၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာရေးနှစ်အတွက် မွန်ပြည်နယ်၏ မြစ်များအတွင်းလုပ်ကိုင်ရမည့် ငါးဖမ်းလုပ်ကွက် များဖြစ်သော အထူးတင်ဒါပိုက်ချက်များကို ရောင်းချရာမှ ကျပ်သိန်းပေါင်း တစ်သောင်းကျော်ရရှိခဲ့ကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

fish

ဇူလိုင် ၂၅ ရက်နေ့က မွန်ပြည်နယ်၊ငါးလုပ်ငန်းဦးစီးဌာနရုံး၌ အထူးတင်ဒါပိုက်ချက် ၁၁၂ ခုကို ယခုနှစ်အတွင်း ပထမအကြိမ် ရောင်းချရာတွင် ပိုက်ချက် ၇၅ ခုကို ရောင်းချခဲ့ရပြီး ကျပ်သိန်းပေါင်း ၁ဝ၇၇၂ ဒသမ ၉၄၅ ကိုရရှိခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်၊ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဝင်းက ပြောကြားသည်။

“အထူးတင်ဒါပိုက်ချက်ဆိုတာက မြစ်တွေထဲမှာ ဖမ်းရမှာပါ။ရိုးရိုးက ချောင်းထဲမှာဖမ်းရတယ်။ ချောင်းမှာကျ ငါးအထိအမိနည်းတယ်။မြစ်မှာကျတော့ ငါးအထိအမိများတယ်။ပိုက်ဆံရတာများတယ်”ဟု ၎င်းက ရှင်းပြသည်။

လက်ရှိလုပ်ငန်းရှင်များက ဝယ်ယူသွားသည့် မြစ်များအတွင်းငါးဖမ်းဆီးရမည့် အထူး တင်ဒါပိုက်ချက် ၇၅ ခုတွင်  ချောင်းဆုံမြို့နယ်မှ ၂၁ ခု၊ ပေါင်မြို့နယ်မှ  ငါးခု၊ မုဒုံမြို့နယ်မှ သုံးခု၊ ကျိုက်မရော ၁၃ ခုနှင့် မော်လမြိုင် ၃၃ ခုတို့ဖြစ်ကြောင်း မွန်ပြည်နယ်၊ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ယခုနှစ်အတွက် အထူးတင်ဒါပိုက်ချက်များကို လေလံတင်ရောင်းချရာတွင် ပြီးခဲ့သောနှစ်ထက် ဈေးနှစ်ဆ ကျော် မြင့်တက်ခဲ့ကြောင်း ကျိုက်မရောမြို့နယ် ကျွဲခြံကုန်းကျေးရွာတွင် လေလံနိုင်သွားခဲ့သော ဦးဟာနစ်က ပြောသည်။

“ဒီနှစ်က နိုင်အောင်ဆွဲရတဲ့အတွက် မနှစ်ကဈေးထက် ဈေးနှုန်းကို မြင့်တင်ပြီး နိုင်အောင်ဆွဲရတယ်” ဟု ၎င်းကဆိုသည်။

ထို့ပြင် ငါးဖမ်းလုပ်ကွက်များကို ယခင်နှစ်က အတွဲလိုက်ရောင်းချခဲ့ရာမှ ယခုနှစ်တွင်ပထမဆုံးအကြိမ် တစ်ကွက်ချင်းစီ ရောင်းချခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးသံချောင်း က ဖြည့်စွက် ပြောဆိုသည်။

“တစ်ချက်စီရောင်းတာ ပိုကောင်းတယ်။ အရင်းရှင်တွေ လက်ဝါးကြီး အုပ်လို့မရတော့ဘူး” ဟု မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးသံချောင်းက ဆိုသည်။

ထို့ပြင် ကျန်ရှိနေသည့် ငါးဖမ်းလုပ်ကွက်ဖြစ်သော အထူးတင်ဒါပိုက်ချက် ၃၇ ခုကိုလည်း သြဂုတ်လ ရှစ်ရက်နေ့တွင် ဒုတိယအကြိမ်ထပ်မံရောင်းချမည်ဖြစ်ကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

Leave a Reply