မော်လမြိုင်၊ မတ် ၅ ။ ။ မွန်ပြည်နယ်အတွင်းရှိ မျက်စိမမြင်ကြသူများ၏ ဘဝမြှင့်တင်ရေးကို ပံ့ပိုးပေးနိုင်ရန် မြန်မာနိုင်ငံမျက်မမြင်များအသင်း(မမသ)က စစ်တမ်းကောက်ယူမှု ပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါ မမသ အသင်း ၏ အမှုဆောင် ဒါရိုက်တာ ဒေါ်ခေါန်နူးက ပြောသည်။

blind
မွန်ပြည်နယ်ရှိ မျက်မမြင်များကို ပထမဦးစွာ စစ်တမ်းကောက်ပြီး အခြားသော မျက်မမြင်ကျောင်းများမှ ကျောင်းသားများကဲ့သို့ စာရေးစာဖတ်ခြင်း ၊ကွန်ပျူတာ သင်ပေးခြင်း နှင့် ဝါသနာပါသည့်လုပ်ငန်းများအတွက် ပံ့ပိုးပေးမည်ဖြစ်ကြောင်းကို ၎င်းက မတ်လ ၅ ရက်နေ့က မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံမျက်မမြင်များအသင်း မွန်ပြည်နယ်ရုံးခွဲဖွင့်လှစ်သည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီပြည်နယ်မှာနေထိုင်ကြတဲ့ မျက်စိမမြင်တဲ့သူတွေရဲ့ ဖွံ့ဖြိုးရေး၊ သူတို့ရဲ့ ဘဝမြှင့်တင်ရေးနဲ့ ဥပဒေအရ တန်းတူအခွင့်အရေး ရရှိလာအောင် ဆောင်ရွက်လာနိုင်ဖို့ ကျွန်မတို့က အင်အားလာဖြည့်ပေးချင်တယ် လိုအပ်တာတွေ ဖြည့်ဆည်းပေးချင်တဲ့အတွက်ကြောင့်ပါ”ဟု ၎င်းက ဆိုသည်။

ထိုသို့ စစ်တမ်းကောက်ခံရာတွင် မျက်မမြင်များ တစ်ဦးချင်း၏ နေထိုင်ရာသို့ သွားရောက်ရန် ဝန်ထမ်းအခက်အခဲရှိသောကြောင့် လူမှုဝန်ထမ်းဦးစီးဌာနမှ သန်းခေါင်စာရင်း စစ်တမ်းများ တောင်းခံ၍ အုပ်ချုပ်ရေးမှူများနှင့် ဆက်သွယ်ပြီး လုပ်ဆောင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မျက်မမြင်များအသင်း မွန်ပြည်နယ်တာဝန်ုခံ ဦးမင်းမျိုးဇော်က ရှင်းပြသည်။

“ကျွန်တော်တို့က မော်လမြိုင်မှာ ရုံးခွဲဖွင့်လှစ်ထားတာ ဆိုတော့ အရင်ဆုံး ဒီမှာပဲ စပြီးစစ်တမ်းကောက်မယ် ။ ဒုတိယ အနေနဲ့ သံဖြူဇရပ်မှာကောက်မယ်။ ပြည်နယ်တစ်ခုလုံး အနေနဲ့ကို ခြောက်လအတွင်း ကောက်ဖြစ်မယ်။ ကျွန်တော်တို့ကို လိုက်လုပ်ပေးနိုင်မယ့်လူ ယာယီဝန်ထမ်းတွေကို မြို့နယ်တစ်ခုစီမှာ တစ်ယောက်စီခန့်ဖို့ ရှိတယ်”ဟု ၎င်းက ထပ်လောင်းပြော ဆိုသည်။

၂၀၁၅ ခုနှစ်အတွင်းကောက်ယူခဲ့သည့် သန်းခေါင်စာရင်း စစ်တမ်းအရ မွန်ပြည်နယ်တွင် မျက်စိမမြင်သူဦးရေ ခြောက်သောင်းကျော် ရှိသည်။

ရန်ကုန်မြို့တော်၊အင်းစိန်မြို့နယ်တွင် ရုံးချုပ်ဖွင့်လှစ်ထားသော မြန်မာနိုင်ငံမျက်မမြင်များအသင်းသည် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင်သာ မျက်မမြင်ကျောင်းများ ဖွင့်လှစ်ထားပြီး စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်တို့တွင် ရုံးခွဲများဖွင့်လှစ်ထားသည်။

မွန်ပြည်နယ်ရုံးခွဲကိုမူ မတ်လ ၅ ရက်နေ့တွင် မော်လမြိုင်မြို့၊ သီရိမင်္ဂလာအိမ်ရာ အခန်းနံပါတ်( N-003 ) ၌ စတင်ဖွင့်လှစ်ခဲ့သည်။

Leave a Reply