မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း ရှစ်ကျောင်းတွင် အိုင်စီတီနည်းပညာဖြင့် သင်ကြားနိုင်ရန် သင်ခန်းစာအချို့တွင် ကျောင်းသားများကို Tablet များ ကိုုင်တွယ်အသုံးပြု၍ သင်ကြားပို့ချမည်ဖြစ်ကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

student

ဘီးလင်း၊ ပေါင်၊ ကျိုက်မရော၊ ချောင်းဆုံနှင့် သံဖြူဇရပ်မြို့နယ်များရှိ ကျောင်းရှစ်ကျောင်းတွင် ကျောင်းသင်ခန်းစာအချို့ကို UNESCO (ကုလသမဂ္ဂပညာရေးသိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့)က ထောက်ပံ့သော Tablet များဖြင့် သင်ကြားပို့ချမည်ဖြစ်ကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးမှ ကွန်ပျူတာဦးစီးအရာရှိ ဦးထွန်းမြင့်ဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

သတ္တမတန်းမှ တက္ကသိုလ်ဝင်တန်းကျောင်းသားများ၏ သင်ခန်းစာအချို့ကို Tablet ဖြင့် စတင်သင်ကြား နိုင်ရန် ကျောင်းတစ်ကျောင်းလျှင် ဆရာ၊ဆရာမ ခြောက်ဦးကို သင်တန်းပို့ချပေးထားကြောင်း ၎င်းက ရှင်းပြသည်။

“ကျောင်းသင်ခန်းစာကို ထိခိုက်မှုမရှိပါဘူး။ ကျောင်းသားတွေက အိုင်တီနဲ့သင်တဲ့အတွက် ထူးထူးခြားခြား မြင်ရတော့ ပိုပြီးစိတ်ပါဝင်စားမှုရှိတယ်” ဟု ကွန်ပျူတာဦးစီးအရာရှိ ဦးထွန်းမြင့်ဦးက ဆိုသည်။

လက်ရှိတွင် အဆိုပါကျောင်းရှစ်ကျောင်းတွင် သင်ကြားမှုများ စတင်နေပြီဖြစ်ပြီး ဝိုင်ဖိုင် အင်တာနက်မရသေးသောကြောင့် off line ဖြင့်သာ သင်ကြားလျက်ရှိကာ မြို့နယ်ပညာရေးမှူးရုံးမှ နှစ်ပတ်တစ်ကြိမ်၊ ပြည်နယ်ပညာရေးမှူးရုံးမှ တစ်လတစ်ကြိမ်နှင့် ရုံးချုပ်မှ သုံးလတစ်ကြိမ် သွားရောက် အသီးသီးစစ်ဆေးကြည့်ရှုကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

အိုင်တီနည်းပညာဖြင့် သင်ကြားနိုင်ရန်UNESCO Ericsson Project မှ အခြေခံပညာကျောင်းတစ်ကျောင်းလျှင် လပ်တော့ (laptop)ခြောက်လုံး၊ တက်ပလပ် (Tablet) ၉၉ လုံး၊ အားသွင်းကဒ် သုံးကဒ်၊ ပရိုဂျက်တာ (projector) သုံးလုံး၊ လိုကယ်ဆာဗာ (local server) တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများကို ပံ့ပိုးကူညီထားကြောင်း မွန်ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ကျောင်းသင်ခန်းစာများ Tablet အသုံးပြု၍ ပညာသင်ကြားခြင်းကို ပဲခူးအရှေ့ခြမ်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် စတင်နေပြီး UNESCO က နှစ်နှစ်ခန့် ကူညီထောက်ပံ့မည်ဖြစ်သည်။

Leave a Reply