Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ

မွန်ပြည်နယ်ရှိ ဆားများကို ပြည်တွင်း၌သာမက ပြည်ပသို့ပါ တင်ပို့နိုင်စေရန် ဆားလုပ်ငန်းရှင်များအား ထုတ်လုပ်မှုပုံစံမြှင့်တင်ပေးသွားမည်ဖြစ်ကြောင်းမွန်ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောကြားသည်။

ဒီဇင်ဘာ ၂၃ ရက်နေ့က မော်လမြိုင်မြို့၊ ဈေးကြိုရပ်၊ နီလာလမ်း၌ ပြုလုပ်သည့် မွန်ပြည်နယ်ဆားလုပ်ငန်းရှင်များအသင်း၏ ဆိုင်းဘုတ်တင်ပွဲနှင့် ရုံးခန်းဖွင့်လှစ်ပွဲအခမ်းအနားတွင် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ပြည်ပတင်ပို့နိုင်တဲ့ အရည်အသွေး ပြည့်မီဖို့အတွက် ပြည်နယ်အစိုးရအဖွဲ့အနေနဲ့လုပ်ငန်းရှင်တွေဆားထုတ်လုပ်ပုံစံကို မြှင့်တင်ပေးဖို့ စီစဉ်နေတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိအနေအထားအရ မွန်ပြည်နယ်၏ ဆားထုတ်လုပ်မှုနှင့် အရည်အသွေးမှာ ထိုင်းနိုင်ငံထက် နိမ့်ကျနေသည်ကို တွေ့ရှိနေရကြောင်း ၎င်းက သုံးသပ်သည်။
ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌ ဦးထိန်ဝင်းက အရည်အသွေး မြင့်သော ဆားများ ထုတ်လုပ်နိုင်ရန် လာမည့် ၂၀၁၈ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးဘဏ်မှလည်း ဆားလုပ်ငန်းရှင်များအတွက် ချေးငွေများ ထုတ်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း ပြောကြားသည်။

“ပြီးခဲ့တဲ့ နာဂစ်တုန်းက ဆားဈေးက ထုပ်လုပ်မှုစရိတ်အောက်ကို ငါးနှစ်လောက် ရောက်သွားတယ် ။ဆားတောင်သူတွေက ဆားကွက်ကိုပစ်ပြီးတော့ အခြားလုပ်ငန်းပြောင်းလုပ်ကြတယ်။ သူတို့ ပြန်လုပ်တော့ အလုပ်သမား ရှားပါးမှု ပြဿနာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်တွင် ဆားလုပ်ကွက်ဧက ၅၀၀၀ ခန့်ရှိသော်လည်း လက်ရှိတွင် ဧက ၂၀၀၀ သာလုပ်ကိုင်လျက် ရှိကြောင်း၊ သံဖြုုဇရပ်၊ ပေါင်၊ ရေးမြို့နယ်တို့တွင် အဓိကထား လုပ်ကိုင်နေကြကြောင်း သတ္တုတွင်းနှင့်ဆားလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှုုး ဦးခင်စိုးက ပြောသည်၊၊

သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာတွင် ဆားလုပ်ကိုင်သူ တစ်ဦးက “ကျွန်တော်တို့ ဆားဈေးနှုန်းမကောင်းရင် ဘာမှလုပ်လို့မရဘူး။ သူတို့ချေးငွေ ထုတ်ပေးမယ်ဆိုတာလည်း မှန်တယ်။ စက်ပစ္စည်းတွေကို ဝယ်ဖို့အတွက် အခက်အခဲဖြစ်နေတယ်။ ပြီးတော့ အလုပ်သမားကလည်း လိုသလောက်လည်း မရှိဘူး” ဟု ဆားလုပ်ငန်းခွင်မှ အခက်အခဲအချို့ကို ပြောပြသည်။

လက်ရှိမွန်ပြည်နယ်ဆားဈေးကွက်၌ ဆားကြမ်းတစ်ပိဿာလျှင် ၁၉၀ ကျပ်၊ ဆားချောမှာ ၂၃၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။

Written by ဂေထော

Advertisements
<

Leave a Reply