မော်လမြိုင်၊ အောက်တိုဘာ ၄ ရက်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသစ်လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် ခနောက်စိမ်းသန့်စင်စက်ရုံ(၁) ရုံအား မွန်ပြည်နယ်အစိုးရက စတင်စမ်းသပ်လည်ပတ်ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

စက်ရုံစမ်းသပ်လည်ပတ်ခွင့်ရရှိရေးအတွက် သြဂုတ်လ၌ မွန်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြခဲ့ရာ အောက်တိုဘာ ၂ ရက်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့က လည်ပတ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

“စမ်းသပ်လည်ပတ်မယ့်ကာလကို မသတ်မှတ်ထားဘူး။ လည်နေတဲ့အချိန် ပတ်ဝန်းကျင်ထိခိုက်မှုရှိ၊ မရှိ စစ် ဆေးသွားမယ်။ ထိခိုက်မှုရှိရင်တော့ လည်ပတ်ခွင့်ပိတ်သိမ်းမယ်။ (၂)ပါတ်အကြာမှာ ဒီစက်ရုံကို ပြန်စစ်ဆေး မယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းကပြောသည်။

စမ်းသပ်လည်ပတ်ခွင့်ရရှိသည့် အရှေ့မြောက်ဆင်ဖြူတော်စက်ရုံသည် တစ်နေ့လျှင် သန့်စင်ပြီးခနောက်စိမ်း တစ်တန်ခွဲခန့် ထုတ်လုပ်သွားမည်ဖြစ်ပြီး အမြုပ်ခတ်နည်းပညာဖြင့် သန့်စင်သွားမည်ဖြစ်ကြောင်းသိရသည်။

စက်လည်ပတ်ခွင့်ရရှိရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်ကို တတိယအဖွဲ့အစည်းဖြစ်သည့် Green Tech အဖွဲ့ဖြင့် ရေးဆွဲခဲ့ပြီး အစီရင်ခံစာကို မွန်ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားကြောင်းသိရသည်။

စက်ရုံအတွင်းမှထွက်ရှိမည့် မိုးရေများနှင့် အလုပ်သမားတန်းလျားမှထွက်ရှိမည့်ရေများကို ရေမြောင်းစနစ် ထားရှိ မည်ဖြစ်ပြီး သတ္တုရိုင်းများ ရေတွင်ပျော်ဝင်မှုမရှိစေရန် ကွန်ကရစ်အခင်း အမိုးအကာအောက်တွင် ထားရှိသွားမည်ဖြစ်ကာ ထွက်ရှိလာမည့် စွန့်ပစ်ကျောက်မှုန့်များကို စက်ရုံအတွင်း ယာယီသိုလှောင်ကန်ဖြင့်ထားရှိ၍ ကွန် ကရစ်အုတ်ပြုလုပ်သည့်နေရာတွင် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အစီရင်ခံစာပါအကြံပြုချက်များအနေဖြင့် လုပ်ငန်းခွင်အတွင်း အမှုန်အမွားနှင့် အသံထွက်ရှိမှု လျှော့ချပေးရမည် ဖြစ်ပြီး စက်ရုံပတ်ဝန်းကျင်တွင် သစ်ပင်များစိုက်ပျိုးပေးရန်၊ လုပ်သားများ အလုပ်ခွင်ထိခိုက်မှုမရှိစေရေး ဦးတည် အလေးထားဆောင်ရွက်ရန် စွန့်ပစ်ရေများအား စက်ရုံတွင် ရာနှုန်းပြည့် ပြန်လည်အသုံးပြုရေး အထူးအလေး ထားဆောင်ရွက်ရန် ဖော်ပြထားသည်။

အမြုပ်ခတ်နည်းပညာဖြင့် ခနောက်စိမ်းသတ္တုထုတ်လုပ်ခြင်းသည် ရေဖြင့် အဓိကထုတ်လုပ်ခြင်းဖြစ်ရာ ဓာတုပစ္စည်းအသုံးပြုမှုရှိသော်လည်း အဆိုပါဓာတုပစ္စည်းများ ရေနှင့် ဓာတ်ပြုခြင်းမရှိဘဲ ရေတွင် ပျော်ဝင်နေမည် ဖြစ်ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။

ယခင်အစိုးရလက်ထက်တွင် မော်လမြိုင်စက်မှုဇုန်၌ ခနောက်စိမ်းကုန်ကြမ်းများကို လျှပ်ကူးနည်းပညာနှင့် ကျောက်မီးသွေးအစား ကုတ်မီးသွေးဖြင့်အပူပေးပြီး ထွက်ရှိလာသော ခနောက်စိမ်းအောက်ဆိုဒ်မှုန့်များအား ပိတ်စစ်ဇကာဖြင့် စစ်ယူသည့်နည်းပညာများကိုအသုံးပြု၍ ခနောက်စိမ်းသန့်စင်စက်ရုံ(၆)ခုဝန်းကျင်ခန့်ကို စမ်း သပ်လည်ပတ်ခွင့်ပြုခဲ့ရာ စမ်းသပ်လည်ပတ်နေစဉ်ကာလအတွင်း ပတ်ဝန်းကျင်ထိခိုက်မှုများရှိသောကြောင့် လည်ပတ်ခွင့်ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

Written by – MMK

Leave a Reply