Advertisements

မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့်စက်မှု ဝန်ကြီးနေရာသည် ကာလအတန်ကြာ လစ်လပ်နေခဲ့သည်။ မေလ ပထမအပတ်တွင်မူ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က လစ်လပ်နေသော လျှပ်စစ်၊စွမ်းအင်နှင့်စက်မှု ဝန်ကြီးနေရာ ဝန်ကြီးသစ်တစ်ဦးခန့် အပ်ရန်အဆိုပြုခဲ့ပြီး လျှပ်စစ်ကဏ္ဍတွင် နှစ်ပေါင်းများစွာ အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဦးလှထွန်းကို ခန့်အပ်ခဲ့သည်။ ဝန်ကြီးသစ်အနေနဲ့ ပြဿနာ ပေါင်း များစွာရှိနေသော လျှပ်စစ်ကဏ္ဍအတွက် လက်ကျန်အစိုးရသက်တမ်းအတွင်း မည်သို့ စွမ်းဆောင်မည်ကို ဟင်္သာ မီဒီယာက မေးမြန်းဖော်ပြလိုက်ရပါသည်။

 

မေး။ ။ မွန်ပြည်နယ်အတွက် လျှပ်စစ် စွမ်းအင်နဲ့ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လို အစီအစဉ်တွေလုပ်ဆောင်သွားဖို့ရှိတယ်ဆိုတာ အရင်ဆုံးပြောပြပေးပါ။
ဖြေ။ ။ အစီအစဉ်ဆိုတာကတော့ ကျွန်တော်ကခုမှရောက်ခါစဆိုတော့ သက်ဆိုင်ရာဌာနတွေနဲ့ အနီးကပ်မ တွေ့ရသေးဘူး။ အရင်သူတို့ဘတ်ဂျက်မှာပေါ့နော် ဘယ်လုပ်ငန်းမှာ ဘာလုပ်ခဲ့တယ်ဆိုတာ ကျွန်တော်က မသိရသေးဘူးပေါ့ နော် ဒါပေမဲ့ ဘာပဲပြောပြော မွန်ပြည်နယ်မှာဓာတ်အားဖြန့်ဖြူးမှု ကောင်းအောင်ပေါ့ ဒါကို အဓိကထားပြီးလုပ်မယ်။ ကျွန်တော်တို့လျှပ်စစ်မှာဆိုရင် ပြည်သူကိုဓာတ်အားပေးဖို့ဆိုရင် ဓာတ်အား ထုတ်လုပ်မှု၊ ထပ်ဆင့်ပို့ပေးမှုတွေ ၊ဖြန့်ဖြူးမှု ဆိုပြီး ကဏ္ဍသုံးခုရှိတယ်၊ ဓာတ်အားထုတ်လုပ်မှုနဲ့ ထပ်ဆင့် ပေးပို့မှု ဆိုတာကတော့ ပြည်ထောင်စုဝန်ကြီးဌာနကလုပ်တာပေါ့။ ဖြန့်ဖြူးမှု အပိုင်းမှာ ကျတော့ တိုင်းဒေသကြီးပြည် နယ်အစိုးရအဖွဲ့က လုပ်ရတာပေါ့။ တိုင်းဒေသကြီး ပြည်နယ်အစိုးရအနေနဲ့ အဓိကထားပြီးလုပ်မှာပေါ့။

Advertisements
data-language="en"

မေး။ ။ ပြည်နယ်အစိုးရအနေနဲ့ လျှပ်စစ်ဖြန့်ုဖြူးရေး ကိုအဓိကထားပြီးလုပ်ဆောင်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြည်သူတွေ သိရှိအောင် နည်းနည်းရှင်းပြပေးပါဦး။
ဖြေ။ ။ အဓိကထားပြီးလုပ်မယ်ဆိုတာ ကျွန်တော်တို့က တည်ဆောက်မှုစနစ်ကောင်းအောင်ပေါ့နော်။ ဗို့စ်အားပြည့်ဖို့ ဓာတ်အားပြတ်တောက်မှုနည်းဖို့ပေါ့နော်၊ တည်ဆောက်မှုမှာဆိုရင် ဓာတ်အားပြတ်တောက် မှုနည်းအောင်လုပ်မှ ပြည်သူတွေက အကျိုးခံစားရမှာပေါ့နော်။ ဒါပေမယ့် ခုအခြေအနေမှာ အားလုံးသိပါတယ်။ တစ်ပြည်လုံးအတိုင်း အတာနဲ့ ထုတ်လုပ်မှုနဲ့သုံးစွဲမှုမမျှဘူး တစ်ပြည်လုံးအတိုင်းအတာနဲ့ကို Load up ပေါ့ အချိန်မှန်အလိုက် ဝန်အားလျော့တဲ့အချိန်လေးတွေ လုပ်နေရတာပေါ့နော်၊ ဒါက ကျွန်တော်တို့က ထုတ်လုပ်မှုနည်းနေလို့ပေါ့နော် ။ ထုတ်လုပ်လည်ပတ်မှု နည်းတယ်ဆိုတာကလည်း ရေအားစက်ရုံတွေမှာ ရေနည်းလာတယ်၊အဲဒါကြောင့် ထုတ်လုပ်မှုက နည်းနည်းကျနေတာပေါ့။

ဒါပေမယ့် အခုမိုးတွင်းကာလဆိုရင် ဆည်ထဲကိုရေဝင်လာမယ် အာ့ကြောင့် ထုတ်လုပ်လည်ပတ်မှုကပြန်ပြည့်လာမယ်။ ပြန်ပြည့်လာရင် ထုတ်လုပ်မှုနဲ့သုံးစွဲမှုမျှသွားမှာပေါ့။ အဲဒီအခါကျရင် ကျွန်တော်တို့က ဓာတ်အားမပြတ်အောင်လို့ ကြိုးစားပြီး တော့လုပ်ရမှာပေါ့။ ဒါကတော့ ဓာတ်အားစနစ်ဆိုတာရှိတယ် ၊ ဓာတ်အားစနစ်ဆို တဲ့အဓိပ္ပာယ် သတ်မှတ်ချက်က မြန်မာတစ်ပြည်လုံးမှာရှိတဲ့ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ စက်ရုံတွေထောင်ထားတယ်။

အဲဒီစက်ရုံတွေကပို့တဲ့ ဓာတ်အားကို ကျွန်တော်တို့က စက်ရုံရှိတဲ့ ပြည်နယ်နဲ့တိုင်းရော စက်ရုံမရှိတဲ့ ပြည်နယ်နဲ့ တိုင်းရော ဓာတ်အား ရအောင်လို့ဖြန့်ဖြူးပေးတာကို ဓာတ်အားစနစ်လို့ခေါ်တာပေါ့။ အကုန်လုံးကို ကွန်ရက်ကြီးတွေနဲ့ ကျွန်တော်တို့က ပေးပြီးတော့ ဓာတ်အားပေးစက်ရုံတွေ ဓာတ်အားခွဲရုံတွေ ပေါင်းပြီးတော့ ကွန်ရက်စနစ်နဲ့ ပေးတာ။ မွန်ပြည်နယ်မှာ ဒီစက်ရုံရှိလို့ မွန်ပြည်နယ်ပဲ သီးသန့်ပေးရမယ်လို့မဟုတ်ဘူး။ တစ်ပြည်လုံး အတိုင်းအတာမှာ အကုန်မျှပြီးပေးရမှာ။ ဒါမှ တစ်ပြည်လုံးမှာရှိတဲ့ပြည်သူတွေက အကုန်လုံးခံစားရမယ်။

မေး။ ။ အခုလို လျှပ်စစ်မီး အလှည့်ကျပေးနေရတဲ့အခါမှာ ဆေးရုံတွေနဲ့ အကျဉ်းစခန်း၊ အကျဉ်းထောင်တွေမှာ အခက်အခဲဖြစ်နေတယ်လို့ သိရတယ်။ အဲဒီအပေါ်မှာ လျှပ်စစ်မီး မဖြစ်မနေ ၂၄ နာရီ အပြည့်အဝ လိုအပ်နေတဲ့ ဆေးရုံတွေနဲ့ အကျဉ်းထောင်တွေအတွက် လျှပ်စစ်မီးပြတ်တောက်မှု အနည်းဆုံးဖြစ်အောင် ဘယ်လို စီမံဆောင်ရွက်ဖို့ ရှိလဲ။
ဖြေ။ ။ ဆေးရုံတို့ အကျဉ်းထောင်တို့ ဓာတ်အားရှိလို့ရှိရင် သူတို့ကို ဓာတ်အားအဆက်မပြတ်ပေးရမယ်။ အခုလည်း ပေးနေတယ်လို့ယူဆရတယ်။ ဒါပေမယ့် သက်ဆိုင်ရာပြည်နယ်လျှပ်စစ်တွေကို ကျွန်တော် သေချာမမေးရသေးဘူး။ ဒါပေမယ့် ကျွန်တော်တို့လုပ်ထုံးလုပ်နည်းအရဆိုရင် အကျဉ်းထောင်တို့ ဆေးရုံတို့ ဒါပေးကိုပေးရမယ်။ မရဘူးဆိုတဲ့အပေါ်မှာ အဲ့ကိစ္စတော့ လောလောဆယ်မှာ ကျွန်တော်မသိသေးဘူး။ မရဘူးဆိုရင်လည်း ဒါကိုရအောင် ကျွန်တော်လုပ်ပေးရမှာပေါ့။

မေး။ ။ နောက်တစ်ခုက မွန်ပြည်နယ်အတွက် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်လို အကောင်ထည်ဖော်ဆောင်ရွက်ပေးမယ်ဆိုတာနဲ့ ဘယ်လိုစက်မှုကဏ္ဍကို အရင်ဆုံး လုပ်ဆောင်ဖို့ရှိလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ စက်မှုဇုန်ကဏ္ဍကိုဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လက်ရှိအခြေအနေမှာ ကျွန်တော်တို့အောက်မှာ စက်မှုကြီးကြပ်ဌာနတစ်ခုရှိတယ်။ ဘတ်ဂျတ်သုံးစွဲတဲ့အခါကျတော့လည်း ပြည်ထောင်စုဘတ်ဂျက်ကိုသုံးတာ၊ ပြည်နယ်ဘတ်ဂျက်ကိုမသုံးဘူး။ မသုံးတဲ့အခြေအနေရှိတာပေါ့နော။် ပြည်ထောင်စုဘတ်ဂျက်ကိုပဲ သုံးတယ်။ ပြည်နယ် တိုင်းဘတ်ဂျက်ကိုမသုံးဘူး။ ကျွန်တော်တို့မှာတာဝန်ရှိတာက ကိုယ့်ပြည်နယ်အတွင်း စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်တော့ ကျွန်တော်တို့က ပြည်ထောင်စုနဲ့ပေါင်းစပ်ညှိနှိုင်းရမှာပေါ့ ၊အဲ့လိုပဲ လုပ်လို့ရတာကိုး။ကျွန်တော့်အနေနဲ့ မွန်ပြည်နယ်ရဲ့အခြေအနေ စက်မှုဇုန်ရဲ့အခြေအနေ ကျွန်တော် ဂဃနဏ မသိသေးပါဘူး၊အမှန်တိုင်းပြောတာ။ မသိသေးဘူးဆိုတော့ ဘာလုပ်ရမယ်ဆိုတာ လောလောဆယ်မသိသေးပါဘူး။

မေး။ ။ အခုဆိုရင် လျှပ်စစ်မီး ခဏခဏ ပျက်နေတယ်။ လျှပ်စစ်ဌာနအနေနဲ့က အလှည့်ကျပေးနေတယယ်လို့ ပြောတယ်။ ဒီလိုလျှပ်စစ်မီးကို အလှည့်ကျပေးတဲ့ စနစ်က ဘယ်လောက်အချိန်အတိုင်းအတာထိ ပေးမှာလဲ။ အဲလိုအလှည့်ကျ ဓာတ်အားအလှည့်ကျ ပေးနေရတဲ့ အခက်အခဲတွေက ဘာဖြစ်လို့ဆိုတာ ပြည်သူတွေသိအောင် ရှင်းပြပေးစေချင်တယ်။
ဖြေ။ ။ ကျွန်တော် မနေ့ကပဲ ပြည်နယ်လျှပ်စစ်ရုံးမှာ ပြည်နယ်လျှပ်စစ်နေရာ ခရိုင်လျှပ်စစ်နေရာ မြို့နယ်လျှပ်စစ်မှူးတွေနဲ့တွေ့တယ်၊ သူတို့ကိုလည်းမှာပြီးဖြစ်တယ်။ ဘယ်လိုမှာလဲဆိုတော့ ပြည်သူလူထု တွေကို တစ်ပိုင်းချင်းစီ လုပ်နေရတယ် ဒါကအချိန်ပိုင်းပေးနေရတာပေါ့နော် ပြီးတဲ့အခါ မှန်မှန်ကန်ကန်ဖြစ်ဖို့ ဓာတ်အားပြတ်တောက်မှု နည်းအောင်ဆောင်ရွက်ဖို့လည်းပြောထားတယ်။ ခုက ပြည်နယ်ဘတ်ဂျက် နဲ့သုံးတဲ့အခါမှာ ကျွန်တော်တို့ ဖြန့်ဖြူးမှုကို အဓိကထားပြီးပေးမှာ ။ပေးတဲ့အခါ အသစ်ကို စနစ်သစ်တိုးတက်အောင်ဆိုပြီး System improvement အနေနဲ့အသစ်တည်ဆောက်တာရှိတယ် Transformer မီးအားမြှင့်စက်တို့ ဓာတ်အားလိုင်းတို့အသစ်ဆောက်တာရှိတယ်၊ အဲ့ဒါအပြင်ကို နဂိုအဟောင်းရှိတဲ့ပင်မကိုလည်းပြုပြင်ဖို့လိုတယ်၊ အဖျားပိုင်းမှာကျွန်တော်တို့တိုးချဲ့တည်ဆောက်ပေမယ့် အရင်းပိုင်းမှာရှိတဲ့ ဓာတ်အားလိုင်းကမကောင်းဘူးဆိုရင်လည်း အရင်းပိုင်းရော အဖျားပိုင်းရော ဓာတ်အားရမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့်ကျွန်တော်တို့က အဖျားပိုင်းမှာအသစ်တည်ဆောက်လို့ရှိရင်လည်း အရင်းပိုင်းမှာရှိတဲ့ဓာတ်အား လိုင်းတွေကိုလည်း ကြံ့ခိုင်မှု Capacity ကောင်းအောင်ကျွန်တော်တို့က လုပ်ပေးရမယ်။ မနေ့ကကျွန်တော်မှာခဲ့ ပြီးပါပြီ။

မေး။ ။ ပြီးခဲ့တဲ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ လျှပ်စစ်မီးတာခကောက်ခံမှုစနစ်နဲ့ ပတ်သက်ပြီး အွန်လိုင်း (Online) သို့မဟုတ် မိုဘိုင်းအပလီကေးရှင်း (Moblie App) စနစ်နဲ့ ပြောင်းလဲကောက်ခံဖို့ တင်သွင်းခဲ့တဲ့အဆိုကို လွှတ်တော်က အတည်ပြုခဲ့တယ်ဆိုတော့ ပြည်နယ်အစိုးရအနေနဲ့ ဘယ်အချိန်မှာ အကောင်ထည်ဖော်ဆောင်ရွက်ပေးမလဲဆိုတာ ပြောပေးပါဦး။
ဖြေ။ ။ အတည်ပြုခဲ့တယ်ဆိုတာက ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ လွှတ်တော်မှာပြောတာ မှတ်တမ်းတင်ဖို့ပဲထားဖို့ ပြောတာ၊သို့သော်လည်းလွှတ်တော်ကအတည်ပြုတယ် ။အစိုးရကအုပ်ချုပ်ရေးပိုင်း၊ဟိုဒါကအတည်ပြုရေးပိုင်း၊ ဒါကတော့ သူ့အပိုင်းနဲ့သူပေါ့နော် သို့သော်လည်း တည်ဆောက်မှုစနစ် Building System ကျတော့ ကျွန်တော်တို့ တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့ရဲ့လုပ်ပိုင်ခွင့်တော့မရှိဘူး။ တည်ဆောက်မှုစနစ်က နိုင်ငံဘဏ္ဍာငွေပြည်ထောင်စုဝန်ကြီးဌာနရဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုလုပ်ငန်းတာဝန် ယူရတာ အဲ့ဒီငွေကလည်းပြည်ထောင်စုဝန်ကြီးဌာနကို နိုင်ငံတော်ဘဏ္ဍာအနေနဲ့ ရောက်တာ။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအနေနဲ့ကလည်းဒီဆောက်လုပ်မှုစနစ်လွှမ်းမိုးနိုင်အောင်လို့ လုပ်နေတယ်။MCC နေပြည်တော်တို့ ဘာတို့မှာဆိုရင် အဓိကအရင်းအမြစ်တွေကို အဲဒီကုမ္ပဏီတွေက ကျသင့်ငွေထုတ်ပေးတာပေါ့။ သူတို့က ကျသင့်ငွေထုတ်ပေးတာသက်သက်ပဲ မြန်မာတစ်ပြည်လုံးအတိုင်းအတာဆိုရင် တစ်လကို ၄၃ သန်းလောက်ပေးနေရတယ်။ ကုမ္ပဏီက ကျသင့်ငွေရတာပေါ့။ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်းရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ဘာသာ ဘီလ်ထုတ်လို့ရအောင်ကြိုးစားမယ်။ ကြိုးစားလို့ရှိရင် ကျွန်တော်တို့ဝန်ထမ်းတွေရဲ့အရည်အသွေးတွေ တက်လာမယ် ။ဘီလ်ဖိုးကကုန်ကျစရိတ်သက်သာသွားမယ်။ အဲဒီအတွက်ကို ကျွန်တော်တို့ပြည်ထောင်စုဝန်ကြီးဌာနမှာ ခွင့်ပြုချက်တောင်းထားပြီးပြီ ၊ သူတို့ရဲ့အစီအစဉ် အတိုင်းကို သူတို့ကလုပ်နေတယ်။ ဒါသည် ငွေရေးကြေးရေးနဲ့ ပတ်သက်နေတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်သည်ပေါ့ပေါ့ တွေးလို့မရဘူး ကျွန်တော်တို့လုပ်တဲ့ဒီအလုပ်က ငွေကြေးပေးသွင်းတဲ့ဟာက လုံခြုံမှုရှိဖို့လိုတယ်။တကယ်လို့ လုံခြုံမှုမရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့ပြည်သူတွေနစ်နာမယ်။ လုံခြုံမှုမရှိတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ အွန်လိုင်းကိုသွင်းလိုက်မယ်။ တကယ်လို့များလုံခြုံမှုမရှိလို့မရခဲ့ဘူးဆိုရင် ပြည်သူတွေပဲနစ်နာမယ် အဲ့ဒါကြောင့် အဖက်ဖက်ကစဉ်းစားပြီးအကောင်းဆုံးဖြစ်အောင်လုပ်နေတယ်၊ မကြာခင်မှာပဲ အကောင်းဆုံးပုံစံဖြစ်လာပါမယ်။

မေး။ ။ အစိုးရအနေနဲ့ လျှပ်စစ် မီတာခကို အွန်းလိုင်း (Online) သို့မဟုတ် မိုဘိုင်းအပလီကေးရှင်း (Moblie App) စနစ်နဲ့ အကောင်အထည်ဖော်မဆောင်ရွက်နိုင်သေးခင်မှာ ယခင်ကလို ဝန်ဆောင်မှုမော်တော်ယာဉ်နဲ့ ရပ်ကွက်တွေမှာ ကောက်ခံဖို့ အစီအစဉ် လုပ်ဆောင်ပေးဖို့ရှိလား။
ဖြေ။ ။ လောလောဆယ်မှာ ကျွန်တော်တို့ပြည်နယ်အစိုးရအဖွဲ့တွေမှာ အစီစဉ်မရှိဘူး။ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးမှုလုပ်ငန်းအနေနဲ့ ကတော့ အဲ့ဒါကို ကျွန်တော်တို့ ထပ်ပြီးစဉ်းစားပြီးလုပ်ဖို့ကတော့ စဉ်းစားနေတယ် ၊သူတို့လုပ်တဲ့ စနစ်ကလည်း နှစ်နဲ့ချီပြီးမကြာဘူး လပိုင်းလောက်နဲ့အကောင်အထည်ပေါ်လာမှာ ၊အဲဒါကြောင့်မို့ သူတို့က ချင့်ချိန်ပြီးလုပ်နေတယ်။

မေး။ ။ အခုလို လျှပ်စစ်ဓာတ်အားကို ၂၄ နာရီအပြည့်အဝရရှိဖို့ ဘယ်လောက်အချိန်အတိုင်းအတာထိ ကြန့်ကြာနေဦးမှာလဲ။
ဖြေ။ ။ ကြန့်ကြာတယ်ဆိုတာကတော့ ကျွန်တော်တို့ရေအားလျှပ်စစ်တွေမှာစက်ရုံတွေမှာဆည်တွေရှိတယ်။ အဲ့ဒီဆည်တွေကို များများဝင်လာရင်တော့ပိုပြီးတော့ မြန်တာပေါ့ဗျာ၊ ကျွန်တော်တို့ ရေအားစက်ရုံတွေက မြောက်ပိုင်းမှာများတယ်၊ မြန်မာပြည်မြောက်ပိုင်းမှာ မိုးများများရွာမှကျွန်တော်တို့ဆည်တွေကိုရေများများဝင်မှာ မြန်မာပြည်အောက်ပိုင်းမှာ မိုးများများရွာသော်လည်းအပေါ်ပိုင်းစက်ရုံတွေမှာရေမဝင်လို့ရှိရင်လည်း အခက်အခဲ ရှိတယ် မိုးကစောစောကျလာမယ်ဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။

မေး။ ။ ဝန်ကြီးအနေနဲ့ ပြည်သူတွေကို အသိပေးပြောချင်တဲ့ စကားများရှိရင် ပြောပေးပါဦး။
ဖြေ။ ။ ပြည်သူတွေကိုပြောချင်တာက ထုတ်လုပ်မှုနဲ့သုံးစွဲမှုမမျှတဲ့အတွက်ကြောင့်မို့လို့ အပိုင်းလိုက် အပိုင်းလိုက် ဓာတ်အားဖြန့်ဖြူးပေးနေရတယ် ။ကျွန်တော်တို့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန အနေနဲ့ကလည်း အဲ့လိုမျိုးဖြစ်တာကို မလုပ်ချင်ဘူး ကျွန်တော်တို့က အပိုင်းလိုက်အပိုင်းလိုက်မဖြတ်ဘူးဆိုရင် ထုတ်လုပ်မှုနဲ့သုံးစွဲမှုတစ်ဖက်စောင်း သွားပြီဆိုလို့ရှိရင် စနစ်ကြီးက ပျက်စီးသွားမယ်။ပျက်စီးသွားတဲ့အခါကျရင် တစ်ပြည်လုံးမီးမှောင်သွားမယ် အခုက အပိုင်းခွဲထားတဲ့အတွက်ကြောင့်မို့ ရတဲ့နေရာကရပြီးတော့ မရတဲ့နေရာကခဏမရဘူး၊ အဲ့တော့ တစ်ပြည်လုံးမှောင်တာထက်စာရင် ခုနကလိုမျိုး ရတဲ့အပိုင်းကရ မရတဲ့အပိုင်းကမရဆိုရင် ဒါကပိုပြီးတော့သင့်တော်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က စနစ်ကိုကြည့်ပြီး တော့ဝန်အားကိုထိန်းသိမ်းပေးနေရတာပေါ့။ ကျွန်တော်တို့အနေနဲ့ကတော့ ပြည်သူတွေက ဒုက္ခမခံစားချင်ဘူးဆိုရင် ကျွန်တော်တို့ခုဆို ရေအားလျှပ်စစ်ထုတ်ဖို့ ကန့်ကွက်နေတယ်၊ ကျောက်မီးသွေး နဲ့ဆိုရင် ကန့်ကွက်နေကြတယ်။အဲ့ဒါတွေမှမလုပ်လို့ရှိရင် ကျွန်တော်တို့ ဓာတ်အားတိုးထုတ်ဖို့က ကျွန်တော်တို့မှာ ရေအားတို့ ဒါတို့ပဲသုံးနေရတာ စီမံကိန်းကာလကကြာသော်လည်း စရိတ်စက သက်သာတယ်။ ကျောက်မီးသွေးကလည်း စီမံကိန်း Total ဓာတ်အားခလည်းသက်သာတယ်။ အဲ့ဒါလေးကိုကျွန်တော်တို့က လုပ်ချင်သော်လည်း ကန့်ကွက်မှုတွေရှိနေတဲ့ အတွက်ကြောင့်မို့ အဲ့ဒီအခက်အခဲပြဿနာတော့ရှိတာပေါ့နော်၊ ရေတိုအနေနဲ့NLG တို့ ဓာတ်ငွေ့တို့နဲ့လုပ်မယ်ဆိုလို့ရှိရင် ဒါကဈေးကြီးမယ် ဝန်ထုပ်ဝန်ပိုးဖြစ်မယ်၊ အဲ့ဒီအနေအထား တွေလည်းရှိတာပေါ့နော် ပြည်ထောင်စုဝန်ကြီးဌာနအနေနဲ့လည်း အကုန်လုံးကို ချင့်ချိန်ပြီး လုပ်နေရတယ်။ ဓာတ်အားပိုမိုရရှိဖို့ စက်ရုံတည်ဆောက်တဲ့အခါမှာ No Dam No Coal ဆိုတဲ့ ကန့်ကွက်တာတွေကို အတတ်နိုင်ဆုံး ပြည်သူလူထုတွေက လျှော့ချပြီးတော့ ကျွန်တော်တို့ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနဲ့ ပူးပေါင်း ပေးပါလို့ မေတ္တာရပ်ခံပါတယ်။

ခေတ်မင်း

Leave a Reply