မွန်ပြည်နယ်ရှိ အသက် ၉၀ နှစ်အထက် ဘိုးဘွား ၂၀၀၀ ကျော်ကို တစ်ဦးလျှင် လစဉ် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ကြေး ပေးအပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထောက်ပံ့ကြေး ပေးအပ်ရခြင်းသည် ၂၀၁၄ ခုနှစ်က ထုတ်ပြန်ခဲ့သည် မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာ စီမံချက်အရ လူမှုရေးပင်စင် သဘောမျိုး ထောက်ပံ့ရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“တချို့ ဘိုးဘွားတွေကတော့ စာရင်းသွင်းပြီးမှ ဆုံးသွားတာလည်းရှိတယ်၊ အခုလောလောဆယ်တော့ ရုံးချုပ်ကို ကောက်ရထားတဲ့ ဒီစာရင်းနဲ့ပဲ တင်ထားတယ်”ဟု ၎င်းက ဆိုသည်။

စာရင်ကောက်ယူထားမှုအရ မှတ်ပုံတင် နံပါတ်ရှိသူ ဘိုးဘွား ၁၇၁၇ ဦး၊ အိမ်ထောင်စု ဇယားရှိသည် ဘိုးဘွား ၂၂၈ ဦးနှင့် ရပ်ကွက်မှ ထောက်ခံထားသည် ဘိုးဘွား ၁၇၃ ဦးရှိကြောင်း ၎င်းက ပြောကြားသည်။

စာရင်း ကောက်ယူထားသည့် အဘိုး ၈၇၀ ဦး၊ အဘွား ၁၂၄၈ ဦးတို့ကို ယခုနှစ် ဧပြီလမှစ၍ တစ်လလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် သုံးလတစ်ခါ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

ယင်းအပြင် ယခင်နှစ်များက အသက် ၉၀ နှစ်နှင့် အထက် ဘိုးဘွားများကို တစ်နှစ်လျှင် ကျပ် ၁၅၀၀၀ ကျပ်မှ ၂၅၀၀၀ အထိ ထောက်ပံ့ကြေး ပေးအပ်မှုများလည်း ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း၌ အသက် ၉၀ နှစ်အထက် ဘိုးဘွားများတွင် ချောင်းဆုံမြို့နယ် ၂၆၃ ဦး၊ သံဖြူဇရပ်မြို့နယ် ၁၈၆ ဦး၊ မုဒုံမြို့နယ် ၃၀၂  ဦး၊ ဘီးလင်မြို့နယ် ၁၄၂ ဦး၊ သထုံမြို့နယ် ၁၇၅ ဦး၊ ကျိုက်ထိုမြို့နယ် ၁၄၂ ဦး၊ ပေါင်မြို့နယ် ၁၈၈ ဦး၊ မော်လမြိုင်မြို့နယ် ၃၁၁ ဦး၊ ကျိုက်မရောမြို့နယ် ၁၄၂ ဦးနှင့် ရေးမြို့နယ်တွင် ၂၆၇ ဦးတို့ ရှိကြောင်း မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန စာရင်းများတွင် ဖော်ပြထားသည်။

Written by – ခင်နန်းဌေး

Leave a Reply