မော်လမြိုင်၊ စက်တင်ဘာ

မွန်ပြည်နယ်တွင် အသက် ငါးနှစ်အောက် ကလေးသုံးပုံတစ်ပုံကျော်သည် သွေးအားနည်းရောဂါဖြစ်ပွားလျက်ရှိကြောင်း ၂၀၁၇-၂၀၁၈ ခုနှစ်က ကောက်ယူခဲ့သည့် မြန်မာ့အနုအာဟာရနှင့်အစာ စားသုံးမှုစစ်တမ်း (MMFCS) က ဖော်ပြထားပါသည်။
သံဓာတ် ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါကို ဖြစ်ပေါ်စေပြီး ကလေးများတွင် သန်ကောင်ရောဂါကြောင့် သွေးအားနည်းခြင်းရောဂါ အဖြစ်များကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန အာဟာရလေ့ကျင့်ကွပ်ကဲရေးအဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဒေါက်တာဆုရွှေရည်ထက်က ဆိုသည်။

“ကလေးငယ်တွေကို ကောင်းကောင်းကျွေးရင်တော့ သံဓာတ်ချို့တဲ့မှုတွေနည်းမှာပဲ၊ ကလေးငယ်တွေက အစားရွေးစားတာတွေရှိတယ် ပြီးတော့ သန်ကောင်ရောဂါကလည်းသွေးအားနည်းတာကို ဖြစ်စေတယ်။ အဲ့ဒါကြောင့် သံချဆေးကျွေးနေတာရှိတယ်“ ဟု ၎င်းဆိုသည်။

ယင်းအပြင် ကလေးငယ် ၆ လအထိ မိခင်နို့တစ်မျိုးတည်း ကို တိုက်ကျွေးခြင်းကလည်း ကလေးငယ်တွင် လိုအပ်သည့် အာဟာရများ ရရှိစေသည်ဟု ဒေါက်တာ ဆုရွှေရည်ထက်က ပြောသည်။

“၆ လကျော်သွားရင် မိခင်နို့တစ်မျိုးတည်းနဲ့မလုံလောက်တော့ဘူး၊ အာဟာရပြည့်စေတဲ့ အစားအစာ အပြင်ကနေ ကျွေးရမယ် အဲ့ထဲမှာ ဘာပါလဲဆိုလို့ရှိရင် ကစီဓာတ်အသားဓာတ်အဆီ ဗီတာမင် သတ္တုဓာတ် ရေဓာတ်ပါမယ်၊ အဲ့ဓာတ်တွေ ပါအောင်ကြိတ်ပြီး ထမင်းလုံးပန်းကန်ဝက် တစ်နေ့ကို သုံးကြိမ်ကျွေးရမယ် သံဓာတ်ချို့တဲ့မှုမကတခြာအာဟာရချို့တဲ့မှုကိုပါကာကွယ်နိုင်တယ်” ဟု ဒေါက်တာဆုရွှေရည်ထက်ကဆိုသည်။

ဝင်ငွေနည်းပါးပြီး ဆင်းရဲသည့်အတွက် မိမိကလေးများကို အာဟာရဖြစ်စေမည့် အစားအစာများ မကျွေးနိုင်ကြောင်း မော်လမြိုင်ရွှေပြည်စိုးရပ်ကွက်တွင် နေထိုင်သည့် ကလေးငါယောက်မိခင် ဒေါ်အေးနွယ်ကဆိုသည်။

“မရှိဆင်းရဲသားဆိုတော့ ထမင်းပဲ ကျွေးနိုင်တာပေါ့။ ဆေးအကောင်းစားဘာတို့ကျတော့ မကျွေးနိုင်ဘူးပေါ့၊ မုန့်ပဲသရေစာ နည်းနည်းပါးပါးနဲ့ ထမင်းပဲ ကျွေးနိုင်တာပေါ့၊ ကလေးငိုရင်တော့ တစ်ရာတန် မုန့်လေးဝယ် ကျွေးလိုက် ငါးဆယ်တန်မုန့်လေး ဝယ်ကျွေးလိုက် ကြက်စွပ်ပြုတ်တွေ ဘာတွေလည်း မကျွေးနိုင်ဘူး” ဟု ၎င်းကဆိုသည်။

အရင်တုန်းက ကလေးဖြည့်စွက် အာဟာရမှုန့်များကို ကျန်းမာရေးဌာနမှ လာရောက်ဝေငှတာရှိခဲ့ပြီး ယခုတွင် မရှိတော့ကြောင်း ဒေါ်အေးနွယ်က ဆိုသည်။

သွေးအားနည်း ရောဂါကြောင့် နောက်ဆက်တွဲအနေဖြင့် ကျန်းမာရေးချို့တဲ့ပြီး နှလုံးရောဂါကို ဖြစ်ပွားစေနိုင်သည်ဟု ကျန်းမာရေးဌာနက ဆိုပါသည်။

MMFCS၏စစ်တမ်းအရ မွန်ပြည်နယ်ရှိ အသက် ၆ လ နှင့် ၅ နှစ်ကြား ကလေး ၃၀ ရာခိုင်နှုန်းကျော်သည် သွေးအားနည်းရောဂါ ခံစားနေရပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ပျမ်းမျှ ၃၅ ရာခိုင်နှုန်း ကျော်သွေးအားနည်းရောဂါခံစားနေရခြင်းလည်းဖြစ်သည်။

ရန်လင်းအောင်

Leave a Reply