မွန်ပြည်နယ်အတွင်းသို့ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ နိုင်ငံခြားခရီးသွားဧည့်သည် ၉၉၉၇၈ ဦးလာရောက်ခဲ့ကြောင်းမွန်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန့်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်ကပြောကြားသည်။

mon-visitor

မွန်ပြည်နယ်အတွင်းသို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားခရီးသွားဧည့်သည် သုံးပုံနှစ်ပုံခန့်မှာကျိုက်ထီးရိုးဘုရားသို့ လာရောက်ကြကြောင်း၊ ယခုနှစ် ဇွန်လအထိကျိုက်ထီးရိုးသို့ လာရောက်ကြသော နိုင်ငံခြားခရီးသွားဧည့်သည် ၆၄၁၈၆ ဦးရှိကြောင်း ၎င်းက ပြောသည်။

လာရောက်လည်ပတ်ကြသော နိုင်ငံခြားခရီးသွားဧည့်သည်များသည် ထိုင်းနိုင်ငံမှ အများဆုံးဖြစ်ပြီး ပြင်သစ်၊ ဗီယက်နမ်၊ ဂျပန်၊ ဂျာမနီတို့လည်းလာရောက်လည်ပတ်သည့် အများဆုံးစာရင်းတွင် ပါဝင်ကြောင်း ၎င်းက ဆိုသည်။

“မွန်ပြည်နယ်ကိုလာတဲ့ နိုင်ငံခြားသားခရီးသွားဦးရေ မနှစ်ကလျော့သွားတယ်။ ဒါကသဘာဝဘေးအန္တ ရာယ်ကြောင့်လည်းပါတယ်။ ရေကြီးတယ်ဆိုရင်လည်းဒီမှာကရေကျနေပြီဖေ့စ်ဘွတ်မှာကမကျသေးဘူး။ ဒီလိုဟာတွေကြောင့်လည်းအလာပါးသွားတယ်။ ဒီနှစ်တော့ မနှစ်ကထက် ပိုလာမယ်လို့ မျှော်လင့်ပါတယ်” ဟုဦးဟောက်ကျင်မုန်ကပြောခဲ့သည်။

၂ဝ၁၄ ခုနှစ်တွင် မွန်ပြည်နယ်အတွင်းသို့ လာရောက်သော နိုင်ငံခြားခရီးသွားဧည့်သည် ၁၇၂၃၄၄ ဦးလာရောက်ပြီးကျိုက်ထီးရိုးသို့ ၁၁၆၅၁၉ ဦးလာရောက်ကြောင်း၊ ၂ဝ၁၅ ခုနှစ်တွင် ၁၅၇၈၄၂ ဦးလာရောက်ပြီးကျိုက်ထီးရိုးသို့ ၁ဝ၆၅၂၁ ဦးရောက်ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

နိုင်ငံခြားသားခရီးသွားဧည့်သည်များကိုအခွန်ကောက်ခံမှုနှုန်းထားမှာတစ်နေရာနှင့် တစ်နေရာမတူညီကြောင်းကျိုက်ထီးရိုးစေတီသို့ လာရောက်ဖူးမျှော်သော နိုင်ငံခြားသားခရီးသွားဧည့်သည် တစ်ဦးလျှင် မြန်မာကျပ်ငွေ ၆ဝဝဝ ကောက်ယူကြောင်းကျိုက်ထိုမြို့နယ်စည်ပင်သာယာရေးရုံးမှ သိရသည်။

Leave a Reply