မွန်ပြည်နယ် တရားလွှတ်တော်နှင့် ပြည်နယ်အတွင်းရှိ တရားရုံး အဆင့်ဆင့် တို့တွင် တာဝန် ထမ်းဆောင်နေသည့် တရားရေး အရာထမ်း၊ အမှုထမ်းများကို လာဘ်ပေးလာဘ်ယူ ပပျောက်ရေးအတွက် ဆောင်ရွက်သွားမည်ဟု ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချူပ် ဦးခင်မောင်ကြီးက ပြောကြားခဲ့သည်။

တရားသူကြီးများနှင့် တရားရေးအရာရှိများ တာဝန်ထမ်းဆောင်ရာတွင် အဂတိကင်းရှင်းစွာ ဆောင်ရွက်ရန် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ရုံး၏ ညွန်ကြားချက်များအား တရားရုံး အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိနားလည် လိုက်နာ ကျင့်သုံးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

“တရားရုံးများတွင် အဂတိလိုက်စားမှု မဖြစ်ပေါ်စေရေး အတွက် မွန်ပြည်နယ် အတွင်းရှိ တရားရုံးများ၌ ကြော်ငြာဘုတ်များတွင် လာဘ် ငွေတောင်းခံပါက ပြည်နယ် တရားသူကြီးချူပ်ထံ တိုင်ကြားနိုင်တယ်။ ဖုန်းနံပါတ်၊ Fax နံပါတ်များဖော်ပြလျက် အသိပေး ကြော်ငြာစာများ ကပ်ထား ဆောင်ရွက်လျှက်ရှိတယ်လို့ တိုင်ကြားလာပါက လိုအပ်သည့် စိစစ်မှုများပြုလုပ်ပြီး အရေးယူ ဆောင်ရွက်သွားမယ်”ဟု ၎င်းက ပြောသည်။

လာဘ်ပေး လာဘ်ယူမှု ဆောင်ရွက်ရာတွင် ပြည်ထောင်စု တရားလွှတ်တော်ချူပ်ရုံးမှ ညွှန်ကြားခဲ့သည့် ပြည်သူများ ယုံကြည် ကိုးစားသော တရားစီရင် ရေးဖြစ်ပေါ်ရေးနှင့် တရားရုံးများတွင် လာဘ်ပေး လာဘ်ယူကင်းရှင်း ပပျောက်ရေးကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းအထိ မွန်ပြည်နယ်တရားလွှတ်တော်မှ ချမှတ်လိုက်သည့် အမှုပေါင်း ၂၃၃၃ မှုရှိခဲ့ပြီး၊ တရားမ တရားစီရင်ရေးအမှု ၁၀၄၇ မှုနှင့် ပြစ်မှုတရားစီရင်ရေးအမှု ၁၂၈၆ မှုကို အမိန့်ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

Leave a Reply