Advertisements

ဘားအံ၊ ဇန်နဝါရီ

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဂျိုင်း (ဇာသပြင်) တံတားလုံခြုံရေးဂိတ်တွင် ဇန်နဝါရီ ၁၁ ရက်နေ့က အိန္ဒုကျေးရွာဘက်မှ မော်လမြိုင်ဘက်သို့ လိုင်စင်မဲ့မော်တော်ယာဉ်များ တရားမဝင်သယ်ဆောင်မောင်းနှင်လာသော မွန်ပြည်နယ်ရဲတပ်ဖွဲ့၌ တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိတစ်ဦးကို ပို့ကုန်သွင်းကုန်ပုဒ်မဖြင့် ဖမ်းဆီးထားကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဘားအံမြို့နယ်၊ ဂျိုင်း (ဇာသပြင်) လုံခြုံရေးစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ မော်တော်ယာဉ်သယ်ဆောင်လာသူမှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်မြို့မရဲစခန်း၌ နယ်ထိန်းခေါင်းဆောင်တာဝန် ထမ်းဆောင်နေသည့် ရဲအုပ် သက်စိုးဦးဖြစ်ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောသည်။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး ရဲထွန်းဦးဦးစီးအဖွဲ့သည် ဂျိုင်း (ဇာသပြင်) လုံခြုံရေးစစ်ဆေးဂိတ်တွင် မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်းများနှင့် ဖောက်ခွဲဖျက်ဆီးရေးသမားများဖြစ်သန်းသွားလာမှုရှိမရှိ စစ်ဆေးဆောင်ရွက်နေစဉ် မြဝတီမြို့နေ ယာဉ်မောင်း ငြိမ်းချမ်း မောင်းနှင်လာသော ယာဉ်အမှတ် 6J/….. ၊ KLUGER အမျိုးစားမော်တော်ယာဉ်တစ်စီး၊ ဘားအံမြို့နယ်နေ ယာဉ်မောင်း အကောင်ကြီး (ခ) ထွန်းဝင်း မောင်းနှင်လာသော ယာဉ်အမှတ် 7H/……၊ CROWN အမျိုးအစားမော်တော်ယာဉ်တစ်စီးနှင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ယာဉ်မောင်း ရဲအုပ်သက်စိုးဦး မောင်းနှင်လာသော ယာဉ်အမှတ် 4M//……၊ CROWN အမျိုးအစားမော်တော်ယာဉ်တစ်စီးတို့ကို စစ်ဆေးခဲ့ရာ ယာဉ်နှင့် ပတ်သက်သည့် လိုင်စင်အထောက်အထားတစ်စုံတစ်ရာမပါဘဲ မောင်းနှင်လာကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“ဒီမော်တော်ယာဉ် သုံးစီးကို ဂျိုင်း (ဇာသပြင်) တံတားဖြတ်သန်းခွင့်ရရှိပြီး မော်လမြိုင်ဘက်ကို မောင်းနှင်သွားဖို့ မြဝတီမြို့မှာနေတဲ့ ငြိမ်းချမ်းနဲ့ သူ့ရဲ့ဇနီး မဝါတို့က အကူအညီတောင်းလို့ လာရောက်သယ်ဆောင်တာဖြစ်တယ်။ အထက်အရာရှိတစ်ဦးတစ်ယောက်ရဲ့ ခွင့်ပြုချက်တစ်စုံတစ်ရာမရှိဘဲ ပြည်နယ်ကျော် တာဝန်မဲ့ဖြတ်ကျော်ရောက်ရှိလာပြီး လိုင်စင်မဲ့ယာဉ် သုံးစီးကို သယ်ဆောင်တဲ့အတွက် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ဆက်ပြီး အရေးယူဖို့ စီစဉ်နေတယ်”ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောဆိုသည်။

ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ တရားမဝင်လိုင်စင်မဲ့မော်တော်ယာဥ ်သုံးစီးနှင့် အတူ ရဲအုပ်သက်စိုးဦးကို ဖမ်းဆီးထားကြောင်း အကြောင်းကြားလာသဖြင့် ယင်းနေ့ ညနေ ၃ နာရီခွဲခန့်က ပေါင်မြို့၊ ကျွဲခြံကျေးရွာရှိ ရဲအုပ်သက်စိုးဦး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်ခြံဝင်းအနောက်ဘက်မှ မင်းအောင်မြင့်စိုး မောင်းထွက်လာသည့် လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ပေါင်မြို့မရဲစခန်းမှ သိရသည်။

အဆိုပါယာဉ်နှင့် ပတ်သက်၍ ယာဉ်မောင်းနှင်သူ မင်းအောင်မြင့်စိုးကို စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းယာဉ်မှာ စက်းနိူးမရ၍ ပြုပြင်ပေးရန် ရဲအုပ်သက်စိုးဦးမှ ယင်းနေ့ညနေ ၃ နာရီခန့်က ဖုန်းဖြင့် ဆက်သွယ်ပြောဆိုသောကြောင့် မော်တော်ယာဉ်လာရောက်ယူဆောင်ရခြင်းဖြစ်ကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းအရ သိရသည်။

တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ် သုံးစီးကို လာရောက်သယ်ဆောင်သော ရဲအုပ်သက်စိုးဦးကို ကရင်ပြည်နယ်၊ ဘားအံမြို့မရဲစခန်းမှ (ပ) ၈၀/ ၂၀၁၈၊ ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ ၈ အရ အမှုဖွင့်ဖမ်းဆီးထားပြီး မွန်ပြည်နယ်၊ ပေါင်မြို့မရဲစခန်းမှလည်း ၎င်းရဲအရာရှိကို (ပ) ၁၁/ ၂၀၁၈၊ ပို့ကုန်၊ သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် ထပ်မံအမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Written by ခေတ်မင်း

Advertisements
<

Leave a Reply