Advertisements

မော်လမြိုင်၊ ဧပြီ ၆

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ ဦးဆောင်နေသည့် ပြည်နယ် စီမံကိန်းသည် လုပ်ပိုင်ခွင့်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း မွန်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦး ဝေဖန်ပြောဆိုသည်။

“ဒီကော်မရှင်က အသံတိတ်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်၊ ပေးထားတဲ့ လုပ်ပိုင်ခွင့်တွေပေါ်မှာ အမှန်တစ်ကယ်ပဲ လုပ်နေသလားဆိုတာကို မသိရဘူးဖြစ်နေတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ကော်မရှင်သည် ပြည်နယ်အတွင်း ပတ်ဝန်းကျင် ထိခိုက်မှု ရှိနိုင်မည့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများကို သဘောထား မှတ်ချက် ထုတ်ပြန်ပြီး လွှတ်တော်သို့ ပေးပို့ရမည်ဖြစ်သော်လည်း ပေးပို့လာခြင်း မရှိကြောင်း ဒေါက်တာ အောင်နိုင်ဦးက ပြောဆိုသည်။

မွန်ပြည်နယ် ၊ ရေးမြို့နယ် အံဒင်ကျေးရွာအုပ်စု ပင်လယ်ကမ်းခြေတွင် ဆောင်ရွက်မည့် ကမ်းလွန်ထောက်ပံ့ရေးစခန်းနှင့် ကျိုက်မရောမြို့နယ်၊ နိတုံကျေးရွာအုပ်စုအနီး Myanmar- Korea Cement Co.Ltd မှ ဘိလပ်မြေစက်ရုံ တည်ဆောက်မည့် စီမံကိန်းများကို မြန်မာ့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ ခွင့်ပြုလိုက်သည့် အခြေအနေကို ကွင်းဆင်း ဆောင်ရွက်ခြင်း မရှိသည့်အပြင် သဘောထား မှတ်ချက်လည်း ထုတ်ပြန်ခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောသည်။

အဆိုပါ ကော်မရှင်သည် ပြည်နယ် ဒေသန္တရ စီမံကိန်းများကို နိုင်ငံတော်၏ မူနှင့် ကိုက်ညီခြင်း ရှိ မရှိ စိစစ် အတည်ပြုခြင်း ၊ ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းများအတွက် သဘောထား မှတ်ချက်ပေးခြင်း၊ လူမှု စီးပွား ဖွံ့ဖြိုးရေးအတွက် အထောက်အကူ မပြုသည့် လုပ်ငန်း စီမံကိန်းများကို ပယ်ချခြင်း၊ သဘောတူပြီးသည့် လုပ်ငန်း စီမံကိန်းကို အစိုးရအဖွဲ့မှ တဆင့် လွှတ်တော် ပေးပို့ခြင်း အပါအဝင် လုပ်ငန်း တာဝန် (၇) ချက်ကို အကောင်အထည် ဖော်ရမည် ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်နယ် ဘဏ္ဍာရေး၊ စီမံကိန်း၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်းအား ဝန်ကြီး ဦးဝဏ္ဏကျော်က ကော်မရှင် ညှိနှိုင်း အစည်းအဝေးတွင် ပြန်လည် တင်ပြသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
ပြည်နယ် စီမံကိန်း ကော်မရှင်ကို အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းထားပြီး ဥက္ကဋ္ဌအဖြစ် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက တာဝန်ယူ ဆောင်ရွက်နေသည့် ကော်မရှင်လည်း ဖြစ်သည်။

Written by သက်ပိုင်

Advertisements
<

Leave a Reply