မွန်ပြည်နယ်အတွင်းရှိအထက်တန်းကျောင်းခြောက်ကျောင်းနှင့် အလယ်တန်းကျောင်း နှစ်ကျောင်းတို့တွင် ကျောင်းအုပ်နေရာများလစ်လပ်နေကြောင်းမွန်ပြည်နယ် ပညာရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးမျိုးတင်အောင်ကဟင်္သာမီဒီယာသို့ပြောကြားသည်။

17 copy

အဆိုပါ လစ်လပ်နေသောကျောင်းအုပ်နေရာများ ပြန်လည်ခန့်အပ်ပေးရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးထံတင်ပြတောင်းဆိုထားကြောင်းဦးမျိုးတင်အောင်ကပြောသည်။

“အဲဒီကျောင်းတွေမှာကျောင်းအုပ်မရှိတော့ အခက်အခဲတော့ရှိနေတယ်၊ ဒါပေမယ့် တာဝန်ခံဆရာဆရာမတွေကိုထားထားရတာပေါ့”ဟုဦးမျိုးတင်အောင်ကဆိုသည်။

လက်ရှိလစ်လပ်နေသောအထက်တန်းကျောင်းအုပ် ခြောက်နေရာတွင် မုဒုံမြို့နယ် နှစ်နေရာ၊ ရေးမြို့နယ် တစ်နေရာ၊ ဘီလင်းမြို့နယ် တစ်နေရာ၊ ကျိုက်ထိုမြို့နယ် တစ်နေရာ၊ သထုံမြို့နယ် တစ်နေရာနှင့် အလယ်တန်းကျောင်းအုပ် နှစ်နေရာတွင် ကျိုက်ထိုမြို့နယ် တစ်နေရာ၊ ရေးမြို့နယ် တစ်နေရာတို့ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မွန်ပြည်နယ်ရှိအခြေခံပညာမူလတန်းကျောင်းများတွင် အနည်းဆုံးဆရာငါးဦးခန့်အပ် တာဝန် ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကဆိုသည်။

ထို့အပြင်နေ့စားလပေးဆရာ ၁၉၁ ဦးကိုဇူလိုင်လ ၁ ရက်နေ့ကစတင် ခန့်အပ်တာဝန်ပေးခဲ့ပြီးဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးဦးစီးဌာနမှ သိရသည်။

လက်ရှိမွန်ပြည်နယ်တွင် အထက်တန်းကျောင်းပေါင်း ၉၀ ကျောင်း၊ အထက်တန်းခွဲကျောင်းပေါင်း ၆၈ ကျောင်း၊ အလယ်တန်းကျောင်းပေါင်း ၃၈ ကျောင်းနှင့် မူလတန်းကျောင်းပေါင်း ၉၀၂ ကျောင်းတို့ ရှိနေကြောင်းမွန်ပြည်နယ် ပညာရေးဦးစီးဌာနထံမှ သိရသည်။

Leave a Reply