မော်လမြိုင်၊ နိုဝင်ဘာ ။ ။ လူတန်းစားအလွှာအသီးသီးမှ လူနေမှုဘဝကိုဓာတ်ပုံပြိုင်ပွဲအဖြစ်ကျင်းပသွားရန် မွန်ပြည်နယ်လွှတ်တော်ကစီစဉ်လျက်ရှိကြောင်းမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးကဟင်္သာမီဒီယာသို့ ပြောကြားသည်။

hluttaw
“အဓိကကတော့ လူတန်းစားအလွှာအသီးသီးကိုကိုယ်စားပြုတဲ့ ပုံသဏ္ဌာန်မျိုးပေါက်တဲ့ ဓာတ်ပုံတွေကိုလွှတ်တော် နံရံတွေမှာကပ်သွားမှာ ဖြစ်တယ်၊ လှုပ်ရှားရှင်သန် လုပ်ဆောင်နေတဲ့ ပုံတွေကိုပဲဦးစားပေးရွေးချယ်သွားမယ်”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါ ဓာတ်ပုံများကိုရွေးချယ်နိုင်ရေးအတွက် ဓာတ်ပုံဆရာများကိုဖိတ်ခေါ်သွားမည်ဖြစ်ပြီး၊ လူနေမှုဘဝများကိုဖော်ဆောင်စေမည့် ဓါတ်ပုံ ၅၀ ခန့်ကိုရွေးချယ် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် ဓါတ်ပုံပညာရှင်များအနေဖြင့် ကင်မရာအပြင် ဖုန်းများဖြင့် ရိုက်ထားသည့် ဓာတ်ပုံများကိုလည်းဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ၎င်းက ပြောသည်။

လူနေမှုဘဝဓာတ်ပုံပြိုင်ပွဲကိုဒီဇင်ဘာလတွင် ပြုလုပ်ရန် စီစဉ်ထားပြီး၊ ပြိုင်ပွဲပြုလုပ်မည့် နေ့ရက်ကိုထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လွှတ်တော်ဝင်းအတွင်းရှိနံရံများ၌ လူနေမှှုု ဘဝမျိုးစုံ၏ ဓာတ်ပုံများကိုချိတ်ဆွဲထားခြင်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိကိုယ်စားပြုသည့် လူထုဘဝများကိုမမေ့ဘဲလူတန်းစားအလွှာအသီးသီး၏ အကျိုးကိုပိုမိုထမ်းဆောင်နိုင် မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းအပြင် လွှတ်တော်သို့ ရောက်ရှိလာသည့် ဧည့်သည်များအနေဖြင့် ဓာတ်ပုံများကို ကြည့်ရှုခြင်းအားဖြင့် လွှတ်တော်ကလူနေမှုဘဝအကျိုးကိုဖော်ဆောင်နေသည့် လွှတ်တော် တစ်ရပ်အဖြစ် မြင်လာမည်ဟု ၎င်းက ဆက်လက် ပြောဆိုလိုက်သည်။

ထို့အပြင် မွန်ပြည်နယ်အစိုးရအဖွဲ့မှလည်းမွန်ပြည်နယ်နေရာအနှံ့အပြားမှ သဘာဝရှုခင်းဓာတ်ပုံပြိုင်ပွဲကိုကျင်းပသွားရန် စီစဉ်လျက်ရှိနေကြောင်းမွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

Written by – ဇော်ထိုက်

Leave a Reply