မွန်ပြည်နယ်ရှိ DENKO စက်သုံးဆီ ခုနှစ်ဆိုင်အမှုဖွင့်ခံထားရ

မော်လမြိုင်၊ ဇွန်

မွန်ပြည်နယ်၊ သထုံနှင့် မော်လမြိုင်မြို့အတွင်းရှိ တရားဝင်ခွင့်ပြုချက်မရှိဘဲ ရောင်းချနေသည့် DENKO စက်သုံးဆီအရောင်းဆိုင် ခုနှစ်ဆိုင်ကို ဇွန်လ ပထမအတွင်းက စ၍အမှုဖွင့် ဖမ်းဆီးအရေးယူခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

“သထုံခရိုင်အတွင်းမှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင် (၆) ဆိုင်နဲ့ မော်လမြိုင်မှာရှိတဲ့ အစိုးရရုံးအနား မောရဝတီပန်းခြံဘေးက စက်သုံးဆီအရောင်းဆိုင် (၁) ဆိုင်ကို အမှုဖွင့်အရေးယူထားတယ်။ အလားတူပဲ ကရင်ပြည်နယ်မှာလည်း DENKO စက်သုံးဆီရောင်းဆိုင်နှစ်ဆိုင်ကို အမှုဖွင့် အရေးယူထားသေးတယ်” ဟု ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိ တစ်ဦးက ပြောသည်။
သိမ်ဆိပ်ရပ်ကွက်ရှိ နိုင်ငံပိုင် စက်သုံးဆီအရောင်းဆိုင် အမှတ် (၀၈၇၀)ကို ပြည်နယ်အတွင်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ ရွှေသံလွှင်ကုမ္ပဏီလီမိတက်သို့ လွှဲပြောင်းရောင်းချခဲ့ပြီး ၎င်းထံမှတဆင့် DENKO Trading Co.ltd က လွှဲပြောင်းဝယ်ယူခဲ့ကြောင်း သိရသည်။

ယင်းနောက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ခွင့်ပြုချက်မရှိဘဲ တိုးချဲ့ ပြင်ဆင်တည်ဆောက်ခြင်း၊ ဖြန့်ဖြူးရောင်းချခွင့်လိုင်စင် မရှိဘဲ စက်သုံးဆီများ ရောင်းချနေခြင်းကို ဦးမောင်မောင်စိုး (မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်မူလုပ်ငန်း၊ ပြည်နယ်ရောင်းဝယ်ရေးအရာရှိ ၊ မွန်/ကရင်)က မွန်ပြည်နယ်အစိုးရအဖွဲ့သို့ စာဖြင့်ရေးသားတိုင်တန်းခဲ့သဖြင့် ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ဆက်လက်တင်ပြခဲ့ကြောင်း သိရသည်။

“စက်သုံးဆီရောင်းချခွင့်လိုင်စင်မရှိဘဲ စက်သုံးဆီတွေကို တရားမဝင် ရောင်းချနေတာ စိစစ်တွေ့ရှိရလို့ ရေနံနဲ့ ရေနံထွက် ပစ္စည်းများဆိုင်ရာ ဥပဒေပါ ပြဌာန်းချက်များပါ တားမြစ်ချက်အရ အမူဖွင့် အရေးယူဆောင်ရွက်ထားတယ်” ဟု သထုံမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိတစ်ဦးက ပြောသည် ။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်အရ မွန်ပြည်နယ် ဥပဒေချုပ်၏ သုံးသပ်အကြံပြုချက်ဖြင့် DENKO စက်သုံးဆီအရောင်းဆိုင်သည် တားမြစ်ချက်များကို ဖောက်ဖျက်ကြောင်း တွေ့ရှိချက်အရ ဆိုင်တာဝန်ခံ ဦးအောင်သူ (၄၅ နှစ်) လိူင်သာယာမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး နေသူအား အမူဖွင့် အရေးယူထားခြင်း ဖြစ်သည် ။

တရားဝင် ခွင့်ပြုချက်မရှိဘဲ စက်သုံးဆီဆိုင်တိုးချဲ့ပြင်ဆင် တည်ဆောက်၍ စက်သုံးဆီများကို ဖြန့်ဖြူးရောင်းချမှုအပေါ် ဆိုင်တာဝန်ခံ ဦးအောင်သူကို သိမ်ဆိပ်နယ်မြေရဲစခန်းမှ (ပ)၂၂၈/၂၀၁၈ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ- ၃၇ အရလည်းကောင်း သက်ဆိုင်ရာနယ်မြေအသီးသီး၌လည်း အမူဖွင့်အရေးယူဆောင်ရွှက်ထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“သူ့ရဲ့ပြစ်ဒဏ်က ထောင်ဒဏ်ရှိတယ်။ ငွေဒဏ်လည်းရှိတယ်။ သက်သေခံပစ္စည်းကိုကျတော့ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းတယ်”ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရဲအရာရှိတစ်ဦးက ရှင်းပြပြောဆိုသည်။

Written by ခေတ်မင်း (ပျားအုံ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်