မော်လမြိုင် မေ

ငွေလုံးငွေရင်း ကျပ်သန်း ၁၀၀၀ ဖြင့် ဆောင်ရွက်ခဲ့သည့် ရေးမြို့နယ် မြောက်ပိုင်း အောင်သပြေ – နှစ်ကရင် ကျေးရွာချင်းဆက်လမ်း ပိုင်းဖောက်လုပ်ရာတွင် တင်ဒါမခေါ်ဘဲSouthern Myanmar Development (SMD)ကုမ္ပဏီ ကို မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ၏ ဆုံးဖြတ်ချက်ဖြင့် လုပ်ပိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ယခင်လျှပ်စစ်၊စွမ်းအင် နှင့် စက်မှုဝန်ကြီးဟောင်း ဦးမင်းထင်အောင်ဟန် ကပြောကြားခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ယင်းလမ်းပိုင်းကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ ညွန်ကြားချက်ဖြင့် တင်ဒါကင်းလွတ်ခွင့် ပြုခဲ့သည်ဟု မေလ ၃ ရက်နေ့ကကျင်းပသော ပြည်နယ်လွှတ်တော် အစည်းအဝေးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ဟောင်း ဦးမင်းထင်အောင်ဟန်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အနေနှင့် ယင်းသို့ ညွန်ကြား မည်မဟုတ်ကြောင်း အဆိုပါ လမ်းပိုင်းကို ဝန်ကြီးချုပ်၏ဆုံးဖြတ်ချက်ဖြင့်သာတင်ဒါ ကင်းလွတ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ကျွန်တော်တို့ခေါင်းဆောင်(နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်) က ဒီလိုညွန်ကြားချက်မျိုး တစ်သက်လုံးပေးမှာမဟုတ်ပါဘူး။ တစ်ခါမှလည်းမပေးခဲ့ဘူး” ဟု ဦးမင်းထင်အောင်ဟန် ကပြောကြားသည်။

ယင်းကဲ့သို့ ထုတ်ဖော်ပြောဆိုရခြင်းမှာ မည့်သည့်ရည်ရွယ်ချက်မှ မရှိကြောင်းလည်း ဦးမင်းထင်အောင်ဟန် က ထပ်လောင်းပြောကြားခဲ့သည်။

အဆိုပါ ရေးမြို့နယ် မြောက်ပိုင်း အောင်သပြေ – နှစ်ကရင် ကျေးရွာချင်းဆက်လမ်းပိုင်း ကို Mini Budget ဖြင့်ဖေယက်လုပ်ရခြင်းဖြစ်ပြီး လမ်းဖောက်လုပ်သည့် ကာလ မှာမိုးတွင်းကာလ ဖြစ်နေသောကြောင့် တင်ဒါမခေါ်ဘဲ အမြန်ဖောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း လွှတ်တော်တွင် ဖြေရှင်းခဲ့သည်။

မေလ ၃ ရက်က ပြုလုပ်သည့် မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် ၁ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး က အဆိုပါ လမ်းပိုင်းကို SMD ကုမ္ပဏီအား တာဝန်ပေး ဆောင်ရွက်စေခဲ့ရာတွင် ထုတ်ပြန်ထားသည့် အမိန့်ညွန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းရှိမရှိမေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ မေးခွန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဖြေကြားရာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ၏ ညွန်ကြားချက်ဖြင့် တင်ဒါမခေါ် ဆောင်ရွက်ခဲ့သည်ဟု ဖြေကြားခဲ့ခြင်း ကြောင့် နိုင်ငံရေးအသိုင်းအဝိုင်း နှင့် လေ့လာသုံးသပ်သူများ ကြားတွင် ဝေဖန်မှုအများအပြားထွက်ပေါ်ခဲ့သည်။

 

Leave a Reply