မွန်ပြည်နယ်အတွင်းရှိ ပြဿနာများ ပူးပေါင်းဖြေရှင်းနိုင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်တို့ တစ်လတစ်ကြိမ် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

HLUTAW

အဆိုပါ မွန်ပြည်နယ်လွှတ်တော်က ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးထံစာပို့ထားပြီး ဝန်ကြီးချုပ်က
နှုတ်အားဖြင့် သဘောတူပြောဆိုခဲ့ကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ဒီလိုတွေ့ဆုံခြင်းအားဖြင့် လွှတ်တော်အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက်လည်း သံသယ မဖြစ်တော့ဘူး၊ ပြည်နယ်ဖွံ့ဖြိုးရေးအတွက် ပိုပြီး မြန်ဆန်လာမယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်တို့ တွေဆုံရန် ရက်အတိအကျ မသတ်မှတ်ရသေးကြောင်း ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

ထို့အပြင် နှစ်ဖက်တွေ့ဆုံခြင်းအားဖြင့် လွှတ်တော်တွင် မေးမြန်းရန်မလိုဘဲ နှစ်ဖက် ပူးပေါင်းဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“တွေ့ကြရင်တော့ ပိုအားကောင်းလာမှာပေါ့၊ သူတို့ဆီမှာ ဖြစ်နေတဲ့ ပြဿနာတွေ ကျွန်တော်တို့ဆီမှာ သူတို့သိချင်တဲ့ကိစ္စတွေကို မေးမြန်ကြတော့ ပိုကောင်းပေါ့” ဟု ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောဆိုသည်။

ထို့အပြင် နှစ်ဖက်တွေ့ဆုံခြင်းအားဖြင့် လုပ်ငန်းများ ချိတ်ဆက်ဖြေရှင်းရာတွင် အားကောင်းလာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များကို လွှတ်တော်တွင် မေးမြန်းဖို့ မလိုအပ်ဘဲ အလွတ်သဘော မေးမြန်းအဖြေရှာနိုင်ကြောင်း ဒေါက်တာမင်းကြည်ဝင်းက ပြောကြားသည်။

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က လွှတ်တော်နှင့် အစိုးရအဖွဲ့ မကြာခဏ တွေ့ဆုံခဲ့ပြီးလွှတ်တော်လုပ်ငန်းများနှင့် အစိုးရလုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောဆိုသည်။

Leave a Reply