မွန်ပြည်နယ် တွင် သိမ်မွေ့နက်နဲသော ပြဿနာများ စွာရှိနေသည် ။ ထိုကိစ္စရပ်များကို ဖြေရှင်းမည့် သူကား မည်သူနည်း။ရက်ပိုင်း အတွင်း ထိုပြဿနာ ဖြေရှင်းရမည့် သူ ထွက်ပေါ်တော့မည်။

123
လာမည့်ရက်ပိုင်းအတွင်း သမ္မတရွေးကောက်တင်မြှောက်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ၏ လွှတ်တော်ကိုယ်စားလှယ်များ အသာစီးရထားသော မွန်ပြည်နယ်လွှတ်တော်တွင် ဝန်ကြီးချုပ်တစ်ဦး တင်မြှောက်တော့မည်ဖြစ်သည်။

၂၀၁၆ ခုနှစ်အတွင်းကျင်းပခဲ့သောရွေးကောက်ပွဲရလဒ်များအရ မွန်ပြည်နယ်လွှတ်တော်၌ ကိုယ်စားလှယ် အရေအတွက် နေရာ ၂၀ ယှဉ်ပြိုင်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ ကိုယ်စားလှယ် လောင်း များက ၁၆ နေရာ အနိုင်ရရှိထားသည်။

ထို့်ကြောင့် ပြည်ထောင်စုအစိုးရမှ တိုက်ရိုက်တင်မြှောက်သည်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်၍ ဖြစ်စေ မည်သည့်နည်းလမ်းဖြင့်မဆို ပြည်နယ်ဝန်ကြီးချုပ်ကို NLD ပါတီကသာ ရွေးချယ်တင်မြှောက် နိုင်မည်ဖြစ်သည်။

သို့သော် တင်မြှောက်ခံရမည့် ပြည်နယ်ဝန်ကြီးချုပ်အတွက် အစိုးရယန္တရားမစခင်ကပင် ပြဿနာများက စောင့်ကြိုနေသည်။

မွန်၊ကရင်၊ပအိုဝ့် နှင့် ဗမာလူမျိုးများနေထိုင်သော မွန်ပြည်နယ်တွင် ဖြေရှင်းရမည့် ပြဿနာ အများအပြား ရှိကြောင်းကို “ကိုင်တွယ်ရမှာတော့ အများကြီးပဲ”ဟု လက်ရှိ ပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် ထိပ်ဆုံးမှ တစ်ပြေးနေသူ ကျိုက်ထိုမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံက ဆိုလေသည်။

ယင်းအချက်ကို အခြား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် မွန်နိုင်ငံရေးသမားအများစုကလည်း တစ်ညီတစ်ညွှတ်တည်းပြောဆိုလေ့ရှိသည်။

၎င်းတို့၏ ပြောကြားချက်အရ မွန်ပြည်နယ်တွင် ရေရှားပါးသည်။ ဒေသခံအများစု လုပ်ကိုင်နေသည့် ရာဘာ အပါအဝင် စိုက်ပျိုးရေးလုပ်ငန်းများ အခက်အခဲနှင့်ရင်ဆိုင်နေရသည်။ လယ်မြေသိမ်းပြဿနာများနှင့် ယခင်အစိုးရကခွင့်ပြုပေးခဲ့သည့် စီမံကိန်းများကို ဒေသခံများကကန့်ကွက်နေသည်မှာလည်း ဒုနှင့်ဒေးဖြစ်သည်။

အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုပြဿနာကြောင့် ရွှေ့ပြောင်းလုပ်သား များပြားနေပြီး မူးယစ်ဆေးဝါး ပြဿနာကိုလည်း ရင်ဆိုင်နေရကာ လက်နက်တရားမဝင်ကိုင်ဆောင်မှုများကိုလည်း မကြာခဏ ဖမ််းဆီးရမိ နေသည်။

ထိုသို့ ပြဿနာများကိုဖြေရှင်းရမည့် ဝန်ကြီးချုပ်နေရာရာထူးအတွက် နိုင်ငံရေးအတွေ့အကြုံရင့်ကျက်ပြီး တိုင်းရင်းသားလက်နက်ကိုင်များ၊တပ်မတော်တို့နှင့်ဆက်ဆံရာတွင် ပါးပါးနပ်နပ်ဆောင်ရွက်နိုင်မည့်သူတစ်ဦးကို ရွေးချယ်သင့်ကြောင်း ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ ကျိုက်မရောမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်မွန်က သုံးသပ်ပြောဆိုသည်။

ထိုသို့ ဆောင်ရွက်နိုင်သူကို ရွေးချယ်မှ မွန်ပြည်နယ်ငြိမ််းချမ်းရေးအတွက် အဆင်ပြေနိုင်မည်ဖြစ်ကြေင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

လက်ရှိတွင် မွန်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ မွန်ပြည်သစ်ပါတီနှင့် အစိုးရမှာ အပစ်အခတ်ရပ်ဆဲရေး အတွက် သဘောတူညီမှုမရသေးပေ။

“၀န်ကြီးချုပ်တစ်ယောက်အနေနဲ့ကွာ စကားလည်းသိပ်မပြောဘူး။ တစ်ခြားအဖွဲ့အစည်း တွေနဲ့လည်း ရင်နှီးမှုမရှိ ဘူး ဆက်ဆံမှုလည်း မရှိဘူးဆိုလို့ရှိရင် ဒါက မွန်ပြည်နယ်အတွက် ပိုပြီးခက်ခဲသွားမယ်” ဟု NLD ပါတီမှ ဦးထင်ကျော် သမ္မတတင်မြှောက်ခံရသည့် အခမ်းအနားကို ရုပ်သံမှ ကြည့်ရှုရင်း မင်းအောင်မွန်က ဆိုလေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ နီးစပ်သူများ၏ ပြောကြားချက်များအရ လက်ရှိတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်အတွက် ရေပန်းစားနေသူနှစ်ဦးမှာ ဒေါက်တာအေးဇံနှင့် ဒေါက်တာမင်းထင်အောင်ဟန်တို့ဖြစ်သည်။

အခြားရေပန်းစားနေသူများကို မကန့်ကွက်သော်လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ ပင် လွှတ်တော် အမတ်အဖြစ်ရွေးချယ်ခံခဲ့ရသူ ဒေါက်တာအေးဇံကို ဝန်ကြီးချုပ်နေရာအတွက် မွန်တိုင်းရင်းသားနိုင်ငံရေး ပါတီအများစုက ထောက်ခံကြသည်။

” ဒေါက်တာအေးဇံက ၁၉၉၀ မှာလည်း မဲနိုင်ခဲ့တယ်၊ ထောင်လည်း ကျခံလာခဲ့တယ်။ အခုလည်း မဲနိုင် လာပြန်ပြီဆိုတော့ ဒေါက်တာအေးဇံက ဖြစ်လည်းဖြစ်သင့်တယ်”ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်မှ ရွေးကောက်ပွဲတွင် အရွေးခံရထားသူ ၎င်းကပင် ဒေါက်တာအေးဇံသည် အဖမ်းခံ ရခြင်း၊ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ခြင်းစသည့် အချက်များသာမက လက်ရှိ အသက်အရွယ် ပိုင်း၊ အတွေ့အကြံုပိုင်း နှင့်ပညာအရည်အချင်း ပိုင်းတွင်လည်း ပြည့်စုံသည့် ဝါရင့်နိုင်ငံရေးသမားတစ်ဦး ပင်ဖြစ်ကြောင်း ထပ်လောင်းမှတ်ချက်ပြုသည်။

ထိုသို့ အသက်ခြောက်ဆယ်ကျော်အရွယ်ရှိ ဒေါက်တာအေးဇံကို ထောက်ခံသည့် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးရှိသေးသည်။ထိုသူမှာ အခြားမဟုတ် မုဒုံ၊ညောင်ကုန်းရွာတွင် ဆေးခန်းဖွင့်လှစ်ထားသည့် မွန်အမျိုးသားပါတီမှ ဒေါက်တာမင်းကြည်ဝင်း ပင်ဖြစ်သည်။

ဒေါက်တာမင်းကြည်ဝင်းက ” ၀ါအနေနဲ့ဆို သူက လက်ရှိလွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိနဲ့အတူတူပါပဲ။ သူက ဖြစ်သင့်တယ်လို့ မြင်တယ်” ဟု နိုင်ငံရေးဝါအရ ဝန်ကြီးချုပ်ရာထူးသင့်တော်ပုံကို ရှင်းပြသည်။

မင်းထင်အောင်ဟန်မှာမူ NLD ဗဟိုက သဘောကျနိုင်သော်လည်း ပြည်နယ်နိုင်ငံရေးအသိုင်းအဝိုင်းကတော့ လက်ရှိ မွန်တိုင်းရင်းသားပါတီများမှ နိုင်ငံရေးသမားများနှင့် ယခင်က အတူလှုပ်ရှားခဲ့သည့် ဒေါက်တာအေးဇံ ကိုသာ ပိုမိုထောက်ခံနိုင်ကြောင်း မွန် နိုင်ငံရေးပါတီများထံမှ သိရသည်။

မုဒုံဇာတိဖွား ဒေါက်တာ အေးဇံ ဝန်ကြီးချုပ်ဖြစ်မည့် အရေးကို ကြိုဆိုသည့် နိုင်ငံရေးအင်အားစုများထဲတွင် ပါတီများသာမက တိုင်းရင်းသားလက်နက်ကိုင်ပါတီများမှ တာဝန်ရှိသူများပင်ပါဝင်သည်။

” မွန်လူမျိုးလည်းဟုတ်တယ်။ သူကလည်း NLDအတွက် ဒီမိုကရေစီလှုပ်ရှားမှုမှာ ဆောင်ရွက်ခဲ့တဲ့လူပဲ။ သူနဲ့လည်း တစ်ခါတွေ့ဖူးတယ်၊ ဆွေးနွေးဖူးတယ်။ အမြင်ခြင်းအားဖြင့် ထပ်တူကျတဲ့အနေအထားရှိတယ်။ welcome ပဲ “ဟု မွန်ပြည်သစ်ပါတီ၏ ဖွံ့ဖြိုးရေးတာဝန်ခံ နိုင်ဟံသာဗွမ်ခိုင်က ပြောကြားသည်။

မွန်တိုင်းရင်းသားပါတီများမှ ရွေးကောက်ခံထားရသည့် ကိုယ်စားလှယ်များသာမက အခြားမွန်နိုင်ငံရေးအသိုင်း အဝိုင်းကလည်း မော်လမြိုင်တွင် အနိုင်ရထားသည့် ပြည်နယ်လွှတ်တော်အမတ် ဦးမင်းထင်အောင်ဟန်ထက် ဒေါက်တာအေးဇံကို ပိုမိုလက်ခံနိုင်ကြောင်း မင်းအောင်မွန်က သုံးသပ်သည်။

“ဒေါက်တာအေးဇံကျတော့ သူတို့သဘောကျမှာ။ လက်ရှိနိုင်သွားတဲ့ မွန်ပါတီတွေက အမတ်တွေနဲ့သိပ်မ စိမ်းဘူး။ တစ်ယောက်နဲ့တစ်ယောက် သဘောထားတွေ သိနေကြတယ်” ဟု ၎င်းက ထောက်ပြပြောဆိုသည်။

သို့သော် အင်ဂျင်နီယာဘွဲ့ရ စီးပွားရေးလုပ်ငန်းရှင် မင်းထင်အောင်ဟန် ဝန်ကြီးချုပ်ဖြစ်ပါကလည်း ပြဿနာ မရှိဘဲ အဆင်ပြေကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။

“၈၈ ခုနှစ် နောက်ပိုင်းမှာ သူလည်း ကျနော်တို့အဖွဲ့နဲ့ နီးစပ်ခဲ့ဖူးတယ်။ လုပ်ငန်းပိုင်းဆိုင်ရာအချို့တွေမှာလည်း ၀ိုင်လုပ်ပေးခဲ့ဖူးတယ်။ ရှင်းရှင်းပြောရရင် သူက ကျွန်တော်တို့အဖွဲ့ထဲက ခေါင်ဆောင်တွေနဲ့ များများတော့ ရင်နှီးမှုတွေရှိတယ်”ဟု နိုင်ဟံသာဗွမ်ခိုင်က ဖြည့်စွက်ပြောဆိုသည်။

ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်လာမည့် ဝန်ကြီးချုပ်ဖြစ်ရန် ရေပန်းစားနေသည့် ကျိုက်ထိုမြို့ နေ ဒေါက်တာအေးဇံ နှင့် မော်လမြိုင်မြို့နေ မင်းထင်အောင်ဟန် နှစ်ဦးစလုံးမှာ အားသာချက်အသီး သီးရှိကြသူများဖြစ်ကြောင်း မွန်နိုင်ငံရေးပါတီများမှ အမှုဆောင်များနှင့် မွန်ပြည်သစ်မှ တာဝန်ရှိသူများက တစ်ညီတစ်ညွတ်တည်းဆိုကြသည်။

မည်သူဖြစ်လာမည်မှာ မသေချာစေကာမူ NLD ၏ ဝန်ကြီးချုပ်မှာ ပြည်နယ်ဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်ရာတွင် မွန်နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံရေးအင်အားစုများသာမက ပြည်နယ်အတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များက လိုလားလျက်ရှိကြသည်။

လာမည့် ငါးနှစ်တာကာလအတွင်း မွန်ပြည်နယ်အတွင်းရှိ လူမျိုးအားလုံး၏ စားဝတ်နေရေးအတွက် ပြည်နယ် အစိုးရသစ် ကသာ တာဝန်အရှိဆုံးဖြစ်ပြီး ကျန်သောနိုင်ငံရေးပါတီများကလည်း တက်နိုင်သည့် ဘက်က ဝင်ရောက်ကူညီသင့်ကြောင်း မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလှရှိန်က အကြံပြုသည်။

“တကွဲတပြား ဆိုမကောင်းဘူး။ NLD အာဏာရပါတီကလဲ ကျန်တဲ့တိုင်းရင်းသားပါတီတွေကို ဖိတ်ခေါ်သင့် တယ်။ ကမ်းလှမ်းသင့်တယ်” ဟု မော်လမြိုင်မြို့၊မရမ်းကုန်းရပ်ကွက်တွင်နေထိုင်သူ ၎င်းက ထပ်လောင်း အကြံပြုသည်။

ဝန်ကြီးချုပ်နေရာအတွက် လျာထားခြင်းခံရမှုရှိ၊မရှိကို အတည်မပြုပေးသာ ဒေါက်တာအေးဇံက NLD ပါတီဦးဆောင်မည့် ပြည်နယ်အစိုးရသစ်သည် အခြားနိုင်ငံရေးပါတီများနှင့် အတူလက်တွဲဆောင်ရွက် မည်ဖြစ်ကြောင်း ရှင်းပြသည်။

” ပြည်နယ်ကောင်းဖို့အတွက် အကုန်လုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်။ ကျွန်တော်တို့လည်း မွန်လူမျိုးဆိုတော့ မွန်ပါတီတွေ အကုန်လုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ် ” ဟု လာမည့် အစိုးရသစ်၏ အခင်းအကျင်းတွင် အခြားတိုင်း ရင်းသားပါတီများ ပါဝင်ရန် ကမ်းလှမ်းမည့်အကြောင်း ကို ရှင်းပြသည်။

နိုင်ငံရေးပါတီများနှင့် ပူးပေါင်းဆောင်ရွက်မှုသာမက ပြည်နယ် နယ်စပ်ရေးရာနှင့်လုံခြံုရေးရာဝန်ကြီး ၊ လက်နက်ကိုင် တပ်ဖွဲ့များနှင့် ဆက်ဆံရေးကိုပါ ပါးပါးနပ်နပ်ကိုင်တွယ်ရမည်ဖြစ်ကြောင်း မွန်တိုင်းရင်းသား ပါတီများ က သတိပေးပြောဆိုသည်။

NLD ပါတီ ဗဟိုကော်မတီဝင်အချို့က ဝန်ကြီးချုပ်နေရာအတွက် ဟင်္သာမီဒီယာသို့ အတည်ပြုပေး ထားခြင်း ခံရသော ဒေါက်တာအေးဇံကတော့ တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့ဆက်ဆံရေးအတွက် “ကျွန်တော်တို့ဆီမှာရှိနေတဲ့ နိုင်ငံသူ၊နိုင်ငံသားတွေပဲ အကုန်လုံး။ အကုန်လုံး ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အဆင်မပြေစရာအကြောင်းမရှိပါဘူး” ဟု ယုံယုံကြည်ကြည်ဆိုလေသည်။

ထို့ပြင် ငြိမ်းချမ်းရေး နှင်ပတ်သက်၍ ပြည်သူများအပါအဝင် အားလုံးက ကြိုးစားမှ ရရှိမည်ဖြစ်ပြီး လက်ရှိ NCA လမ်းစဉ်အတိုင်းဆက်လက်ဖော်ဆောင်ခြင်းမှာ ကောင်းမွန်ကြောင်းပင် ၎င်းက ဖြည့်စွက်ပြောဆိုသည်။

“အခု NCA အတို်င်းပဲဆက်သွားတာပဲကောင်းပါတယ်။ဘာဖြစ်လို့ဆိုတော့ သူတို့ဆီမှာက Step By Step ၊ အဆင့်တစ်ခုပြီးရင် လွှတ်တော်မှာ အတည်ပြုမယ်ဆိုတော့အခုဒီမှာက အဆင့်တွေက အများကြီးရှိပါတယ်။ အဲ့အတိုင်းသာ အဆင်ပြေဖို့ဆိုရင် နှစ်ဖက်စလုံးက ကြိုးစားမှပဲရမယ်” ဟု ၎င်းက ထပ်လောင်းဆိုလေသည်။

ငြိမ်းချမ်းရေးတွင် အကုန်လုံးပါဝင်ပါက NCA အပိုင်းမှာ အစောကြီးပြီးမည်ဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် ပြည်နယ် မှ သာစတင်ရမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ၏ ဖွံ့ဖြိုးရေးတာဝန်ခံ နိုင်ဟံသာဗွမ်ခိုင်က တုန့်ပြန်ပြော ဆိုသည်။

ထို့အတူ ပြည်နယ်အစိုးရမှာ NLD ပါတီ၏ မူဝါဒအတိုင်း ဆက်ဆံမည့် အနေအထားရှိသောကြောင့် စောင့်ကြည့် ရဦး မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းဆိုသည်။

” ဒါက သူတို့လုပ်ငန်းဆိုတော့ သူတို့လည်းယုံကြည်ပြီးသားပါ။ဒါပေမယ့် ဘယ်လိုအခင်းအကျင်းနဲ့ စခင်းမလဲဆို တာကို နည်းနည်းစောင့်ကြည့်ရမယ်”ဟု ရှင်းပြသည်။

ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အမှန်တကယ်ဆောင်ရွက်ရမည့် ကိစ္စမှာ ငြိမ်းချမ်းရေးဖြစ်ပြီး အဆိုပါကိစ္စရပ် မအောင်မြင်ပါက မခိုင်မာသည့် တိုးတက်မှုရမည်ဖြစ်ကြောင်း မွန်နိုင်ငံရေးအင်အားစုများနှင့် စီးပွားရေးလုပ် ငန်းရှင်များက တစ်ညီတစ်ညွတ်တည်း ပြောဆိုနေကြသည်။

ငြိမ်းချမ်းရေး မရသေးသော မွန်ပြည်နယ်၏ ဝန်ကြီးချုပ်မှာ ဧပြီလ ၁ ရက်နေ့တွင် စတင်၍ ပေါ်ထွက်လာ တော့မည် ။

မတ်လ ၁၆ ရက်နေ့က ဟင်္သာမီဒီယာ၏ ဆက်သွယ်မေးမြန်းမှုတွင် ဒေါက်တာအေးဇံကတော့ ဝန်ကြီးချုပ် ဖြစ်နိုင်ခြေရှိ၊မရှိကိုမူ အတည်မပြုသေးပေ။

ပြည်နယ် အိမ်ခြံမြေအသင်း၊ ကွန်ပျူတာပညာရှင်အသင်းနှင့် ရွှေလုပ်ငန်းရှင်အသင်းများတွင်ပါ နာယက အဖြစ်ဆောင်ရွက်နေသူ ဦးလှရှိန်ကတော့ NLD ပါတီက ရွေးချယ်တင်မြှောက်မည့် ပြည်နယ်ဝန်ကြီးချုပ်မှာ ဒေါက်တာအေးဇံ မဟုတ်ဘဲ တခြားလူဖြစ်ခဲ့ပါကလည်း အဆင်ပြေမည်ဖြစ်ကြောင်း တစ်ထစ်ချ ပြောဆိုသည်။

“အေးဇံမှ မဟုတ်ဘူး၊ဇံအေးပဲလာလာ ဘယ်သူပဲလာလာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက် အကြံပေးချက်တွေကို လက်ခံမှာလေ။အဲတော့ အဆင်ပြေမယ်လို့ ရာနှုန်းပြည့်ယုံကြည်တယ်” ဟု ၎င်းက ဆိုလေသည်။

Leave a Reply