မော်လမြိုင်၊ ဖေဖေါ်ဝါရီ ။ ။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ဝန်ကြီချုပ်တာဝန်မှ နုတ်ထွက်လိုက်ခြင်းသည် ချောင်းဆုံတံတား အမည်ကိစ္စနှင့် လုံးဝမသက်ဆိုင်ကြောင်း မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်တင်အိက ပြောကြားခဲ့သည်။

“ပါတီကနေ သူကိုယ့် ဘာမှ ဖိအားမပေးပါဘူး၊ ဗိုလ်ချုပ်အောင်ဆန်းတံတား အမည်နဲ့ ဘာမှ မပတ်သက်ပါဘူး၊ သူရဲ့ကိုယ့်ရေးကိုယ့်တာကိစ္စ အပြစ်တွေ့လို့ သူကို ပါတီက အလိုအလျောက် နုတ်ထွက်လိုက်လို့ပြောတာ၊ သူကိုယ့် သက်ညှာသော အားဖြင့်ပေါ့”ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် နုတ်ထွက်လိုက်ခြင်းသည် ချောင်းဆုံတံတား အမည်ပေးခြင်းနှင့် မပတ်သက်ကြောင်း၊ NLD ဗဟိုကော်မတီဝင် ဦးဝင်ထိန်၊ ဦးဉာဏ်ဝင်းတို့နှင့် ကျိုက်ထိုမြို့၌ တွေ့ဆုံခဲ့ရာတွင်လည်း ချောင်းဆုံတံတား ကိစ္စ မပါဝင်ကြောင်း ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးဇံက ပြောသည်။

“အရင်က သူ့ပါတီကလည်း စစ်ဆေးတွေ့ရှိချက်အရ သူ့ကိုလဲဖို့ အနေအထားကလည်း ရှိနေတယ်လို့ ကျွန်တော်တို့က တွက်ထားခဲ့တာပါ၊ တံတားကိစ္စကလည်း ဖိအားတစ်ခု ဝင်လာတယ်ဆိုတော့ ဒီလိုမျိုး အလုပ်ထွက်ဖို့ ဆုံးဖြတ်ပုံရတယ်”ဟု မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက သုံးသပ် ပြောဆိုသည်။

“အစ်ကိုမှာ အခက်အခဲတွေ အများကြီး ရှိခဲ့တယ်၊ ရှိခဲ့တဲ့ဟာ အားလုံးပေါင်းစုံ သွားတဲ့ သဘောပါပဲ၊ အစ်ကိုက အရင်ကထဲကလည်း ထွက်ချင်နေပြီးလို့ ပြောထားပြီးသားပါပဲ၊ ထွက်ခွင့်ရရင် ထွက်မယ်ဆိုတဲ့ စကားကလည်း ရှိပြီးသားဖြစ်တယ်၊ အခုက အကြောင်းအရာ အားလုံးစုံလာလို့ ထွက်ဖြစ်တာဖြစ်တယ်၊ အနားယူရင်လည်း ကိုယ်ခြံကိုယ်ယာနဲ့ အေးဆေး အနားယူချင်လို့ ထွက်ဖြစ်တာဖြစ်တယ်”ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးသည် ဖေဖော်ဝါရီ ၂၂ ရက်တွင် နိုင်ငံတော်သမ္မတထံ နုတ်ထွက်စာတင်ပြီးနောက် ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတရုံး အမိန့်အမှတ်၊ ၃ / ၂၀၁၇ ဖြင့် ဖေဖေါ်ဝါရီ ၂၃ ရက်က ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၄၊ ပုဒ်မခွဲ (က) နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၂၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မ (ခ) တို့ပါ ပြဌာန်းချက်များအရ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးမင်းမင်းဦးကို မိမိသဘောဆန္ဒအလျောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးရာထူးမှ နှုတ်ထွက်ခွင့် ပြုလိုက်သည်။

Written by – ရွှေစင်၊ ဖိုးဝ

Leave a Reply