Advertisements

မော်လမြိုင်၊ ဧပြီ

မွန်ပြည်နယ်ရဲတပ်ဖွဲ့များအနေဖြင့် မွန်ပြည်နယ်လွှတ်တော်နှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသည်ကို ဝန်ခံပါကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောကြားသည်။

ပြည်သူလူထုတို့၏ အခက်အခဲပြဿနာများကို ကူညီဖြေရှင်းပေးနိုင်ရေး၊ မွန်ပြည်နယ် လွှတ်တော်မှ ဥပဒေနှင့်အညီ ဆောင်ရွက်ချက်များကို ပူးပေါင်းဆောင်ရွက်ရန်ဆန္ဒရှိ/မရှိနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေပြဌာန်းချက်အရ လိုက်နာဆောင်ရွက်ပေးရန် ရှိ/မရှိကို သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က မေးခွန်းမေးမြန်းရာတွင် ၎င်းက ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်လွှတ်တော်မှ ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေအရ စစ်ဆေးမေးမြန်းလိုသဖြင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်ရဲစခန်းအထိ တာဝန်ရှိသူများအား စေလွှတ်ပေးနိုင်ရေး အကြောင်းကြားခြင်းများအပေါ် ဥပဒေနှင့် အညီ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပြီး မွန်ပြည်နယ်လွှတ်တော်မှ ရဲမှုခင်းများနှင့် ပတ်သက်ပြီး အမှုမှန်ပေါ် ပေါက်ရေး စုံစမ်းဖော်ထုတ်ပေးရန် ညွှန်ကြားလာသည့် တိုင်စာပစ်စာများကိုလည်း ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် စစ်ဆေးဖော်ထုတ်ပြန်လည်တင်ပြပေးမည် ဖြစ်ကြောင်း လုံနယ်ဝန်ကြီးက ဆိုသည်။

ပြည်နယ်ရဲတပ်ဖွဲ့၏ တာဝန်၊ လုပ်ပိုင်ခွင့် မူဘောင်များအတွင်းမှ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မွန်ပြည်နယ်လွှတ်တော်မှ ဆောင်ရွက်ချက်များအပေါ်တွင်လည်း လိုက်နာဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်သည်များကိုလည်း ပြည်နယ်အစိုးရအဖွဲ့ညှိနှိုင်းအစည်းအဝေးတွင်တင်ပြကာ လွှတ်တော်သို့ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ပြောသည်။

မွန်ပြည်နယ်လွှတ်တော်သည် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနှင့်အညီ ရေးရာကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ရေးရာကော်မတီများအနက် အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအပါအဝင် ပြည်သူများမှ တင်ပြတိုင်ကြားစာများကို လက်ခံကြားနာစစ်ဆေးအဖြေရှာပေးလျက်ရှိကြောင်း သထုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က ဆိုသည်။

ယင်း တိုင်ကြားစာများနှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ ပါဝင်ပတ်သက်သူများကို မှန်ကန်သည့်အဖြေကိုရရှိစေလိုသည့်အတွက် ဥပဒေနှင့်အညီ လိုအပ်သလိုခေါ်ယူမေးမြန်းရန်အတွက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့သို့ စာပေးပို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပြည်သူတွေရဲ့အကျိုးကို ကူညီပေးရာလည်းရောက်တယ်။ ဒါကြောင့် လွှတ်တော်ဥက္ကဋ္ဌမှတဆင့် ပြည်နယ်အစိုးရထံ စာပေးပို့ ဆက်သွယ်ဆောင်ရွက်ခဲ့တယ်”ဟု ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

ကော်မတီမှ ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၆၇အရ ပြဋ္ဌာန်းချက်အရ ခေါ်ယူခဲ့ရာတွင် ဌာနဆိုင်ရာအသီးသီးရှိ တာဝန်ရှိအကြီးအကဲများအားလုံး လာရောက်ကြပါသော်လည်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှာ လာရောက်ခဲ့ခြင်းမရှိကြောင်း ဒေါ်ခိုင်ခိုင်လဲ့က ထောက်ပြပြောဆိုခဲ့သည်။

မတ်လ ၃၀ ရက်က ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမမြောက်နေ့တွင် မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်သည်။

Written by ရွှေရိုး

Advertisements
<

Leave a Reply