မော်လမြိုင်၊ စက်တင်ဘာ ၁၉

မွန်ပြည်နယ်ဈေးကွက်အတွင်းရှိ ရောင်းချနေသည့် ငရုတ်သီးမှုန့်တိုင်းတွင် ကင်ဆာဖြစ်စေသော Aflatoxin B1 မှိုအဆိပ်ပါဝင်မှုနှုန်းမှာ တစ်နိုင်ငံလုံးတွင် အမြင့်ဆုံးရှိနေကြောင်း စစ်ဆေးတွေ့ရှိရခြင်းကြောင့် ပြည်သူများအနေဖြင့် FDA ထောက်ခံချက်ရရှိထားသည့် ငရုတ်သီးမှုန့်များကိုသာ ရွေးချယ် စားသုံးကြရန် ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က တိုက်တွန်းနှိုးဆော်လိုက်သည်။

ယခုကဲ့သို့ နှိုးဆော်ရခြင်းမှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာမှ စတင်ပြီး ငရုတ်သီးမှုန့်များကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ မှ ယင်းသို့တွေ့ရှိရသည့်အတွက် ပြည်သူများအနေဖြင့် ရွေးချယ်စားသုံးကြရန် လိုအပ်ကြောင်း ပြည်နယ် FDA မှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ စိုးနိုင်က သတိပေး ပြောကြားသည်။

“Aflatoxin B1 ဖြစ်တဲ့ အနေအထားဟာ မွန်ပြည်နယ်က မြန်မာနိုင်ငံမှာ ထိပ်ဆုံးရောက်နေတယ်။ မွန်ပြည်နယ်က မှိုဖြစ်ပွားမှု အရမ်းများတယ်”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထောက်ခံချက်ရရှိထားသော ငရုတ်သီးမှုန့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို အနီးကပ်ကြီးကြပ်ရန်နှင့် ထုတ်လုပ်မှု အပတ်စဉ်အလိုက် Aflatoxin B1 ပါရှိခြင်း ရှိ မရှိ စစ်ဆေးရန် ညွှန်ကြားထားကြောင်း ၎င်းက ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက FDA ထောက်ခံချက်ရရှိထားသော ငရုတ်သိးမှုန့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို အနီးကပ်ကြီးကြပ်၍ ထုတ်လုပ်မှုအပေါ် အပတ်စဉ်အလိုက် Aflatoxin B1 ပါဝင်ခြင်း ရှိ၊ မရှိစစ်ဆေးရန် ညွှန်ကြားထားကြောင်း၊ စစ်ဆေးတွေ့ရှိပါက ဈေးကွက်အတွင်းရောင်းချမှုကို ပိတ်သိမ်းသွားမည်ဖြစ်သော်လည်း စားသုံးသူများအနေဖြင့် မိမိကျန်းမာရေးအတွက် FDA ထောက်ခံချက်ပါရှိသည့် တံဆိပ်ကိုသာ ရွေးချယ်စားသုံးကြရန်လိုအပ်ကြောင်း၊ ယင်းမှိုအဆိပ်မျာ အသည်း၌အမာရွက်ဖြစ်ခြင်း၊ အသည်းကြွပ်ခြင်း၊ အသည်းခြောက်ခြင်းတို့ကိုဖြစ်စေပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဦးနှောက်သေး၊ ဉာဏ်ရည်မမီသည့် ကလေးများမွေးဖွားနိုင်ကြောင်း ကျွမ်းကျင်ဆရာဝန်ကြီးများက ပြောကြားထားသည်။

“ငရုတ်သီးမှုန့်တွေမှာ မှိုအဆိပ်ပါနေတာတော့ ကြားမိတယ်။ ဒီလို ရောဂါကြီးတွေ ဖြစ်နိုင်တာတော့ မသိဘူး”ဟု မော်လမြိုင်မြို့မှ ဘိုကုန်းရပ်ကွက်နေ ဒေါ်အေးမော်က ဆိုသည်။

မွန်ပြည်နယ်တွင် ထောက်ခံချက်ရရှိထားသည့် ငရုတ်သီးမှုန့် လုပ်ငန်းများမှာ ကိုလှထွန်း၊ နံပါတ်ဝမ်း၊ ဝင့်ထည်ဖြိုးမောက် (ရှူးရှဲတံဆိပ်) ၊ ဦးငွေစိုး၊ ရွှေကျီး-ရွှေဝတီ လုပ်ငန်းတို့သာဖြစ်ကြောင်း မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန စာရင်းများအရ သိရသည်။

Written by – ဇော်ထိုက်

Leave a Reply