Advertisements

မော်လမြိုင်၊ စက်တင်ဘာ ၁၃

မွန်ပြည်နယ်သို့ ယခုနှစ်စမှ သြဂုတ်လ အတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ခြောက်သိန်း နီးပါး ဝင်ရောက်ခဲ့ကြောင်း ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဟောက်ကျင်မုန်က ပြောကြားသည်။

ခရီးသွားဧည့်သည်ဝင်ရောက်မှုတွင် ထိုင်းနိုင်ငံမှ အများဆုံးဖြစ်ပြီး ဒုတိယနှင့် တတိယမှာ ဗီယက်နမ်နှင့် ပြင်သစ်တို့ ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဂျပန်နိုင်ငံကလည်း ဝင်ရောက်တာရှိတယ်၊ ဒါပေမဲ့ နည်းတယ်။ ဒီနှစ်မိုးတွင်းက မနှစ်ကထက်စာရင် ဧည့်သည်ဝင်တာ နည်းတယ်”ဟု ဆိုသည်။
ပြည်နယ်အတွင်း ဝင်ရောက်လာသည့် ပြည်ပဧည့်သည်အမျိုးအစားမှာ အလည်အပတ်ဗီဇာဖြင့် လေ့လာရေးခရီး

သက်သက်ရည်ရွယ်လာရောက်သူများပြားကြောင်းနှင့် ၎င်းတို့ကြိုတင် ချိတ်ဆက်ထားသည့် ခရီးသွားကုမ္ပဏီ များ၏ အစီအစဉ်အတိုင်းသာ ဧည်လမ်းညွှန်ကို ခေါ်ယူအသုံးပြုကြကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

ယခင်က အီတလီ၊ နယ်သာလန်စသည့် ဥရောပနိုင်ငံများမှ ခရီးသွားဧည့်သည်ဝင်ရောက်မှု နည်းပါးခဲ့သော် လည်း ယခုနှစ်တွင် ဝင်ရောက်မှုနှုန်း သိသိသာသာ မြင့်တက်လာကြောင်း၊ ၎င်းတို့မှာ ထိုင်း-မြန်မာနယ်စပ်မှ တစ်ဆင့် ဝင်ရောက်လေ့ရှိကြကြောင်း သိရသည်။

ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအနေဖြင့် မွန်ပြည်နယ်တွင် ဆံတော်ရှင် ကျိုက်ထီးရိုးသို့ အများဆုံး လာရောက်လည်ပတ်ကြကြောင်း၊ ခရီးသွားများအတွက် အထောက်အကူပြုနိုင်ရန် ကျိုက်ထိုနှင့် မော်လမြိုင် တွင် သတင်းနှင့် ပြန်ကြားရေးကောင်တာများဖွင့်လှစ်ထားပြီး ဒေသတွင်း လည်ပတ်ဖွယ်ရာ နေရာများ၊ ခရီးအကွာအဝေး၊ လမ်းညွှန်ပေးခြင်းနှင့် ခရီးစရိတ်များ ခန့်မှန်းတွက်ချက်ပေးခြင်းစသည့် ဝန်ဆောင်မှုများ ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။

၂၀၁၆ က ခရီးသွား ဧည့်သည်ဝင်ရောက်မှု မှာ ပြည်တွင်းမှ ၂,၂၃၇,၂၆ဝ ဦး နှင့် ပြည်ပမှ ၂၁၂,၃၈၆ ဦး ရှိကြောင်း၊ ယခုနှစ် ရှစ်လအတွင်း ပြည်တွင်းမှ ၅၁၃,၉၂ဝ ဦး နှင့် ပြည်ပမှ ၆၁,၅၄၃ ဦးသာ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

Written by – ထိုက်ထိုက်

 

Advertisements
<

Leave a Reply