အစိုးရသစ်၏(၆) လတာကာလအတွင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်အတွင်းတွင်ရော၊ ပြည်နယ်/ တိုင်းဒေသကြီးများတွင်လုပ်သည့် လွှတ်တော်များတွင်ပါ အစိုးရနှင့် လွှတ်တော်တို့၏ ပွန်းတိုက်မှုတချို့ကို တွေ့ရှိခဲ့ရပေသည်။ ထိုထဲတွင် မွန်ပြည်နယ်လွှတ်တော်နှင့် မွန်ပြည်နယ်အစိုးရတို့၏ ပွန်းတိုက်မှုကား ပြည်ထောင်စုအဆင့် လွှတ်တော်များနှင့် အခြားပြည်နယ်တိုင်းဒေသကြီးတို့တွင် ဖြစ်သွားသည့် ပွန်းတိုက်မှုတို့ထက်မလျော့၊ ပို၍သာနာမည်ကျော်ကြားလှသဖြင့် ၂၀၁၆ အောက်တိုဘာ ၃ရက်နေ့မှ စတင်ခဲ့သော မွန်ပြည်နယ်လွှတ်တော်၊ တတိယပုံမှန်လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လေ့လာကာ ပွန်းတိုက်ထိရှမှုများ၏ အနီးကပ်မြင်ကွင်းကို ကြည့်ရှုခဲ့ရပေသည်။

hluttaw

မွန်ပြည်နယ်လွှတ်တော်နှင့် အစိုးရ၏ ဖွဲ့စည်းမှု

မွန်ပြည်နယ်လွှတ်တော်လွှတ်တော်ကို ရွေးကောက်တင်မြှောက်ခြင်းခံရသည့် တစ်မြို့နယ်ရှိ ကိုယ်စားလှယ်(၂)ဦးကျနှင့် တပ်မတော်သားကိုယ်စားလှယ် (၂၅%) တို့ဖြင့် ဖွဲ့စည်းထားသော်လည်း ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့အား ယင်းလွှတ်တော်ကိုယ်စားလှယ်များထဲမှပင် တာဝန်ပေးထားခြင်းဖြစ်သဖြင့် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ မပါဘဲ လွှတ်တော်ကိုယ်စားလှယ် သီးသန့်အနေဖြင့် (၁၂) ယောက်သာကျန်ရစ်ကာ အရေအတွက်အားဖြင့် အားနည်းသည်ဟု ဆိုနိုင်ပေသည်။ ထိုထဲမှ NLD  လွှတ်တော်ကိုယ်စားလှယ်၊ မွန်အမျိုးသား ပါတီကိုယ်စားလှယ်၊ ပြည်ခိုင်ဖြိုးပါတီလွှတ်တော်ကိုယ်စားလှယ် စသည်ဖြင့် ကွဲပြားနေသောကြောင့် ပေါင်းစပ်မလုပ်ဆောင်နိုင်ပါက မလွယ်လှပေ။ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်ကဲ့သို့ကြီးမားသော ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်တို့ကဲ့သို့ မဖြစ်နိုင်သော်လည်း အင်အားသင့်တင့်သော လွှတ်တော်တစ်ခုဖြစ်ရေးကို ပြန်စဉ်းစားသင့်ပေသည်။ ကိုယ်စားလှယ်တစ်ဦးတည်းက လွှတ်တော်ကော်မတီ တစ်ခုထက်ပို၍ ဥက္ကဋ္ဌ ဖြစ်နေခြင်း၊ အဖွဲ့ဝင်ဖြစ်နေခြင်းတို့ကလည်း ထိုလွှတ်တော်ကော်မတီတို့၏ ဆောင်ရွက်ချက်ကို အားနည်းနေစေပေသည်။ တစ်ဖက်အစိုးရ အဖွဲ့တွင်လည်း ဝန်ကြီးချုပ်အနေဖြင့် ဝန်ကြီးချုပ်တာဝန်အပြင် အခြားဝန်ကြီးဌာနကိုပါ တွဲယူ ကိုင်တွယ်ထားခြင်း၊ ဝန်ကြီးတစ်ဦးထဲက ဝန်ကြီးဌာနတစ်ခုမက တာဝန်များ ပူးတွဲထမ်းဆောင်နေခြင်းတို့က အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု အားပျော့စေသည့် အချက်များပင် ဖြစ်သည်။

အပြန်အလှန် ထိန်းကျောင်းခြင်းလော၊ အပြန်အလှန် ဆန့်ကျင်ခြင်းလော

ဒီမိုကရေစီပါ သဘောတရားများဖြင့် အပြန်အလှန်ထိန်းကျောင်းခြင်း၊ အင်အားထိန်းညှိခြင်းတို့ဖြင့် အုပ်ချုပ်ရေး၊ လွှတ်တော်၊ တရားစီရင်ရေးတို့ကို ဆောင်ရွက်နိုင်ရန် ပုံစံပြုထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် မောင်းနှင်နေသော်လည်း ရလဒ်တစ်ချို့က ကွဲပြားခြားနားစွာ ပေါ်ထွက်လာခဲ့ပါသည်။ ဖြစ်ပေါ်မှု အခြေခံက အစိုးရအဖွဲ့ ရွေးချယ်မှုနှင့် ခံစားလုပ်ပိုင်ခွင့် အာဏာကွဲပြားမှုများကြောင့် ဖြစ်ရသည်ဆိုလျှင် မမှားပေ။ ပြည်သူတို့၏ မဲဆန္ဒဖြင့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသည်မှန်သော်လည်း ဝန်ကြီးချုပ်ဖြစ်ရေး၊ ဝန်ကြီးဖြစ်ရေးတို့တွင် ဗဟိုဦးစီးမှုဖြင့် ဆောင်ရွက်ခဲ့ရသည်ဖြစ်၍ နီးစပ်မှု၊ အုပ်စုဖွဲ့မှု၊ အများဆန္ဒနှင့် မကိုက်ညီမှု၊ နေရာပေးလွဲမှားမှုများ ဖြစ်လာနိုင်ပေသည်။ တစ်ဦးချင်းစီ၏ ဆန္ဒနှင့် ကိုက်ညီရန် မလွယ်လှပေ။ ထိုထဲတွင် အစိုးရအဖွဲ့၏ ခံစားခွင့်၊ လုပ်ပိုင်ခွင့်များအနေနှင့် လွှတ်တော်ကိုယ်စားလှယ်တို့၏ခံစားခွင့်၊လုပ်ပိုင်ခွင့်များနှင့် ကွာခြားသွားပေရာ အလွှာ (၂) လွှာကဲ့သို့ ဖြစ်သွားပြီး အမြင်(၂) မျိုးဖြစ်မြင်ရာမှ အပြန်အလှန် ထိန်းကျောင်းခြင်းသည် အပြန်အလှန် ဆန့်ကျင်သည့် အဆင့်သို့ ရောက်ရှိသွားပေသည်။ အစိုးရဝန်ကြီးဌာနများ အနေဖြင့် ၎င်းတို့ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်များ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ဒိုင်းများသဖွယ် ကိုင်တွယ် ကျားကန်ထားပြီး လွှတ်တော်ကလည်း အဆိုတင်ခြင်း၊ မေးခွန်းမေးခြင်း၊ ကန့်ကွက်ခြင်း၊ မဲခွဲဆုံးဖြတ်ခြင်းတို့ကို လက်နက်သဖွယ် လွှတ်တော်ရင်ပြင်တွင် သုံးစွဲလာခဲ့ရာ လွှတ်တော်တစ်ခုကျင်းပလျှင် ကျန်သည့်ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များ မှိန်ဖျော့ကာ အစိုးရ၏ လုပ်ငန်းဆောင်တာများကို ထောက်ပြခြင်းနှင့် အစိုးရအဖွဲ့က ပြန်လည်ချေပခြင်းတိုက်ပွဲသံများသာ စိုးမိုးနေသလား ထင်ရခြင်းဖြစ်ပါသည်။ အချို့ကား ဖြစ်စဉ်ဖြစ်ရပ်များထက် လူပုဂ္ဂိုလ်အရ ဆောင်ရွက်မှုများကို တိုက်ခိုက်လိုခြင်းများကို တွေ့ရှိရသဖြင့် ယခင်ပါလီမန်ခေတ်က ဂါးဒီးယန်း ဦးစိန်ဝင်းရေးသည့် အကွဲအပြဲ ဇာတ်လမ်းစာအုပ်ကို ပြန်ဖတ်နေရသလို ဖြစ်နေပေတော့သည်။ မည်သည့်ဘက်မျှ မလိုက်ပါလိုသဖြင့် ဖြစ်စဉ်အသေးစိတ်များကို မရေးသားတော့ပါ။ အစိုးရစည်း၊ လွှတ်တော်စည်းထားပြီး  အစိုးရတာဝန် ၊ လွှတ်တော်တာဝန်ကို ကွဲပြားသိရှိမှသာ အတိုက်ခံဖြစ်မှုများအဆုံးသတ်ပေမည်။

ကျယ်ပြန့်သောအမြင်၊ နက်ရှိုင်းသော လေ့လာမှုတို့ဖြင့်သာ

မွန်ပြည်နယ်အစိုးရဖြစ်စေ၊ မွန်ပြည်နယ်လွှတ်တော်ဖြစ်စေ မွန်ပြည်နယ်တစ်ခုလုံးကို ကိုယ်စားပြု၍ လုပ်ဆောင်ပေးနေသော ကိုယ်စားလှယ်များသာဖြစ်သည်။ ထို့ကြောင့် ယင်းတို့တွင် ကျယ်ပြန့်သောအမြင်၊ နက်ရှိုင်းသော လေ့လာမှုတို့ဖြင့် ပြည့်ဝနေရမည်ဖြစ်ပေသည်။ ကလေးဆန်သော အတွေးအခေါ်များ၊ ပုဂ္ဂလိကဆန်သော တိုက်ခိုက်မှုများ၊ ခံစားမှုကို အလွန်အကျွံ အသားပေးသော ပုံစံများဖြင့် ဆွေးနွေးတင်ပြမှု ပုံစံအချို့ကား လွှတ်တော်တွင် ပြုပြင်သွားရမည်ဖြစ်ပေသည်။ တချို့ကား နိုင်ငံတော်၏ ထုတ်ပြန်ချက် တရားဥပဒေများကိုပင် မသိနားမလည်ဘဲ ဆွေးနွေးချက်တွင် ထည့်သွင်းလာသဖြင့် ရယ်မောဖွယ်ရာဖြစ်ခဲ့ရသည်မှာ မဖြစ်သင့်။ (ဥပမာ- နွားမှောင်ခိုများကို တရားဝင်ငွေကောက်ခံလိုက်ပါက ဝင်ငွေရမည်ဆိုသော ဆွေးနွေးချက်မျိုး)။ အချို့ယေဘုယျ ဆန်လွန်းသော ၊ အချက်အလက်မပါသော၊ ဆွေးနွေးချက်များကလည်း စဉ်းစားရန် ခဲယဉ်း၍ ဆုံးဖြတ်ချက်ချ၍လည်း ရမည်မဟုတ်ပေ။ ဥပမာအားဖြင့် မြို့တစ်မြို့၏ စက်မှုဇုန်တစ်ခုတည်ဆောက်ပေးရန် တင်ပြချက်၌ စက်မှုလုပ်ငန်းအမျိုးအစား၊ ကြီးငယ်၊အရေအတွက်၊ ပမာဏ၊ လျှပ်စစ်ဓာတ်အားလိုအပ်မှု၊ မြေအကျယ်အဝန်းလိုအပ်မှု၊ လျာထားနေရာအကျယ်အဝန်း၊ လမ်းပန်းဆက်သွယ်မှု စသည့် ကနဦး အချက်အလက်များပင်မပါပါက စဉ်းစားသုံးသပ်ရန် ခက်ခဲမည်ထင်ပါသည်။ သဲစုပ်သင်္ဘောများကြောင့် ကမ်းပြိုသဖြင့် သဲစုပ်သင်္ဘောများဖြင့် သဲများစုပ်ယူနေခြင်း ရပ်တန့်ပေးရေး တင်ပြရာတွင်လည်း သဲမစုပ်မီ ကမ်းပြိုမှု၊ သဲစုပ်ပြီး ကမ်းပြိုမှုကဲ့သို့ အချက်အလက်မပေးနိုင်ခဲ့သဖြင့် သက်ဆိုင်ရာဝန်ကြီးက သဲစုပ်၍ ကမ်းပြိုခြင်းမဟုတ်ဟုပင် ဖြေကြားသွားခွင့် ရခဲ့လေသည်။ တင်ပြမှုများအချက်အလက် အချို့ထည့်သွင်းပေးနိုင်လျှင် ကောင်းပေမည်။ အချက်အလက်ထည့်သွင်းနိုင်ရန်အတွက် လေ့လာမှုနှင့် သုတေသန ပြုမှုများ လိုအပ်ပါမည်။ တင်ပြဆွေးနွေးရာတွင်လည်း လွှတ်တော်ကိုယ်စားလှယ်ဆိုသည်မှာ နိုင်ငံရေးသမားကောင်းတစ်ဦးဖြစ်သည်နှင့်အညီ ဌာန်ကရိုဏ်းကျကျ တင်ပြနိုင်ရန် လိုအပ်ပေသည်။ ကလေးငယ် စာဖတ်သကဲ့သို့ စာရွက်ကြည့် ရွတ်ဖတ်နေပုံမျိုး မဖြစ်သင့်ပေ။

ကော်မတီများ၏ အသက်ဝင်မှု

မွန်ပြည်နယ်လွှတ်တော်၌ ကော်မတီ(၆) ခုဖွဲ့စည်းထားသည်ကို တွေ့ရှိရပါသည်။ ထိုကော်မတီများ အသက်ဝင်မှု နည်းပါးလှပါသည်ဟုပင် ပြောရပေမည်။ ယခင်အစိုးရ၏ နည်းလမ်းဟောင်းကိုပင် ယူကာ အစိုးရအရာရှိဟောင်းများ၊ တက္ကသိုလ်ကောလိပ်များမှ ပါမောက္ခ၊ ဌာနမှူးအဟောင်းများ အနိုင်ရပါတီနှင့် နီးစပ်သူများဖြင့်သာ အများအားဖြင့် ဖွဲ့စည်းထားသဖြင့် အမှန်တကယ်နားလည်တတ်ကျွမ်းသူများ စိတ်ပါဝင်စားသူများ ဖြစ်ရန်လိုပေသည်။ လူ့အခွင့်အရေးကို မကာကွယ်နိုင်ခဲ့သော လူ့အခွင့်အရေးကော်မရှင်၏ ခန့်အပ်မှုမျိုးကို သင်ခန်းစာ ယူသင့်ပေသည်။ ယင်းကော်မတီတို့ အသက်ဝင်မှု ကောင်းလာလျှင် လွှတ်တော်သာမက အစိုးရအဖွဲ့ကိုပါများစွာ အထောက်အပံ့ပြုနိုင်မည် ဖြစ်ပေသည်။ ယခုအခေါက်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ကြည့်ရေး ကော်မတီက MCL ဘိလပ်မြေစက်ရုံနှင့် ပတ်သက်သည့် အစီရင်ခံစာတစ်စောင် တင်ခဲ့သော်လည်း ပထမပိုင်းသာ ဖြစ်နေခြင်း၊ ကော်မတီတစ်ရပ်၏ အစီရင်ခံစာမျိုးထက် ဒေါက်တာအေးဇံ၏ ပုဂ္ဂလိက တင်ပြပုံမျိုးသာ သက်ရောက်နေခြင်းကို တွေ့ရပေသည်။ ကော်မတီများအနေဖြင့် သုတေသနပြုခြင်း၊ အချက်အလက်များစုဆောင်းခြင်း၊ Forum, Workshop    ဆွေးနွေးပွဲများပြုလုပ်ခြင်းတို့ကို  ပြုလုပ်လာနိုင်လာလျှင် လွှတ်တော်နှင့် အစိုးရတို့၏ အသိပညာ ကျယ်ပြန့်မှု Institation ပို၍ အားကောင်းလာသည်မှာ သေချာပေသည်။ အစိုးရအနေဖြင့် ယင်းတို့၏ စီမံခန့်ခွဲမှုများနှင့် အလုပ်ရှုပ်နေချိန်တွင် လွှတ်တော်အနေဖြင့် ကော်မတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ ပညာရှင်များဖြင့် လုပ်ငန်းအချို့အား လေ့လာထားပြီး အကြံပေးသွားနိုင်ပေသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ဘာလုပ်မလဲ

လွန်ခဲ့သော လွှတ်တော်ကာလ မွန်ပြည်နယ် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအား ဘာကြောင့် တပ်မတော်သားကိုယ်စားလှယ်တွေ လွှတ်တော်ထဲမှာ ထည့်ထားသလဲဟု မီဒီယာသမားတစ်ဦး၏ မေးခွန်းနှင့် အဖြေကြောင့် အနည်းငယ် ဂယက်ရိုက်သွားခဲ့ဖူးပါသည်။ ကျွန်တော့အနေနှင့်ကား ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူတို့လွှတ်တော်ထဲတွင် ရှိနေကြဦးမည်ကား သေချာနေပေရာ အသုံးဝင်သော အစိတ်အပိုင်းတစ်ခုအနေဖြင့် ဖန်တီးရမည်ကား လွှတ်တော်ဥက္ကဋ္ဌ၏ တာဝန်သာ ဖြစ်ပေသည်။ တာဝန်အရသာ တက်ကြရပြီး စိတ်ပါဝင်စားမှု  နည်းနေခြင်း၊ မဖြစ်ရလေအောင် လွှတ်တော်ဥက္ကဋ္ဌ၏ ပေးအပ်သော လုပ်ငန်းတာဝန်၊ ကော်မတီ၊  Assigment တို့အပေါ်တွင် မူတည်ပေသည်။

အရေးကြီးဆုံးက အဖွဲ့အစည်းလိုက် လုပ်ဆောင်တတ်မှုနှင့် ခေါင်းဆောင်မှု

မွန်ပြည်နယ်တိုးတက်ဖို့ဆိုလျှင်ကား မွန်ပြည်နယ်ကို ဦးဆောင်နေသည့် အဖွဲ့အစည်းများ၏ အဖွဲ့အစည်းအလိုက် လုပ်ဆောင်တတ်မှု (Team Work) နှင့် ခေါင်းဆောင်သူတို့၏ ခေါင်းဆောင်မှု  (Leader Ship) တို့က မလွဲမသွေ လိုအပ်ပေသည်။ မွန်ပြည်နယ် လွှတ်တော်ကာလတစ်ခုလုံးအတွင်း အဦးဆုံးတစ်ရက်သာ တက်ရောက်ပြီး ကျန်ရက်များကို ခွင့်ယူခဲ့သည့် ဝန်ကြီးချုပ်၏ ဖြစ်ရပ်သည်လည်း မဖြစ်သင့်။ မိမိပြည်နယ်၏ အရေးကြီးကိစ္စများကို ဆွေးနွေးနေသည့်လွှတ်တော်၊ မိမိကိုယ်၌လည်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့်အတွက် မပျက်မကွက် တက်ရောက်သင့်ပေသည်။ ရှင်းလင်းသင့်၊ ဖြေကြားသင့်၊ ဆွေးနွေးသင့်သည်တို့ကို ဆွေးနွေးရပေမည်။ မိမိ၏ ခေါင်းဆောင်မှုပိုင်း ပျောက်ဆုံးနေလျှင် ပြန်လည်ရရှိအောင် ဆောင်ရွက်ရန်မှာ မိမိတာဝန်သာဖြစ်သည်။
လွှတ်တော်အနေနှင့်လည်း မျက်နှာချင်းမဆိုင်ရဲလောက်အောင် ပုဂ္ဂလိက တိုက်ခိုက်မှုများ၊ အုပ်စုဖွဲ့အနိုင်ယူမှုများ၊ တစ်ဖက်သတ်မဲခွဲ ဆုံးဖြတ်ခြင်းများမဖြစ်ရန် ဂရုပြုရပေမည်။ အပြန်အလှန် ထိန်းကျောင်းမှု (Check& Balance) မှသည် အပြန်အလှန်ဆန့်ကျင်မှု၊ထိပ်တိုက်ရင်ဆိုင်မှုမျိုး မဖြစ်ဖို့ကား သက်ဆိုင်ရာအဖွဲ့အစည်းနှင့် ခေါင်းဆောင်သူတို့၏ အရည်အသွေးနှင့် မှတ်ကျောက်တင်ခံမှုများသာ ဖြစ်ပေမည်။
အနီးမြင်ကွင်းမျိုးဟူသည်ကား အဝေးမြင်ကွင်းကဲ့သို့ မလှပ၊ အကျည်းတန်နေတတ်သော်လည်း၊ ပြုပြင်ဖို့ရာအတွက်မူကား အဖိုးတန်လှပေသည်။

Leave a Reply