုင်လအထိ ၇ လအတွင်း လေဘာကတ် ပြုလုပ်ထားသူ ၁၂၃၀၉၄ ဦးတွင်လည်း အလုပ်ရရှိသူမှာ ၂၂၁၇ ဦးသာ ရှိနေပြန်သည်။ ထို့ကြောင့် အဆိုပါစာရင်းအရ အလုပ်လက်မဲ့ ဖြစ်သူမှာ ၁၁၅၇၁၁ ဦးအထိ ရှိ၏။
မွန်ပြည်နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ ည့ွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ထွေးကတော့ “သက်ဆိုင်ရာမြို့နယ်၊ ကျေးရွာ၊ အုပ်ချုပ်ရေးမှုုး တွေနဲ့ချိတ်ဆက်တယ် လေဘာကတ်လုပ်ချင်တဲ့သူရှိမယ် အလုပ်ခန့်ထားရေးကိစ္စဆောင်ရွက်ချင်တဲ့ ပုဂ္ဂလိက သော်လည်းကောင်း၊ အစိုးရသော်လည်းကောင်း၊ အသိပေးမယ်၊ သူ့မြို့ထဲမှာ အလုပ်သမားလိုရင် ကိုက်ညီတဲ့ စာရင်းနဲ့ ခန့်ထားပေးတယ်”ဟု ပြောသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့မှ ပအိုဝ်းတိုင်းရင်းသား ရေးရာ ဝန်ကြီး ဒေါ်စံဝင့်ခိုင်ကမူ အစိုးရအဖွဲ့အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာရေးအတွက် ဆွေးနွေး တိုင်ပင်ထားသည်ဟု ဆိုသည်။ သို့သော်လည်း ရင်းနှီးမြှုပ်နှံများ ဝင်ရောက်ရန် မျှော်လင့်နေရသည်ဟု ၎င်းကဆက်ပြောသည်။

ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန်အတွက် မြေလွတ်မြေရိုင်းကို သင့်လျော်သော နှုန်းဖြင့် ဌားရမ်းပေးခြင်း၊ လျှပ်စစ် အလုံအလောက် ပေးခြင်းစသည့် မက်လံးုများ ပေး၍ ဖိတ်ခေါ်နေသော်လည်း လက်ရှိ စမ်းတဝါးဝါး အခြေအနေသာ ရှိနေသည်ဟုလည်း ဒေါ်စံဝင့်ခိုင်က ဝန်ခံသည်။

တဆက်တည်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပါက အလုပ်သမားများ ခန့်အပ်နိုင်ရေးအတွက် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သက်မွေး သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိပြီး ၂၀၁၆ မှ ၂၀၁၈ အတွင်း သင်တန်းသား ၅၀၀၀ ကျော်ကို သင်တန်း ပေးထားကြောင်းလည်း ပြော၏။

သင်တန်းများတွင် ကျေးရွာစက်ပြင်သင်တန်း၊ လျှပ်စစ်မီး ဆက်သွယ် သင်တန်း၊ ပန်းရန်လုပ်ငန်း၊ ကွန်ပျုတာ၊ စက်ချုပ်၊ အလှပြင်၊ အရောင်းစာရေးသင်တန်း၊ ပိုက်ဆက် ပိုက်ပြင်သင်တန်း စသဖြင့်ပါဝင်ကြောင်းတွေ့ရသည်။

အလုပ်သမားကျွမ်းကျင်ရဲ့လား

သို့သော်လည်း အလုပ်ရှင် အများစုလိုချင်သည့် ကျွမ်းကျင် အလုပ်သမားရရှိမှုအခြေအနေအပေါ် ပေါင်မြို့နယ်ရှိ Long life Aggregate Mining Co.Ltd ဒါရိုက်တာ ဦးအောင်သက်ဌေးပေးသည့် မှတ်ချက်ကတော့ ယခုလိုပင်။

“ကျွန်တော်ဆီမှာက စက်ယန္တရားတွေပါလာတော့ အဲဒီစက်တွေကို ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်မယ့် လူမျိုးလိုအပ်တာပေါ့။ ကျွန်တော်တို့ကတော့ ဒေသလူတွေကို ခေါ်သုံးချင်တာပေါ့။ ယန္တရားပိုင်းတွေမှာဖြစ်ဖြစ်၊ မရဘူးဆိုမှ တခြားကအလုပ်သမားရှာနေရတယ်”ဟူ၍။

ထိုအခြေအနေနှင့် ပတ်သက်ပြီး ဝီမွန်ရိုးရာအထည်ချုပ် လုပ်ငန်းမှ ဒီဇိုင်နာ မခင်စန်းဝင်းကလည်း ယခုလို မှတ်ချက်ပြု၏။
“ကျွမ်းကျင်ပြီးသားလူဆိုရင်တော့ ညီမတို့အတွက်လည်း အဆင်ပြေတာပေါ့။ ဘယ်လိုပုံစံလေး လုပ်မယ်ဆိုရင် သူက မြင်တယ်လေ”ဟူ၍။

အခြားသောသက်ရောက်မှု

ထိုသို့ အခြေအနေအပြင် ရော်ဘာ ဧကပေါင်း ငါး သိန်း ကျော် ရှိသည့် မွန်ပြည်နယ်တွင် အစေးခြစ်နိုင်သည့် ဧသ သုံးသိန်း ကျော်အနက် ဧကပေါင်းနှစ်သိန်း၌ အလုပ်သမား မရှိခြင်းကြောင့် ဒီအတိုင်းပစ်ထားရသည်ဟူ၍လည်း မွန်ပြည်နယ် ရော်ဘာ လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်ထံမှသိရသည်။

“ကျွမ်းကျင်တဲ့လုပ်သားတွေက အပြင်ထွက်သွားတယ်။ နောက်ထပ် ရောက်လာတဲ့လုပ်သားတွေက ကျွမ်းကျင်မှုမရှိဘဲ ရော်ဘာခြစ်ရင် အပင်နာတယ်။ အဲဒါက အခက်အခဲပေါ့။ ထွက်သွားတဲ့နေရာမှာ အစားပြန်ဝင်တဲ့သူက မကျွမ်းကျင်ရင် အခက်အခဲရှိတယ်၊ နှစ်မျိုးရှိတာပေါ့။ ကျွမ်းကျင်သူမရှိဘူး။ ရှိတဲ့သူကလည်း သိပ်မကျွမ်းကျင်ဘူး”ဟု ၎င်းက ပြောပြ၏။
ထို့ကြောင့်ကိုယ်ပိုင် ခြံတွင်အလုပ်သမား မရှိ၍ နိုင်ကျန်ရစ်ကိုယ်တိုင် အစေးခြစ်ရသည်မှာ လေး နှစ်ကျော်ရှိပြီ။
မွန်ပြည်နယ်တွင် ရော်ဘာ အစေးခြစ် သင်တန်းကို မုဒုံမြို့နယ်ရှိ စိုက်ပျိုးရေးဌာနတွင် သင်တန်းပေးနေသော်လည်း လိုအပ်ချက် မပြည့်သေးကြောင်း ၎င်းက ထောက်ပြ ပြောဆိုသည်။

မူဝါဒဘယ်မှာလဲ

မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးကတော့ အလုပ်အကိုင်အခွင့်အလမ်း၊ လုပ်ငန်းခွင်မက်လုံး၊ ကျွမ်းကျင်လုပ်သားရရှိမှုစသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ယခုလိုမှတ်ချက်ပြု၏။
“အစိုးရကတော့ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်ဖို့အတွက် စဉ်းကို စဉ်းစားရမယ်”ဟူ၍ပင်။

အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရာတွင် ဘွဲ့ရပညာတတ်များနှင့် သက်ဆိုင်သည့် အလုပ်မျိုးအပြင် ဘွဲ့မရသူများအတွက်လည်း သီးခြား လုပ်နိုင်မည့် အလုပ်ရုံများ၊ ကျားမ ညီမျှအောင် လုပ်နိုင်မည့် အလုပ်ရုံ၊မိန်းကလေးများသည့် နေရာများတွင် အထည်ချုပ်စက်ရုံလိုမျိုးကို အစိုးရအနေဖြင့် လုပ်ဆောင်ရန် လိုအပ်သည်ဟု ဒေါက်တာ အောင်နိုင်ဦးက ထောက်ပြသည်။

ယင်းအပြင် အလုပ်သမား အရည်အသွေး တိုးတက်ရေးအတွက်လည်း အစိုးရအနေဖြင့် အရည်အသွေး မြှင့်တင်ရေး သင်တန်းကျောင်းများ ဖွင့်လှစ်ရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် အစိုးရအနေဖြင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်းတီးနိုင်ရေး မူဝါဒ တစ်ရပ် ချမှတ်၍ ဆွဲဆောင်ရန် လိုအပ်နေသည်ဟုလည်း ၎င်းကဆက်ပြော၏။

နိုင်ငံတကာ အစိုးရ အချို့သည် ဒေသတွင်းရှိ အလုပ်သမားအင်အားများ အလုပ်ရရှိရေးအတွက် ရုံးဖွဲ့စည်းပုံများ ပြင်၍ ဝန်ထမ်းမတိုးဘဲ နေ့စား လပေး အလုပ်သမား ခန့်အပ်မှုကဲ့သို့သော အစိုးရမှ အရှုံးခံ အလုပ်အကိုင်ပေးခြင်းတို့ ဖော်ဆောင်ရန် လိုကြောင်းနှင့် မြို့ကြီးများတွင် တည်ဆောက်နေသော စက်ရုံ၊ အလုပ်ရုံများကို ပြည်ထောင်စု အစိုးရနှင့် တိုင်ပင်ပြီး ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရန် ရွှေ့ပြောင်း တည်ဆောက်ရန် လိုအပ်ကြောင်းလည်း ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

အဆိုပါအခြေအနေအရပ်ရပ်အပေါ် မွန်ပြည်နယ် စိုက်ပျိုမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ယခုလို ပြောထား၏။

“ကျွန်တော်တို့ အစိုးရအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်း ဒီထက် ပိုရဖို့ ကြိုးစားနေတယ်”ဟူ၍။
ဒေါက်တာအောင်နိုင်ဦးကမူ “အစိုးရမှာက အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးဖို့ ဘယ်မူဝါဒမှ ချမှတ်ပြီး လုပ်ဆောင်နေတာ မတွေ့ရသေးဘူး”ဟုမှတ်ချက်ပြုထားပါသည်။

Written by ထိုက်ထိုက်၊ ဂေထော

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.