မွန်ပြည်နယ်လွှတ်တော် ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေး ကော်မတီ အတွင်းရေးမှူး ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ နှင့် တွေ့ဆုံခြင်း

ဒေါ်ကြည်ကြည်မြ။

“ကျောက်မိုင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်တော်များများ ထိခိုက်ပျက်စီးတယ်လေ။ သစ်တောတွေ ပြန်စိုက်ပေးတယ်ဆိုတာကလည်း စာရွက်ပေါ်မှာပဲ ရှိတာ။ ဟုတ်တိပတ်တိလည်း မစိုက်ဖြစ်ပါဘူး။ အဓိကကတော့ ကျောက်မိုင်းကြောင့်ပဲ ပျက်စီးတာပါ”

ဟင်္သာမီဒီယာ။ ။ကော်မတီ စတင်ဖွဲ့စည်းခဲ့ပုံလေးပြောပေးပါဦး

ဒေါ်ကြည်ကြည်မြ။ ။ ကော်မတီ စတင်ဖွဲ့စည်းခဲ့တာက တော့ သုံးနှစ်ရှိပြီး။ အရင်ကတော့ ခုလက်ရှိ ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ဥက္ကဋ္ဌ ပေါ့နော်။ ခုတော့ ဘီးလင်းလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦးက ဥက္ကဋ္ဌ ပေါ့။ ကျွန်မကတော့ အတွင်းရေးမှူး၊ ရေး လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်နဲ့ ကျန်တာတွေကတော့ မော်လမြိုင်တက္ကသိုလ်က အငြိမ်းစား ပါမောက္ခတွေ၊ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတာပါ။

ဟင်္သာမီဒီယာ။ ။ လက်ရှိရော ဘာတွေ လုပ်ဆောင်နေပါလဲ။

ဒေါ်ကြည်ကြည်မြ။ ။ ဒေါက်တာ ခင်နိုင်ဦး လက်ထက်မှာတော့ စက်စဲ ကမ်းခြေနဲ့ ပတ်သက်ပြီး ကွင်းဆင်းတယ်။ အစိုးရကို အကြံပြုစာတွေ ပေးပို့တယ်။ စက်စဲက ဟိုတယ်ဘေးတစ်လျှောက် ရေဆိုးရေညစ်တွေ သေချာ မလုပ်ထားတဲ့ဟာတွေ၊ အိမ်သာတွေ သေချာ မလုပ်ထားတဲ့အတွက်ကြောင့် အစိုးရကို အကြံပြုစာတွေ ပေးပို့ခဲ့တယ်။ အဲဒါကြောင့် ၂၀၁၈- ၂၀၁၉ ဘတ်ဂျက်မှာ ပါဝင်သွားပြီး စည်ပင်က တာဝန်ယူဆောက်လုပ်မှာပေါ့နော်။ ပြီးတော့ ဘီးလင်း အရက်ပြန်ချက်စက်ရုံ ရေဆိုးရေညစ်ထုတ်လုပ်တာတွေ အဲ့ဒါကို လွှတ်တော် ဥက္ကဋ္ဌဆီ တင်တယ်။

အဲဒီကမှတစ်ဆင့် အစိုးရအဖွဲ့ကို ပို့တယ်။ ပြီးတော့ ကျောက်မိုင်း ကိစ္စတွေကို လွှတ်တော် ဥက္ကဋ္ဌကနေ တစ်ဆင့် ပြည်နယ် အစိုးရကို အကြံပြုစာတွေ ပေးပို့တယ်။ အခု လက်ရှိက ဘာလုပ်နေလဲဆိုတော့ ကျိုက်ထီးရိုးတောင် ကေဘယ်ကား စီမံကိန်းနဲ့ အမှိုက်စက်ပေါ့။ အဲဒါကို နှစ်ကြိမ်

ကွင်းဆင်းလေ့လာပြီးတော့ ပြီးခဲ့တဲ့ လွှတ်တော်မှာ ထောက်ပြတယ်။ အကြံပြုတယ်။ ပြီးတော့ ဒီအမှိုက်စက်က ဘယ်လောက် လည်ပတ်နိုင်မလဲ။ ဆက်လက် စောင့်ကြည့်သွားမှာပေါ့နော်။

နောက်တစ်ခုကတော့ ဟင်္သာကျွန်းဘက်မှာ ကုမ္ပဏီတစ်ခုက သဲတူးနေလို့ ကမ်းတွေ ပြိုနေတဲ့ ကိစ္စကို ဆိပ်ကမ်းအာဏာပိုင်တို့ ရေအရင်းမြစ်တို့ ခေါ်ပြီးတော့ လွှတ်တော်မှာ ကြားနာပွဲလုပ်ဖို့ စီစဉ်ထားပါတယ်။

ဟင်္သာမီဒီယာ။ ။အစိုးရအဖွဲ့ကို အကြံပြုစာ ပေးပို့တဲ့ အပေါ်မှာရော အစိုးရအဖွဲ့က လက်တွေ့ အကောင်အထည်ဖော်ရဲ့လား။

ဒေါ်ကြည်ကြည်မြ။ ။ ပထမဆုံး အနေနဲ့ စက်စဲ ကမ်းခြေ သာယာ လှပဖို့အတွက် တင်တဲ့ အပေါ်မှာ လုပ်ပေးတယ်။ နောက်တစ်ခုက စက်စဲ ကမ်းခြေ သာယာ လှပရေး အဖွဲ့က အလုပ်မလုပ်ဘူးဆိုတာ အကြံပြုလိုက်တဲ့ အခါကြတော့ ဒီကော်မတီကို အသစ်ပြန်လည် ဖွဲ့စည်းပေးတယ်။ အိမ်သာတွေလည်း စနစ်တကျ လုပ်ပေးတယ်။ ပြီးတော့ ဘီလင်း အရက်ပြန်စက်ရုံကိုလည်း ဒီရေဆိုးရေညစ်တွေကြောင့် ရေတွင်းရေကန်တွေ ပျက်စီးနေတာကို အစီရင်ခံစာမှာ ထည့်သွင်းတဲ့ အတွက်ကြောင့် အဲဒီစက်ရုံံကို အစိုးရက ပိတ်သိမ်းလိုက်ပြီး ၊ အဲ့လိုမျိုး အကျိုး သက်ရောက်မှုတွေ ရှိတာပေါ့။

ဟင်္သာမီဒီယာ။ ။မွန်ပြည်နယ်အတွင်းမှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ထိခိုက်နိုင်တဲ့ အလုပ်တွေ ဘာတွေ ရှိလဲ။

ဒေါ်ကြည်ကြည်မြ။ ။ များသောအားဖြင့် ကျောက်မိုင်းပေါ့။ ခုလောလောဆယ်တော့ ကျောက်မိုင်းက ငြိမ်နေတယ်။

အခုတော့ ဟင်္သာကျွန်းက သဲတူးတာပေါ့။ သဲတူးတဲ့ ကုမ္ပဏီက လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက မွန်ပြည်နယ် လွှတ်တော်ကို သဲတူးမယ်ဆိုပြီးတော့ သဘောထား မှတ်ချက်တောင်းတယ်။

ကိုယ်စားလှယ်တွေက ခွင့်မပြုဘူးဆိုပြီးတော့ သဘောထား ပြန်ကြားပေးလိုက်တော့ အစိုးရက ခွင့်မပြုဘူး။ အဲဒီမှာ နှစ်နှစ်လောက် လိုင်စင် ရပ်တန့်နေတယ်။ ဒီနှစ်မှာကြတော့ ပြည်ထောင်စုက လုင်စင်ချပေးလိုက်တယ်။ လိုင်စင်ချပေးလိုက်တဲ့ အခါကြတော့ ခုတော့ အဲဒီလိုဖြစ်နေတယ်။

သူတို့က သဲတူးတယ်ဆိုတာ ရေမိုင်နဲ့ ဘယ်လောက်အကွာတူးမယ်ဆိုတာ မဟုတ်ဘဲ တူးချင်တဲ့ နေရာတူးတော့ ဟင်္သာကျွန်းကမ်းတွေ ပြိုတယ်။ ဒီရေတောတွေ ပျက်စီးတယ်။ နောက်တစ်ခုက တင်ဒါ ပိုက်ချက်တွေနဲ့ ပြဿနာဖြစ်တာလည်း ရှိတာပေါ့။ အဲဒီကုမ္ပဏီက တော်တော် ဆိုးရွားပါတယ်။

ဟင်္သာမီဒီယာ။ ။ခဏက ပြောခဲ့သလို ပြည်နယ်က ရပ်တန့်ထားပေမယ့် ပြည်ထောင်စုက လိုင်စင်ချပေးတဲ့ အပေါ်မှာ ရော လုပ်ဆောင်တဲ့ နေရာမှာ အခက်အခဲ ဘာတွေရှိလဲ။

ဒေါ်ကြည်ကြည်မြ။ ။ ခုလက်ရှိမှာတော့ လုပ်ဆောင်ရတဲ့ နေရာမှာတော့ အဲဒီ သဲတူးတဲ့ ကုမ္ပဏီ တစ်ခုပဲ ရှိသေးတယ်။

ဟင်္သာမီဒီယာ။ ။ပတ်ဝန်ကျင်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ၊နည်းဥပဒေတွေ မထွက်ခင်က လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းတွေကိုရော ဥပဒေ၊ နည်းဥပဒေနဲ့ ညီအောင် ဘယ်လိုတွေ ပြန်လုပ်ဆောင်နေလဲ။

ဒေါ်ကြည်ကြည်မြ။ ။ ဒေါက်တာအေးဇံ လက်ထက်မှာတော့ MCL နဲ့ ပတ်သက်ပြီး ကွင်းဆင်းတာတွေ ရှိခဲ့တယ်လေ။ အဲဒါတွေကြတော့လည်း ပြည်ထောင်စုကနေ ခွင့်ပြုမိန့် ကျလာတာလေ။ ပြည်ထောင်စုကဆိုတော့ ပြည်နယ်က ဘာမှ ပြန်တုံ့ပြန်နိုင်တဲ့ အင်အား မရှိဘူးဆိုတဲ့ သဘော ဖြစ်သွားတာပေါ့။

ဟင်္သာမီဒီယာ။ ။အဲဒီလိုမျိုး ပြည်ထောင်စုက ခွင့်ပြုလိုက်ပေမယ့် ပြည်သူတွေက ကန့်ကွက်မယ်ဆိုရင် ဘယ်လိုတွေ ဆက်လုပ်ဆောင်ပေးမလဲ။

ဒေါ်ကြည်ကြည်မြ။ ။ အဲဒီလိုမျိုး ကိစ္စတွေဆိုရင်တော့ အတတ်နိုင်ဆုံး ဖြေလျှော့တဲ့ အနေအထားကို လုပ်ဆောင်ပေးပါတယ်။ MCL စက်ရုံကိုတော့ လက်ရှိ ဝန်ကြီးချုပ်ကိုယ်တိုင် ကွင်းဆင်းခဲ့တာပါ။ ကျွန်မတို့တောင် မပါပါဘူး။ အတတ်နိုင်ဆုံးတော့ ပြည်သူတွေ ကျေနပ်အောင် ဖြေလျှော့ ပေးကြပါတယ်။

ဟင်္သာမီဒီယာ။ ။ပတ်ဝန်းကျင် ဥပဒေနဲ့ မညီတဲ့ လုပ်ငန်းတွေကို ရော အရေးယူဆောင်ရွက်မှု အပိုင်းမှာ ဘယ်လိုတွေ ညှိနှိုင်း လုပ်ဆောင်နေလဲ။

ဒေါ်ကြည်ကြည်မြ။ ။ မုဒုံမှာ ရှိတဲ့ ဝဥ စက်ရုံ။ သူက စက်ရုံသာ လည်ပတ်နေတယ်။ အစိုးရကို ခွင့်ပြုမိန့် မတင်ထားတဲ့ အတွက် မုဒုံကိုယ်စားလှယ်က ဆွေးနွေးတယ်။ သဘာဝ ပတ်ဝန်းကျင် ကော်မတီအနေနဲ့တော့ ကွင်းဆင်းစစ်ဆေးချက်တွေကို အစိုးရကို အစီရင်ခံထားတယ်။

ကိုယ်စားလှယ်က လိုင်စင် ခွင့်ပြုမိန့် မရဘဲ လည်ပတ်နေတာကို ပိတ်သိမ်းဖို့၊ အဲဒီအဆိုတော့ အောင်မြင်ခဲ့ပါတယ်။ ဥပဒေ ၊နည်းဥပဒေနဲ့ မညီရင်တော့ ခွင့်မပြုပါဘူး။

ဟင်္သာမီဒီယာ။ ။သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ဘယ်လုပ်ငန်းတွေက အများဆုံး ထိခိုက်နေလဲ။

ဒေါ်ကြည်ကြည်မြ။ ။ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အဓိက ထိခိုက်တာကတော့ ကျောက်မိုင်းပါ။ ကျောက်မိုင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ တော်တော်များများ ထိခိုက်ပျက်စီးတယ်လေ။ သစ်တောတွေ ပြန်စိုက်ပေးတယ်ဆိုတာကလည်း စာရွက်ပေါ်မှာပဲ ရှိတာ။ ဟုတ်တိပတ်တိလည်း မစိုက်ဖြစ်ပါဘူး။ အဓိကကတော့ ကျောက်မိုင်းကြောင့်ပဲ ပျက်စီးတာပါ။ မွန်ပြည်နယ်မှာကလည်း ကျောက်မိုင်းနဲ့ ပတ်သက်ပြီးတော့ တော်တော်များများ ရှိတာလေ။

ဟင်္သာမီဒီယာ။ ။ ပြည်သူတွေကရော ဘာတွေ ပူးပေါင်း လုပ်ဆောင်ပေးသင့်လဲ။

ဒေါ်ကြည်ကြည်မြ။ ။ ပြည်သူတွေကလည်း သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမယ့် အကြောင်းအရာတွေကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်တာပေါ့နော်။ ကိုယ့်ရဲ့ တတ်စွမ်း ဉာဏ်စွမ်းရှိသလောက် ပတ်ဝန်းကျင်ကို ထိန်းသိမ်းမှသာလျှင် အားလုံးပူးပေါင်းလုပ်မှ သဘာဝပတ်ဝန်းကျင်ကြီး ရေရှည်တည်တံ့ ခိုင်မြဲမှာလေ။

ဟင်္သာမီဒီယာ။ ။ကျိုက်ထီးရိုးတောင်နဲ့ ပတ်သက်ပြီး မကြာသေးခင်က ကျင်းပခဲ့တဲ့ လွှတ်တော်မှာ အစီရင်ခံစာ တင်ခဲ့ ပြီးပြီပေါ့နော်။ နောက်ပိုင်းမှာရော ဘယ်လိုတွေ ဆက်လက် လုပ်ဆောင်သွားမလဲ။

ဒေါ်ကြည်ကြည်မြ။ ။ ကျိုက်ထီးရိုးတောင် ကေဘယ်ကား စီမံကိန်း ကိုတော့ တောင်နံရံမှာ သစ်ပင်တွေ ပြန်စိုက်ခိုင်းထားတယ်။ တောင်နံရံ ပြိုသွားမှာဆိုးလို့၊ အဲဒါကို ဆက်လက်စောင့်ကြည့်သွားမယ်။ နောက်ပြီး အမှိုက်ခွဲခြား သန့်စင်စက်ကို အမြဲတမ်း ရေရှည် လည်ပတ်နိုင်ဖို့အတွက် လုပ်ဆောင်မယ်။ မိလ္လာစနစ်တွေ ရေပေးဝေမှု စနစ်တွေ ဆက်လက်ပြီးတော့ စောင့်ကြည့်သွားမှာပါ။

ဟင်္သာမီဒီယာ။ ။ ဖြည့်စွက်ပြောချင်တာလေး ရှိခဲ့ရင် ပြောပေးပါဦး။

ဒေါ်ကြည်ကြည်မြ။ ။ ဖြည့်စွက်ပြောချင်တာတော့ မရှိပါဘူး။ ပြည့်စုံနေပါပြီ။

တေဇ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.