မော်လမြိုင်၊ မတ် ၂ ။ ။ မွန်ပြည်နယ်အတွင်းရှိ မြေငှားဂရမ် မထုတ်ပေးရသေးသော မြို့ပေါ်ရပ်ကွက်အချို့၏ မြေများကို မွန်ပြည်နယ် အစိုးရက နှစ်သုံးဆယ်မြေငှားဂရမ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောသည်။

ရပ်ကွက်မြေအများစုမှာ လယ်မြေ၊ ဥယျာဉ်မြေ၊ ရွာမြေ၊ စားကျက်မြေများအဖြစ်သာ ရှိနေသောကြောင့် မြေဂရမ် မရှိသူများ အနေဖြင့် ဘဏ်များတွင် ငွေချေးရန် အခက်အခဲရှိခြင်း၊ ပိုင်ဆိုင်မှု အထောက်အထား မသေချာခြင်း ကဲ့သို့သော ပြဿနာများ ကြုံတွေ့နေရသဖြင့် မြေငှားဂရမ်များ ထုတ်ပေးရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“မြေငှားဂရမ်မရှိတော့ အခြားနည်းလမ်းနဲ့ သုံးစွဲခွင့် မရှိဘူး ဖြစ်နေတာပေါ့၊ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးလည်း ပြည့်ပြည့်ဝဝ မရခဲ့ဘူး၊ ဒါကြောင့် ရပ်ကွက်တွေကို တဖြည်းဖြည်းနဲ့ မြေဂရမ်တွေ ထုတ်ပေးသွားမှာပေါ့”ဟု ဦးထွန်းဌေးက ပြောသည်။

မြေငှားဂရမ်များကို မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်နှစ်ခု၊ သံဖြူဇရပ်မြို့ပေါ်ရှိ ရပ်ကွက် ၁၀ ခု၊ မုဒုံမြို့ပေါ်ရှိ ရပ်ကွက် လေးခု၊ ကျိုက်မရောမြို့ပေါ်ရှိ ရပ်ကွက်နှစ်ခုနှင့် ချောင်းဆုံမြို့ပေါ်ရှိ ရပ်ကွက်အချို့တို့ကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြေငှားဂရမ်ထုတ်ပေးမည့် ရပ်ကွက်စာရင်းများတွင် ဖော်ပြထားသည်။

၎င်းတို့အနက်မှ သံဖြူဇရပ်မြို့ပေါ်ရှိ ရပ်ကွက်များကို ပထမဦးဆုံး ဆောင်ရွက်ပေးမည်ဖြစ်ပြီး၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ မြေတိုင်းတာခြင်း လုပ်ငန်းများကို တစ်နှစ်လျှင် ရပ်ကွက်နှစ်ခုစီဖြင့် ငါးနှစ်အတွင်း ရပ်ကွက်အားလုံး ပြီးစီးအောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဦးထွန်းဌေးက ရှင်းပြသည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြေငှားဂရမ်ထုတ်ပေးရန်အတွက် လုပ်ငန်းဆောင်ရွက်မည့် ကျွမ်းကျင်ဝန်ထမ်းအင်အား၊ ကုန်ကျစရိတ်များနှင့် လိုအပ်သည့် ပစ္စည်းကိရိယာများဝယ်ယူရန် ငွေကျပ် သိန်းပေါင်း ၁၃ဝဝ ကျော်ကို ဘဏ္ဍာနှစ်အလိုက်ထည့်သွင်း ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

Written by – ဖိုးဝ၊ ခင်နန်းဌေး

Leave a Reply