Advertisements

မော်လမြိုင်၊ နိုဝင်ဘာ

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၊ အဌမ ပုံမှန်အစည်းအဝေးကို လာမည့်ဒီဇင်ဘာ ၄ ရက်တွင် ပြန်လည်စတင်ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောကြားသည်။

ပြည်နယ်အစိုးရအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနများကိုလည်း ယခုနိုဝင်ဘာ ၁၀ ရက်တွင် အကြောင်းကြားစာ ထုတ်ပြန်ပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“လွှတ်တော် ဘယ်နှရက် ကျင်းပလဲဆိုတော့ အတိအကျ ပြောလို့ မရသေးဘူး။ ကိုယ်စားလှယ်တွေရဲ့ မေးခွန်းနဲ့ အဆိုတွေကို ကြည့်ပြီး ရက်သတ်မှတ်ပေးသွားမယ်”ဟု ဒေါ်တင်အိက ဆိုသည်။

ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက လွှတ်တော်အစည်းအဝေးကို ဒီဇင်ဘာ ၄ ရက်တွင် ကျင်းပရန် ပြည်နယ်လွှတ်တော်က နှုတ်ဖြင့် အကြောင်းကြားထားပြီး တရားဝင် စာဖြင့် အကြောင်းကြားခြင်း မရှိသေးကြောင်း ပြောသည်။

လွှတ်တော် နည်းဥပဒေအရ ဥက္ကဋ္ဌအနေဖြင့် ကိုယ်စားလှယ်များကို အစည်းအဝေး မကျင်းပမီ ၂၁ ရက် ကြိုတင်၍ အစည်းအဝေး ပြုလုပ်မည့်အကြောင်း တရားဝင် အကြောင်းကြားပေးရမည်ဖြစ်သည်။

ယခုကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် ပြင်ဆင်ထားသော ပြည်နယ်ငါးလုပ်ငန်းဥပဒေကို တင်ပြရန် စီစဉ်ထားကြောင်း မွန်ပြည်နယ်လွှတ်တော်၊ ဥပဒေပြုကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။

“ကိုယ်စားလှယ်တွေ သဘောတူရင် ငါးလုပ်ငန်း ဥပဒေ တင်မယ်။ ပြည်သူ့အသံနားထောင်ပွဲ ထပ်လုပ်သွားမယ်။ ပြီးလို့ရှိရင် ကိုယ်စားလှယ်တွေကို ဖြန့်ဝေသွားမယ်။ သူတို့ဆီက အဆင်ပြေရင် တင်သွားမယ်”ဟု ၎င်းက ဆိုသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်၊ သတ္တမပုံမှန်အစည်းအဝေးကို ပြီးခဲ့သည့် စက်တင်ဘာက ကျင်းပခဲ့ပြီး ပြည်နယ်စည်ပင်သာယာရေး ဥပဒေနှင့် ပြည်နယ်အသေးစား အလတ်စားလျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးဆိုင်ရာဥပဒေ နှစ်ခုကို အတည်ပြုနိုင်ခဲ့သည်။

Written by ဇော်ထိုက်

Advertisements
<

Leave a Reply