မွန်ပြည်နယ်လွှတ်တော်၏ ပထမ ငါးနှစ်တာကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်များ တင်သွင်းခဲ့သော အဆိုများနှင့် ပတ်သက်၍ လုပ်ဆောင်ချက်များအရ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) မှ ကိုယ်စားလှယ်ဟောင်း ဒေါက်တာအောင်နိုင်ဦး အနေဖြင့် အားရကျေနပ်မှုမရှိသေးကြောင်း ၎င်းက ပြောသည်။
လွှတ်တော်သို့ တင်သွင်းသော အဆိုများအား အတည်ပြုခဲ့သည်ဆိုလျှင် လုပ်ဆောင်ရမည့် ဆုံးဖြတ်ချက်များ ပါဝင်ကြောင်း၊ ဒီမိုကရေစီအစိုးရ လက်ထက်တွင် လွှတ်တော်ဆုံးဖြတ်ချက်များကို အလေးထား တန်ဖိုးထား၍ အတိအကျ လိုက်နာရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မွန်ပြည်နယ် ပထမလွှတ်တော်သက်တမ်းတွင် ကိုယ်စားလှယ်များ တင်သွင်းခဲ့သော အဆို ၄၅ ခု ရှိသည့်အနက် အတည်ပြုခဲ့သော အဆို ၃၄ ခု၊ အတည်မပြုသည့်အဆို တစ်ခု၊ မှတ်တမ်းတင်သည့်အဆို ရှစ်ခု၊ ဆိုင်ငံ့သည့်အဆို တစ်ခုနှင့် မေးခွန်းပြောင်းသည့်အဆို တစ်ခု ပါဝင်သည်။
“ကျွန်တော်မြင်တာကတော့ ပြည်ထောင်စုနဲ့ ပြည်နယ်တွေမှာ နည်းနည်းလေးကွဲလွဲချက် အားနည်းချက် အားသာချက်လေး တွေ့ရတယ်၊ ကျွန်တော်သုံးသပ်သလောက်က ငါးနှစ်တာကာလမှာ လုပ်ထားတဲ့ အဆို အရေအတွက် မေးခွန်းမေးထားတဲ့ အရေအတွက်တွေ နည်းတယ်လို့ထင်တယ်”ဟု ပေါင်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) မှ အနိုင်ရ ကိုယ်စားလှယ်အသစ် ဦးဇော်ဇော်ထူးက ပြောသည်။