မော်လမြိုင်၊ မတ် ၂၂ ။ ။ ၂ဝ၁၈ ခုနှစ်တွင် အလုပ်အကိုင် အခွင့်အလမ်းပေါင်း နှစ်သိန်းခန့် ဖန်တီးနိုင်မည်ဟု ခန့်မှန်းထားပြီး ပြည်နယ် ဖွံ့ဖြိုးရေး လုပ်ငန်းများကို နှစ် ၂ဝ စီမံကိန်းပုံစံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံတွင် အဖွံ့ဖြိုးဆုံးဒေသတစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

“ဒါတွေက တစ်နှစ်တည်းနဲ့တော့ဖြစ်မှာ မဟုတ်ဘူး၊ ဒီအစိုးရသက်တမ်းငါးနှစ် အတွင်းမှာတော့ ရုပ်လုံးပေါ်လာမှာပါ”ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အခြေခံအဆောက်အဦများနှင့် စက်မှုလက်မှုလုပ်ငန်းအသီးသီးတွင် ရင်းနှီးမြှုပ်နှံမှုများ လက်ခံလျက်ရှိပြီး ယခုနှစ်အတွင်း လူဦးရေ နှစ်သောင်းခန့်ကို အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဆက်လက် ပြောကြားသည်။

“စက်ရုံတစ်ရုံမှာ လုပ်သားအင်အား သုံးထောင်လောက်ရှိတယ်၊ ဆယ်ရုံဆောက်ရင် သုံးသောင်းရမယ်၊ တကယ်လို့ တစ်ရာလောက်လာရင်တော့ အလုပ်အကိုင်အခွင့်အလမ်းပေါင်း သုံးသိန်းလောက်ရမှာပေါ့”ဟု ဒေါက်တာအေးဇံက ဆိုသည်။

ရေးမြို့နယ်တွင် ဧက ၅၀ဝ အတွင်း ဆောက်မည့် စက်မှုဇုန်လုပ်ငန်း ဖော်ဆောင်ရန်စီစဉ်နေပြီး စက်ရုံအပါအဝင် အခြား အခြေခံအဆောက်အအုံပေါင်းများစွာကို တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံပါက ပြည်နယ်အစိုးရက ဈေးနှုန်း ချိုသာစွာ ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း ဒေါက်တာအေးဇံက ပြောသည်။

ပြည်နယ်အစိုးရ၏ ရည်ရွယ်ချက်မှာ ကောင်းမွန်သော်လည်း စီမံကိန်းများကို အကောင်အထည်ဖော်သည့် ကဏ္ဍမှာ ကြီးမားသဖြင့် အမှန်တကယ် ဖြစ်နိုင်မဖြစ်နိုင်ကို မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း ရေးမြို့နယ် အရပ်ဘက်အဖွဲ့အစည်းမှ ဦးအောင်နိုင်ဝင်းက ဆိုသည်။

“အစိုးရပြောတဲ့အတိုင်း ဖြစ်ရင်တော့ ကောင်းပါတယ်၊ ဒါပေမယ့် စီမံကိန်းတွေကို ပွင့်လင်းမြင်သာစွာနဲ့ ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာကို ရေးမြို့အရပ်ဘက်အဖွဲ့အစည်းအပါအဝင် လူတွေက မသိသေးဘူးဗျ”ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံ မဟာချိုင်မြို့နယ်အတွင်း လုပ်ကိုင်လျက်ရှိသည့် မွန်ပြည်နယ်မှ ရွှေ့ပြောင်းလုပ်သားများအား ပြည်နယ်တွင်းသို့ ပြန်လာနိုင်စေရန် မွန်ပြည်နယ်၏ အဓိကလုပ်ငန်းတွင် ပါဝင်သည့် ငါးလုပ်ငန်းအတွက် ငါးဒိုင်များကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါက်တာအေးဇံက ဆက်လက်ပြောပြသည်။

Written by – ဖိုးဝ

Leave a Reply