Advertisements

မော်လမြိုင်၊ ဒီဇင်ဘာလ

မွန်ပြည်နယ် သစ်တောပိုင်ဧရိယာများတွင် ရော်ဘာပင် ကျူးကျော်စိုက်ပျိုးထားသည့် လုပ်ငန်းရှင်များအား သစ်တောဦးစီးဌာနနှင့် Care Myanmar တို့ပူးပေါင်း၍ နှစ် ၃၀ မြေငှားစာချုပ် ချုပ်ဆိုပေးသွားမည်ဖြစ်ကြောင်း ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အောင်က ပြောသည်။

“အခုမှ စိုက်တဲ့သူတွေကိုတော့ ခွင့်မပြုဘူး။ အရင်က အကြောင်းအမျိုးမျိုးကြောင့် စိုက်ခဲ့တဲ့သူတွေတော့ ချုပ်ဆိုခွင့်ပေးမယ်”ဟု ဦးမြင့်အောင်က ပြောသည်။

ယခင်က ရော်ဘာပင်သက်တမ်းအလိုက် တစ်နှစ်မှ ခုနစ်နှစ်အတွင်း တစ်ဧကလျှင် ၅၀၀ ကျပ်၊ သက်တမ်း ရှစ်နှစ်အထက် တစ်ဧကလျှင် ၁၀၀၀ ကျပ် သစ်တောဦးစီးဌာနမှ ကောက်ခံခဲ့ရာမှ လာမည့် ၂၀၁၈- ၁၉ ဘဏ္ဍာနှစ်တွင် နှစ်ဆ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“မြေငှားစာချုပ်ချုပ်ထားမယ်ဆိုရင် သူတို့ ကျူးထားတဲ့နေရာမှာ စက်ရုံတည်တာတွေ၊ စီမံကိန်းတွေ လုပ်လာမယ်ဆိုရင် သူတို့လျော်ကြေးရမယ်။ မချုပ်ထားဘူးဆိုရင် အကျိုးခံစားခွင့် ရမှာမဟုတ်ဘူး” ဟု ဦးမြင့်အောင်က ပြောသည်။

ကျူးကျော်စိုက်ပျိုးထာသော ရော်ဘာလုပ်ငန်းရှင်များအနေဖြင့် ယင်းသို့ မြေငှားစာချုပ် ချုပ်ဆိုထားခြင်းမရှိပါက ထိခိုက်နစ်နာမှုများ ရှိလာနိုင်ကြောင်း ၎င်းက ဆိုသည်။

ကျူးကျော်စိုက်ပျိုးထားသည့် ရော်ဘာဧကအများစုမှာ ကျိုက်မရောနှင့် မုဒုံမြို့နယ်တို့တွင် အများဆုံးဖြစ်ပြီး လက်ရှိအချိန်တွင် ရော်ဘာစိုက်တောင်သူများနှင့် မြေငှားစာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

“ကျွန်မတို့ စိုက်ထားတာ သစ်တောပိုင်မြေထဲ ဝင် မဝင်တော့ မသိဘူး။ ကျွန်မတို့ စိုက်ထားတဲ့အပင်တွေ သစ်တောပိုင်ဟုတ် မဟုတ် သိချင်တယ်။ တကယ်လို့ ကျွန်မတို့စိုက်ထားတာ သစ်တောပိုင်ဝင်နေမယ်ဆိုရင် စိုက်ထားတာ နှစ်တွေလည်း ကြာနေပြီဆိုတော့ စာချုပ်ကို ချုပ်ရမှာပေါ့လေ၊ အဆုံးရှုံးမခံနိုင်ဘူး”ဟု မုဒုံမြို့နယ်မှ ရော်ဘာခြံရှင် ဒေါ်မြဝင်းက ပြောသည်။

ရော်ဘာခြံပိုင်ရှင်တစ်ဦးဖြစ်သူ ဦးငွေက “အရင်က ရော်ဘာခြံပိုင်ရှင်တွေကို အုပ်ချုပ်ရေးမှူးက ခေါ်ပြီးတော့ အခွန်လား ဘာလားတော့ မသိဘူး တစ်နှစ်တစ်ကြိမ်ပေးရတယ်။ အခုက ဒီလိုနှစ်ရှည်စာချုပ် လုပ်ပေးတာ ကောင်းတာပေါ့။ စနစ်တကျ သေသေချာချာ တိတိကျကျလေး ဖြစ်သွားတာပေါ့”ဟု ပြောသည်။

Written by ရွှေရိုး

Leave a Reply