မွန်ပြည်နယ်လွှတ်တော်သည် အခြားသော ပြည်နယ်၊ တိုင်းဒေသကြီးများရှိ ဒေသတွင်း လွှတ်တော်များနည်းတူ အစိမ်းရောင်လွှမ်းသော သက်တမ်း တစ်ဆက်၊ ပင်နီလွှမ်းသော သက်တမ်းတစ်ဆက်ကို ကြုံတွေ့ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။

ယင်းကာလ နှစ်ဆက်အတွင်း မွန်ပြည်နယ်လွှတ်တော်၏ သတင်းအချက်အလက် မည်မျှကို မည်သည့်အတိုင်းအတာထိ ဒေသခံလူထုက ကြားမြင်သိရှိခဲ့သနည်း။

လွှတ်တော်၏ ပဲ့တင်သံကို ပြည်သူ့ဘက်က ပီသတိကျစွာ သိရှိနေဖို့ မည်သူ့တွင် တာဝန်ရှိသနည်း။

ယင်းမေးခွန်းများမှာ မကြာမီ အသက်ဝင်လာတော့မည့် တတိယမြောက် လွှတ်တော်သက်တမ်း၏ ဒီမိုကရေစီအလားအလာအတွက် အဓိကကျသော မေးခွန်း၊ ပဓာနဆန်သော ပုစ္ဆာလည်း ဖြစ်လေသည်။

+++

မွန်ပြည်နယ်လွှတ်တော်တွင် သတင်းရယူခွင့်နှင့် မီဒီယာသမားတို့အမြင်

မွန်ပြည်နယ်လွှတ်တော်တွင် သတင်းရယူခွင့်နှင့်ပတ်သက်၍ ဒေသတွင်း အခြေစိုက် မီဒီယာသမားအများစုက အကောင်းမြင်ကြကြောင်း ကာယကံရှင်တို့ထံမှ စုံစမ်းသိရှိရသည်။

မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက် – SMJN ညှိနှိုင်းရေးမှူး ဦးဇော်လွင်ထွဋ်က “လက်ရှိ မွန်ပြည်နယ်လွှတ်တော်နဲ့ပတ်သက်လို့ရှိရင် Right to Information သတင်းအချက်အလက် ရရှိမှု၊ ပြီးတော့ Access to Information သတင်းသိရှိပိုင်ခွင့်နဲ့ပတ်သက်ရင် အဲဒီအချက် နှစ်ခုစလုံးက လက်ရှိ ငါးနှစ်တာကာလအတွင်းမှာ လုံးဝ အဆင်ပြေနေတဲ့ အနေအထားတစ်ခု ဖြစ်နေတယ်”ဟု မှတ်ချက်ပြုသည်။

လွှတ်တော်၏ သတင်းထုတ်ပြန်မှုအပိုင်းမှာလည်း အားရကျေနပ်ဖွယ် ရှိနေကြောင်း သူကိုယ်တိုင်၏ ငါးနှစ်တာ သတင်းရယူခဲ့မှုအတွေ့အကြုံအပေါ် ခြုံငုံသုံးသပ်ပြသည်။

“တခြား တိုင်းနဲ့ ပြည်နယ်တွေက လွှတ်တော်တွေ အများကြီး ကျွန်တော်တို့ လေ့လာလိုက်ကြည့်တယ်။ တိုင်းနဲ့ ပြည်နယ် ၁၄ ခုက လွှတ်တော်တွေ လိုက်လေ့လာကြည့်တဲ့အခါမှာ ဒီ မွန်ပြည်နယ်လွှတ်တော်က သတင်းအချက်အလက် ထုတ်ပြန်တာရော၊ ရရှိမှုရောပေါ့လေ၊ ပြည်သူကို ပေးတဲ့ အချက်အလက်တွေ အားလုံးက စံပြအနေနဲ့တောင် ပြောလို့ရတယ်”ဟု ဦးဇော်လွင်ထွဋ်က ဆို၏။

ပုံမှန်အားဖြင့် လွှတ်တော်သတင်းရယူရာတွင် အပိုင်းနှစ်ပိုင်း ရှိရာ ပထမအပိုင်း လွှတ်တော်တွင်း အစည်းအဝေးတွင် သတင်းရယူမှုအပိုင်း၊ နောက်တစ်ပိုင်း သတင်းအချက်အလက်နှင့်ပတ်သက်၍ ထပ်ဆောင်း သိလိုသည်များကို သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌ၊ ဒု ဥက္ကဋ္ဌအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များထံ သွားရောက်ဆက်သွယ်မေးမြန်းမှုအပိုင်း၊ ယင်း အပိုင်းနှစ်ပိုင်းစလုံး လွယ်ကူအဆင်ပြေကြောင်း ၎င်းက ပြောသည်။

မြန်မာ၊ အင်္ဂလိပ်၊ မွန် ဘာသာစကား သုံးမျိုးဖြင့် တင်ဆက်နေသော မွန်ပြည်နယ်အခြေစိုက် မီဒီယာတစ်ရပ်ဖြစ်သည့် မွန်သတင်းအေဂျင်စီ၏ အယ်ဒီတာချုပ် နိုင်ဗညားအောင်ကလည်း ပြည်နယ်လွှတ်တော်ထံမှ သတင်းရယူနိုင်မှုအခြေအနေမှာ ကျေနပ်ဖွယ်ဖြစ်သည်ဟု မှတ်ချက်ပြုသည်။

“လွှတ်တော်ကိုယ်စားလှယ်နဲ့ သတင်းထောက်နဲ့ ဆက်ဆံရေးက အရမ်းကောင်းတယ်”ဟု နိုင်ဗညားအောင်က ရှုမြင်သည်။

+++

အိမ်နီးချင်းလွှတ်တော်များနှင့် နှိုင်းယှဉ်မှု

မွန်ပြည်နယ်လွှတ်တော်အနေဖြင့် သတင်းပေးမှုအပိုင်းတွင် အိမ်နီးချင်းဒေသ လွှတ်တော်နှစ်ရပ်ဖြစ်သည့် တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်တို့နှင့် နှိုင်းယှဉ်ပါက အလယ်အလတ်အဆင့် သတ်မှတ်ရဖွယ်ရှိကြောင်း Eleven Media မှ မော်လမြိုင်အခြေစိုက် သတင်းထောက် ဦးသောင်းထွန်းက ယူဆသည်။

“တနင်္သာရီမှာ ကျွန်တော်တို့ မီဒီယာ( Eleven)က (ဒေသသတင်းထောက်) ရှိတယ်။ လွှတ်တော်အစီအစဉ်တွေရော၊ အစီအရင်ခံစာတွေရော တစ်ရက်ကြိုတောင် ရနေတာ။ ကျွန်တော်တို့ မွန်ပြည်နယ်မှာက ဒီ သတင်းကို အသံဖြည်ရမယ်၊ ပြန်နားထောင်ရမယ်။ နောက်နေ့ ကူးတော့မှပဲ ချ ရေးရမယ်။ ဘယ်လိုမှကို Update မဖြစ်နိုင်ဘူး။ ဒါကတော့ တနင်္သာရီက သာတဲ့ အချက်။ ကရင်ပြည်နယ်မှာကတော့ ခုချိန်ထိ မီဒီယာ မပေါက်သေးဘူးလေ။ ကရင်လွှတ်တော်သတင်းက တစ်ခါမှ Facbook မှာ စသဖြင့် မတွေ့ဘူး။ အဲဒီနှစ်ခုနဲ့ စာရင်တော့ ကျွန်တော်တို့ အလယ်အလတ်လောက်မှာ ရှိနေတယ်”ဟု ဦးသောင်းထွန်းက ဆိုသည်။

မွန်လွှတ်တော်သည် Action ခေါ် အရေးယူဆောင်ရွက်မှုပိုင်းတွင် အားနည်းသည်ဟု သူက ယူဆသည်။

“မွန်ပြည်နယ်လွှတ်တော်က အစိုးရအပေါ် ပြစ်တင်ဝေဖန်တာ စသဖြင့်တွေက Action ဘာမှ ဖြစ်မလာဘူး။ ဝေဖန်တာပဲ ရှိတယ်၊ Action မှ မဖြစ်တာ။ ဥပမာ ပြောရရင် ပြည်နယ်စည်ပင်ဥပဒေ၊ ဒီလောက်အော်နေတာ Action ဖြစ်လား။ Action မဖြစ်ရင် ကယားပြည်နယ်မှာလိုမျိုး စွပ်စွဲတာမျိုး ရှိလား၊ ဒီလွှတ်တော်က။ ကျွန်တော် မသိလို့ မေးပါရစေ၊ လုပ် မတတ်တာလား”ဟု ဦးသောင်းထွန်းက မေးခွန်းထုတ်သည်။

အချုပ်အားဖြင့် “ကြားမှာ ရှိတယ်၊ ဒါပေမဲ့ အမှတ်ပေးရင်တော့ အောင်မှတ်မရသေးဘူး” ဟု ၎င်းက ဆို၏။

+++

လွှတ်တော်က သတင်းဆိုင်ရာ တာဝန်ရှိသူ၏ လုပ်ဆောင်ချက်

သတင်းသမားတို့ သတင်းရယူမှုအပိုင်း၌ မကင်းကြသည့် ပုဂ္ဂိုလ်တစ်ဦး လွှတ်တော်တွင် ရှိနေသည်။ ၎င်းမှာ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး ဖြစ်သည်။

ဒေါက်တာအောင်နိုင်ဦးမှာ ပြည်ခိုင်ဖြိုးအမတ်များလွှမ်းမိုးသည့် ပထမလွှတ်တော်သက်တမ်းကာလက လွှတ်တော်သတင်းလွှာဟူသည့် ပုံနှိပ်စာစောင်ကို တာဝန်ယူခဲ့ဖူးသလို NLD အမတ်များ လွှမ်းမိုးသည့် ဒုတိယလွှတ်တော်သက်တမ်းတွင်လည်း လွှတ်တော်ဂျာနယ်ဟူ၍ အမည်ရသည့် လစဉ်ထုတ် သတင်းစာစောင်တွင် အယ်ဒီတာဖြစ်ခဲ့သည်။

သူသည် ပြီးခဲ့သည့် ရွေးကောက်ပွဲ သုံးခုစလုံးတွင် ဆက်တိုက် ရွေးကောက်ခံထားရသူဖြစ်သည်။

ဒေါက်တာအောင်နိုင်ဦးက ဒေသတွင်း သတင်းမီဒီယာအစုအဖွဲ့တစ်ရပ်ဖြစ်သည့် မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက် – SMJNနှင့်လည်း ၂၀၁၆ ဝန်းကျင်က စဆွေးနွေးညှိနှိုင်းကာ လွှတ်တော်သတင်း ရယူရေးကဏ္ဍ လုပ်ဆောင်ခဲ့ကြောင်း သံလွင်တိုင်းမ် သတင်းဌာန အယ်ဒီတာ ဦးကြည်ဇော်လွင် ခေါ် စာရေးဆရာ သံလွင်အေးထံမှ သိရသည်။

လွှတ်တော်သတင်းလွှာ စာစောင်ကို အခမဲ့ ဖြန့်ချိခဲ့သလို လွှတ်တော်ဂျာနယ်ကို အဖိုးနှုန်းထားတစ်ခု သတ်မှတ်လျက် ရောင်းတမ်းဝင်အောင် ဒေါက်တာအောင်နိုင်ဦးက အားထုတ်ကာ ဂျာနယ်ထုတ်လုပ်မှုစရိတ်ကို ဆွဲချုံ့ပစ်ဖို့ စာမူအရည်အသွေးကို မြှင့်တင်ရင်း ကြိုးပမ်းခဲ့ဖူးကြောင်း ဒေသတွင်း မီဒီယာတစ်ရပ်၏ အပတ်စဉ်ထုတ် ဂျာနယ်တွင် လုပ်ကိုင်ခဲ့ဖူးသူ တာဝန်ခံအယ်ဒီတာတစ်ဦးက ပြောသည်။

လွှတ်တော်သတင်းရယူခွင့်ဆိုင်ရာ လုပ်ဆောင်ချက်နှင့်ပတ်သက်၍ ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ကာယကံရှင်၏ အယူအဆကို မေးမြန်းရာ “အဓိကက လွှတ်တော်ရဲ့ ပင်မ လုပ်ငန်းတာဝန် သုံးရပ်နဲ့ ကျွန်တော်တို့ အရင် ကြည့်ရတာပေါ့။ ဥပဒေပြုခြင်း၊ အပြန်အလှန် စောင့်ကြည့်ထိန်းကျောင်းခြင်းနဲ့ ကိုယ်စားပြုခြင်းပေါ့။ ကိုယ်စားပြုခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒီကဏ္ဍရှိတယ်။ လွှတ်တော်သည် ပြည်နယ်သူ ပြည်နယ်သားတွေအားလုံးရဲ့ ကိုယ်စားပြုရာနေရာလို့ ကျွန်တော် အမြဲမှတ်ယူတယ်။ ပြည်သူလူထုကို ကိုယ်စားပြုပြီးတော့ ကျွန်တော်တို့ ဒီမှာ ဘယ်လောက်ထိ ဆွေးနွေးငြင်းခုန်ပြီးတော့ လုပ်ကိုင်နေသလဲဆိုတာ လူထု သိဖို့ လိုတယ်”ဟု စကားဦးချီကာ ဖြေသည်။

မီဒီယာမှတဆင့် Public Relationship ကို Channel တစ်ခုအနေနှင့် တည်ဆောက်ခဲ့ကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။ ယင်းအပိုင်းတွင် မီဒီယာကို မည်မျှ ခွင့်ပြုနိုင်ကြောင်း၊ ကိုယ်စားပြုမှုအရ အသိအမှတ်ပြု ခွင့်ပေးနိုင်ကြောင်း လွှတ်တော်တာဝန်ရှိသူအနေဖြင့် အလေးအနက် စဉ်းစားခဲ့ရသည်ဟုလည်း ဆိုသည်။

“မီဒီယာတွေရဲ့ သတင်းလွတ်လပ်ခွင့်ကို ပြောရရင်တော့ ၉၀ ရာခိုင်နှုန်းလောက်အထိ ကျွန်တော်တို့ ဖွင့်ပေးလိုက်တယ်။ တစ်ခုပဲပေါ့၊ အစည်းအဝေးကို လာတဲ့အခါကျရင် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာပေးဖို့နဲ့ အတက်အဆင်း လုပ်တဲ့အခါကျရင် စာရင်းဇယားတွေ ကြိုပြီးတော့ ပေးထားဖို့၊ ဒီလောက်ပဲ။ ဒါကတော့ လွှတ်တော်ရဲ့ လုံခြုံရေးအရ ကျွန်တော်တို့ ယူတာ”ဟု မွန်တိုင်းရင်းသားဖြစ်သော်လည်း အညာသားဟန် သွင်ပြင်ရှိသည့် အသားညိုညိုနှင့် ထိုသူက ပြောပြသည်။

နောက်စည်းမျဉ်းတစ်ချက်မှာ လွှတ်တော်တွင် လှေကားနှစ်ကန့်ရှိပြီး ကိုယ်စားလှယ်နှင့် ဧည့်သည်များ တစ်ကန့်၊ သတင်းမီဒီယာသမားတစ်ကန့် အဆင်းအတက်ပြုလုပ်ရန် ဖြစ်သည်။

လွှတ်တော် ဒု ဥက္ကဋ္ဌက စကားလက်စ မဆုံးမီမှာပင် နည်းပညာပိုင်းဆိုင်ရာ ပညာရှင်များ အကူအညီဖြင့် ရေးဆွဲထားသည်ဆိုသော ၎င်းတို့ မွမ်းမံပြင်ဆင်မည့် လွှတ်တော် ဝက်ဆိုက်တ် ပုံကြမ်းဇယားကို အာရုံစိုက် ငုံ့ကြည့်နေခဲ့သည်။

+++

( ဓာတ်ပုံ အညွှန်း – ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမနေ့တွင် ကိုယ်စားလှယ်လောင်းများ ကျမ်းသစ္စာကျိန်ဆိုနေပုံ )

သတင်းရယူခွင့်၊ လွတ်လပ်မှုတို့ကို ဇောင်းပေးခြင်း

သတင်းမွှေးသည်ဟု မဆိုသာသည့်တိုင် ဝေဖန်ရှုတ်ချခံရမှု နည်းသော မွန်ပြည်နယ်လွှတ်တော်၏ သတင်းအချက်အလက်အခန်းကဏ္ဍကို ထဲထဲဝင်ဝင် လုပ်ဆောင်နေသူ ဒေါက်တာအောင်နိုင်ဦးမှာ အစိမ်းရောင်လွှမ်းသော လွှတ်တော်တွင်ရော ပင်နီလွှမ်းသော လွှတ်တော်တွင်ပါ သက်တမ်းတိုင်းတွင် မွန်တိုင်းရင်းသားပါတီကိုယ်စားပြု ရွေးကောက်တင်မြှောက်ခံခဲ့ရသူ ဖြစ်နေသည်။

ယင်းအချက်ကပင်လျှင် မီဒီယာလွတ်လပ်ခွင့်အပေါ် သက်ရောက်မှု ရှိခဲ့ပါသလား။

မွန်သတင်းအေဂျင်စီ အယ်ဒီတာချုပ် နိုင်ဗညားအောင်ကတော့ “လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ ဆိုင်တယ်။ လွှတ်တော်ဥက္ကဋ္ဌရဲ့ သဘောထားကြီးမှုပါပဲ၊ ဥက္ကဋ္ဌတွေ အရေးကြီးတယ်”ဟု ရှုမြင်သည်။

လွှတ်တော်ဥက္ကဋ္ဌတိုင်းမှာ အာဏာရပါတီအသီးသီးမှသာ ဖြစ်ကြကြောင်း နိုင်ဗညားအောင်က ဆန်းစစ်ထောက်ပြသည်။

သံလွင်တိုင်းမ်မှ ဦးကြည်ဇော်လွင်က မွန်လွှတ်တော် သတင်းရယူရန် ပြေလွင်မှုနှင့်ပတ်သက်၍ “အထူးသဖြင့် ဒေါက်တာအောင်နိုင်ဦးက လွှတ်တော်လုပ်ငန်း အတွေ့အကြုံ ရှိခဲ့တယ်။ သူက ပထမအကြိမ်လွှတ်တော်ကနေ ဒုတိယအကြိမ် လွှတ်တော်အပြောင်းမှာ ပြန်ပါလာတဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ပါ။ လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းကို သူ သိတယ်။ နောက်တစ်ခုက လွှတ်တော်မှာ ဒု ဥက္ကဋ္ဌဆိုတာ စီမံရေးရာအတွက် တာဝန်ယူရသူဆိုတော့ သူ အဲဒီရာထူးကို ရတဲ့အခါကျတော့ စိတ်ထဲမှာ တက်တက်ကြွကြွ လုပ်တယ်၊ ဒါကြောင့်လည်း ပါတယ်”ဟု သုံးသပ်သည်။

ကာယကံရှင်ဖြစ်သည့် ဒေါက်တာအောင်နိုင်ဦးကတော့ သတင်းရယူခွင့် လွတ်လပ်မှုမှာ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့၏ အခန်းကဏ္ဍအရေးကြီးကြောင်း ပြောကြားသည်။

“အဓိကကတော့ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေရဲ့ အခန်းကဏ္ဍကတော့ အရေးကြီးတာပေါ့။ ဆိုလိုတာက အခု အနေအထားက ကျွန်တော်နဲ့ လက်ရှိ လွှတ်တော်ဥက္ကဋ္ဌနဲ့က သီအိုရီပိုင်းအရတော့ နားလည်ထားပြီးပြီ။ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုနဲ့လည်း တည်ဆောက်ပြီးတော့ ဖြတ်သန်းနိုင်ခဲ့ကြတယ်ပေါ့ဗျာ။ ပြောရရင်တော့ ကျွန်တော် ဖော်ပြတဲ့သတင်းတွေကိုလည်း ကျွန်တော် တာဝန်ခံသလို ကျွန်တော့်တာဝန်ခံမှုကိုလည်း ဥက္ကဋ္ဌက စိတ်ချတယ်။ ဒါကြောင့်မို့ ဟန်ချက်ညီညီနဲ့ လုပ်နိုင်ခဲ့တယ်။ နောက် သက်တမ်းတွေကျတော့ လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ကဏ္ဍမှာ ဘယ်သူတွေ ပါလာမလဲဆိုတာ ကျွန်တော်တို့က မသိသေးဘူး။ အကယ်၍ ဒီလိုမျိုးပဲ ဟန်ချက်ညီတဲ့ နှစ်ယောက်ဖြစ်လာရင်လည်း ဒီအတိုင်း ဆက်ပြီး သွားလိမ့်မယ်လို့ ကျွန်တော် မြင်တယ်။ အကယ်၍ တက်လာတဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ သဘောထားက တစ်မျိုးပြောင်းသွားရင်တော့လည်း ဒီ သတင်းရယူမှုတို့ လွတ်လပ်ခွင့်တို့က အကန့်အသတ်လိုမျိုး ဖြစ်လာရင်လည်း ဖြစ်လာမှာပေါ့။ အဲဒါလေးတစ်ခုတော့ ဆုတောင်းရမှာပေါ့လေ”ဟု ဆိုသည်။

လွှတ်တော်၏ ဥက္ကဋ္ဌနှင့် ဒု ဥက္ကဋ္ဌတို့ သီအိုရီပိုင်းဆိုင်ရာ၊ ကျွမ်းကျင်မှုပိုင်းရာ၊ သဘောသဘာဝပိုင်းဆိုင်ရာ အမှန်တကယ် နားလည်သူများ ဖြစ်ပါက ပိုမိုကောင်းမွန်မည်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

+++

မီဒီယာသမားတို့ ပြသရမည့် အစွမ်းအစ

သတင်းအချက်အလက် ရပိုင်ခွင့် ဥပဒေ အတည်မပြုနိုင်သေးသော ယခုကာလဝယ် ဒေသအလိုက် လွှတ်တော်တွင်း အထိုက်အလျောက် ရရှိခဲ့သော သတင်းရယူမှု လွတ်လပ်ခွင့်ကို ဒေသခံ သတင်းသမားတို့က ထိထိမိမိ အသုံးချနိုင်ခဲ့ကြပါသလား။

မွန်သတင်းအေဂျင်စီ အယ်ဒီတာချုပ် နိုင်ဗညားအောင်ကတော့ “ထိထိမိမိတော့ မရောက်ဘူးဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပြည်နယ်က သတင်းထောက်တွေမှာ တိုင်းရင်းသားတွေလည်း များတယ်။ နောက် နိုင်ငံရေးအတွေ့အကြုံ၊ လွှတ်တော်အတွေ့အကြုံတွေလည်း နည်းတယ်၊ အဓိကကတော့ သတင်းထောက်တွေ လိုတယ်ဆိုတဲ့ဥစ္စာကိုတော့ ကျွန်တော်ကတော့ ဝန်ခံတယ်လေ။ ဘာလို့လဲဆိုတော့ သတင်းထောက်သက်တမ်း နုတာလည်း ပါတယ်။ နောက် သူတို့ကလည်း အိမ်စာတွေ မလုပ်နိုင်ဘူး”ဟု တွေးဆသုံးသပ်သည်။

ဆွေးနွေးသည့် အကြောင်းခြင်းရာနှင့်ပတ်သက်၍ နောက်ခံအချက်အလက်များ မရရှိထားခြင်းမျိုး၊ ပြောဆိုသည့် စကားလုံး အသွားအလာ၊ အတိမ်အနက်ကို သတိမထားမိခြင်းမျိုး သတင်းသမားတို့မှာ ကြုံတွေ့ရနိုင်ခြေ ရှိနေသည်။

“နောက်ပြီးတော့လည်း တခုခုဆိုရင် အဲဒါကိုပဲ အုံပြီးတော့ ရေးကြတယ်ဗျ။ ခေါင်းစဉ်ကလည်း တစ်ခုတည်းပဲ ဖြစ်နေတယ်။ ခြားပြီးတော့ တစ်မျိုးစီ တစ်မျိုးစီ မဖြစ်ဘူး။ အကုန်လုံးက ဘယ်မှာပဲ သွားသွား အဲဒီဟာတော့ တူတယ်။ ၏၊ သည် တော့ နည်းနည်းပဲ လွဲတယ်။ အဲဒီလိုမျိုးတွေ ကျွန်တော်တို့ တွေ့ရတယ်။ နောက်ပြီးတော့ သတင်းထောက်တွေက စုနေတယ်၊ တစ်ယောက်နဲ့ တစ်ယောက်ကလည်း တူနေကြတယ်။ တင်တဲ့ဟာတွေ၊ ရှုထောင့်တွေကအစ၊ ပြောစကား ကောက်ယူချက်ကအစပေါ့”ဟု နိုင်ဗညားအောင်က ဆိုသည်။

မွန်ပြည်နယ်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် National Enlightenment Institute (Myanmar) ၏ Executive Director ဒေါ်ရည်မွန်ဆုကလည်း လက်ရှိ တင်ဆက်နေကြသော သတင်းများမှာ လူပုဂ္ဂိုလ်အပေါ်မှာသာ အခြေပြု တင်ပြမှု များပြားနေကြောင်း၊ မည်သည့်ကဏ္ဍကို ပိုမို အာရုံတည်ပြီး အများဆုံး ပြောဆိုဆွေးနွေးဖြစ်ကြသည်ကို သတင်းတွင် ဖော်ပြစေလိုကြောင်း ဆွေးနွေးသည်။

“ဘယ်သူဘယ်ဝါဆိုတာထက်စာရင် ဘယ်အကြောင်းအရာဆိုတာမှာ ကဏ္ဍခွဲပေးနိုင်ဖို့ လိုတယ်”ဟု ဒေါ်ရည်မွန်ဆုက ဆိုသည်။

“အခုဟာက ပေါ်လာတဲ့ Issue နောက်ကိုပဲ သတင်းသမားတွေ အကုန်လုံးက လိုက်ကြတယ်။ ကျွန်မတို့က Leading မလုပ်နိုင်ဘူး။ ဘယ်လိုကိစ္စတွေဆီ ပိုပြီးတော့ ပြည်သူကို ဆွဲခေါ်သွားမယ်ဆိုတာကိုလည်း မီဒီယာဟာ Leading အများကြီး လုပ်လို့ရတယ်လို့တော့ ကျွန်မ မြင်ပါတယ်”ဟု သုံးသပ်သည်။

လွှတ်တော်သတင်းများ၊ တနည်းအားဖြင့် လွှတ်တော်ဘက်က တန်ပြန်လာသော အသံများ ပြည်သူ့ထံ တဖန် ပြန်လည် ရောက်ရှိကြားသိနိုင်စေရေးမှာ မီဒီယာသမားတို့ အစွမ်းအစကို ထုတ်ဖော်ပြသခွင့် ရနိုင်သည့် အခွင့်အလမ်းလည်း ဖြစ်နေပြန်သည်။

သတင်းအချက်အလက် ရပိုင်ခွင့်ဥပဒေ မပေါ်ထွန်းမီ၊ လွှတ်တော်တွင်း စီမံခန့်ခွဲမှုအနေအထားကိုလည်း မမှန်းဆနိုင်သေးမီ ယခုလို ကာလမျိုးဝယ် ပိုမို လုံ့လစိုက်ထုတ်ရေးမှာ အရေးအပါဆုံး တာဝန်ရော ဝတ္တရားပါ ဆုံချက်ဖြစ်နေတော့သည်။

သတင်းသမားများအပါအဝင် ပြည်သူတို့ သတင်းအချက်အလက် သိပိုင်ခွင့်အတွက် မြန်မာနိုင်ငံကလည်း နိုင်ငံတကာ သဘောတူညီချက်တစ်ခုတွင် ပါဝင်ထားပြီးဖြစ်သည်။

အများပြည်သူ သိသင့်သော သတင်းအချက်အလက်ကို ထုတ်ပေးရန် နှောင့်နှေးစေခြင်း၊ ထုတ်ပေးရန် ငြင်းဆန်ခြင်းသည် မြန်မာနိုင်ငံ အစိုးရက လက်မှတ်ရေးထိုးထားသော ရေရှည် တည်တံ့ခိုင်မြဲပြီး စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးမှု ရည်မှန်းချက် ပန်းတိုင်များဆိုင်ရာ မူများ၊ တန်ဖိုးများနှင့်လည်း ဆန့်ကျင်နေမည် ဖြစ်သည်။

မွန်ပြည်နယ်အခြေစိုက် သံလွင်တိုင်းမ် သတင်းဌာနမှ ဦးကြည်ဇော်လွင်ကတော့ အခြေအနေအရပ်ရပ် ဦးမော့လာစေရေး ယခုလို တွေးတွေးဆဆ ကောက်ချက်ချလေသည်။

“သတင်းအချက်အလက် ရပိုင်ခွင့်ဥပဒေ မြန်မြန် အတည်ပြုဖို့ အရေးကြီးတယ်။ ကျွန်တော်တို့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လုပ်နေတဲ့အခါကျရင် သတင်းအချက်အလက် ရဖို့ဟာ လူတိုင်းအတွက် အရေးကြီးတယ်။ သတင်းသမားအတွက္မှ မဟုတ်ဘူး။ တိုင်းသူပြည်သားတွေအားလုံးအတွက် အရေးကြီးတယ်”ဟု ဆို၏။

သတင်းအချက်အလက်အပေါ် မူတည်ပြီးသာ နိုင်ငံရေးသမားကလည်း နိုင်ငံရေးအရ သုံးမည်၊ စီးပွားရေးသမားကလည်း စီးပွားရေးအရ သုံးမည်ဖြစ်ကြောင်း၊ ကိုယ့်ကဏ္ဍအလိုက် သုံးစွဲပုံချင်း မတူညီကြသော်ငြား အားလုံးအတွက် အခြေခံ သတင်းအချက်အလက်ကမူ ရကို ရရမည်ဟု သူက ပြောသည်။

“သတင်းအချက်အလက် ရပိုင်ခွင့်ဥပဒေ မြန်မြန် ပေါ်ထွန်းဖို့ အရေးကြီးတယ်၊ ကျွန်တော်တို့ ၂၀၁၃၊ ၂၀၁၄ လောက်ကနေ ဒီဥပဒေအတွက် ကနဦး စတင်ခဲ့တယ်။ အထူးသဖြင့် ဒီမိုကရေစီအစိုးရလို့ လူတွေက ခန့်မှန်းပြီးတော့ ၂၀၁၅ မှာ တက်လာတယ်၊ ရွေးကောက်ပွဲနိုင်ပြီးတော့။ ၂၀၁၆ လောက္မှာ ဒီ ဥပဒေ ပြဌာန်းနိုင်မယ်ထင်ခဲ့တာ၊ ဒါပေမဲ့ တကယ့်လက်တွေ့ကတော့ မဟုတ်ဘူး၊ ဆိုတော့ ကျွန်တော်တို့ ဒီတိုက်ပွဲကတော့ ဆက်ပြီးတော့ ချီတက်သွားရဦးမယ်”ဟူ၍။ ။

မြတ်သွင်ဦး

(၃၁ ဒီဇင်ဘာ ၂၀၂၀၊ မော်လမြိုင်)

Leave a Reply