မော်လမြိုင်၊ စက်တင်ဘာ

မွန်ပြည်နယ်အတွင်းမှ ရော်ဘာစိုက်တောင်သူများကို ချေးငွေများ ထုတ်ပေးသွားမည် ဖြစ်ကြောင်း ပြည်နယ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာန၊ မြန်မာလယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲ မှ ပြည်နယ် မန်နေဂျာ ဦကျော်စွာလှိုင်က ပြောကြားသည်။

ရော်ဘာခြံပိုင်ရှင်များအတွက် လုပ်သားခ၊ လိုအပ်သော ပစ္စည်း ကိရိယာများနှင့် ဓာတ်မြေသြဇာများ အလုံအလောက် ဝယ်ယူနိုင်စေရန်ရည်ရွယ်ပြီး ယင်းသို့ချေးငွေ ထုတ်ပေးရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“အရင်တုန်းက ရော်ဘာချေးငွေတွေ မရှိဘူး။ အခုမှ ရော်ဘာတောင်သူတွေကို ချေးငွေ ထုတ်ပေးဖို့အတွက် စက်တင်ဘာလ ၅ ရက်နေ့က ကျွန်တော်တို့ နေပြည်တော်မှာ ညှိနှိုင်းဆွေးနွေးခဲ့ပြီးဖြစ်တယ်၊ ဘယ်အချိန်ထုတ်ပေးမလဲဆိုတာကို မသိတော့ဘူး” ဟု ၎င်းက ဆိုသည်။
ယခုအခါ ဖော်ပြပါကိစ္စအတွက် စက်တင်ဘာလ တတိယအပတ်တွင် ရော်ဘာစိုက်တောင်သူ ဦးရေနှင့် စိုက်ဧကများကို စာရင်းကောက်ခံခွင့်ပြုရန် ပြည်နယ်အစိုးရထံ တင်ပြထားကြောင်း ၎င်းက ပြောသည်။

“ဒီစာရင်းတွေ ရပြီးရင် ကျွန်တော်တို့ ရုံးချုပ်ကို တင်ပြသွားမယ်။ ပြီးတော့ စည်းကမ်းချက်၊ အတိုးနှုန်းနဲ့ နှုန်းထား၊ ချေးငွေကာလတွေကို သတ်မှတ်သွားမယ်” ဟု ဦးကျော်စွာလှိုင်က ဆိုသည်။

ရေးမြို့နယ် အပါအဝင် မြို့နယ် ၆ ခု၌ အဆင်မြှင့်ရော်ဘာသန့်စင်စက်ရုံများ တည်ဆောက်သွားရန်အစီအစဉ် ရှိကြောင်း ရေးမြို့နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။

“ဒီလိုမျိုး ကျွန်တော်တို့ကို ချေးငွေထုတ်ပေးတော့ အများကြီး ကောင်းတာပေါ့။ ရော်ဘာပြားကို ဒီနေ့ပဲ လှန်းပြီး တစ်ရက်တည်းနဲ့ ရောင်းနေရတယ်။ ဈေးကလည်း ရသလိုနဲ့ပဲ ရောင်းနေရတယ်။ ဈေးနှုန်းမကောင်းရင် ငွေကြေးအခက်အခဲလည်း ဖြစ်တယ် ” ဟု သံဖြူဇရပ်မြို့နယ်မှ ရော်ဘာစိုက်ပျိုးလုပ်ကိုင်သူ ဦးရန်နိုင်က ဆိုသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်တွင် အလုပ်သမား ရှားပါးမှုနှင့် ငွေကြေး အရင်းအနှီး အခက်အခဲကြောင့် ရော်ဘာစိုက် ဧကပေါင်း ငါးသိန်းကျော်ရှိသည့်အနက် ယခုအခါ ရော်ဘာ ဧက သုံးသိန်းခန့်ကိုသာ အစေးခြစ် လုပ်ကိုင်နေကြကြောင်းသိရသည်။

ခင်နန်းဌေး

Leave a Reply