Advertisements

မော်လမြိုင်၊ မေ ၂၉

မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်၌ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း မြန်မာနိုင်ငံသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအဖွဲ့မှ ပရောဂျက်တာဝန်ခံ ဒေါ်သိဂီၤဝင်းမောင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မြင့်တက်လာသည့် မြို့နယ်များတွင် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ သံဖြူဇရပ်၊ ချောင်းဆုံ၊ ရေးနှင့် ကျိုက်မရောမြို့နယ်တို့ ပါဝင်နေကြောင်း ၎င်းက ပြောသည်။

“စစ်တမ်းတွေကောက်တာပေါ့နော်၊ အဲဒီမှာတွေ့ရတာက မွန်ပြည်နယ်ရဲ့ ပတ်ဝန်းကျင် ထိခိုက်မှုက အရင်နှစ်ထက် ပိုဆိုးလာတယ်၊ အဲဒါကိုတော့ စိတ်မကောင်းစွာ သိခဲ့ရတာပေါ့”ဟု ဒေါ်သိင်္ဂီဝင်းမောင်က ဆိုသည်။

ပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းရေးလုပ်ငန်းများတွင် မုဒုံနှင့် မော်လမြိုင်မြို့နယ်အတွင်းရှိ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအားကောင်းသောကြောင့် ထိခိုက်ပျက်စီးမှု နည်းပါးပြီး ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များတွင် သက်ဆိုင်ရာဌာနများမှ ဖြေရှင်းနိုင်မှု အားနည်းနေသည်ကို သထုံမြို့နယ်နှင့် ချောင်းဆုံမြို့နယ်တို့၌ တွေ့ရကြောင်း ၎င်းက ပြည်နယ်အတွင်း ဆိုးဝါးသည့် ပတ်ဝန်းကျင်ထိခိုက်မှုကို ကျိူက်မရောမြို့နယ်တွင် တွေ့ရကြောင်း မသိင်္ဂီဝင်းမောင်က ပြောသည်။

မွန်ပြည်နယ်တွင် တွေ့ရှိရသော ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများမှာ ရာဘာစေးချက် စက်ရုံကြောင့် လေထု၊ ရေထု ညစ်ညမ်းခြင်း၊ ရာဘာစိုက်ရန် မြေသိမ်းဆည်းခြင်း၊ သောက်သုံးရေ ရှားပါးလာခြင်း၊ ကျောက်မိုင်းနှင့် ကျောက်ထုတ်လုပ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ မြေသြဇာ သုံးစွဲခြင်းကြောင့် မြေဆီလွှာ ပျက်စီးခြင်း၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကြောင့် မြစ်ရေညစ်ညမ်းခြင်းနှင့် မြစ်ချောင်းများ တိမ်ကောခြင်းတို့ကို စစ်တမ်း ကောက်ယူရရှိခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

စစ်ဆေးချက်များကို ပတ်ဝန်ကျင်း တိုင်တားသည့် စက်များဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး၊ မြေဆီလွှာနှင့် ရေနမူနာများကို ရန်ကုန်ဓာတ်ခွဲသို့ ပို့ဆောင် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်သိင်္ဂီဝင်းမောင်က ဆိုသည်။

ဒေသခံများကို သဘာဝပတ်ဝန်းကျင်နှင့် ပတ်သတ်ပြီး အသိပညာဗဟုသုတ ရရှိစေရန် ပညာပေးခြင်း၊ လက်တွေ့ဆောင်ရွက်ခြင်းများ ပြုလုပ်နေပြီဖြစ်ကြောင်း သထုံမြို့မှ ဒေသဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်
“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သတ်ပြီးသင်တန်းတွေပေးတာတို့၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူငယ်တွေ ပူးပေါင်းပြီး ကြိုတင်ကာကွယ်တာတွေ လုပ်နေပါတယ်၊ အဓိကက အသိပညာပေးနိုင်ဖို့အတွက်ပါ”ဟု ၎င်းက ပြောသည်။

၂ဝ၁၇ မြန်မာနိုင်ငံပတ်ဝန်းကျင်ရေးရာဆိုင်ရာ လေ့လာဆန်းစစ်ချက်စာတမ်းတွင် ပြည်နယ်နှင့် တိုင်းအလိုက် ပတ်ဝန်းကျင်တိုးတက်မှုအခြေအနေ၌ မွန်ပြည်နယ်၏ ပတ်ဝန်းကျင်အခြေအနေသည့် အဆင့် ရှစ်တွင် ရှိနေကြောင်း ဖော်ပြထားသည်။

Written by ထိုက်ထိုက်

Advertisements
<

Leave a Reply