မော်လမြိုင်၊ မေ ၂၂

မွန်ပြည်နယ်အစိုးရ ကပ်ဘိနက်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ချောင်းဆုံမြို့နယ်ရှိ ရပ်၊ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးအား တာဝန်မှ ရပ်စဲခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ဝန်ကြီးချုပ်တို့က စာဖတ်ရန် လိုအပ်နေပြီးဟု မေလ ၂၂ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယမြောက်နေ့အပြီးတွင် မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက မီဒီယာများနှင့်တွေ့ဆုံရာ၌ ပြောကြားသည်

“ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ကပ်ဘိနက်အစည်းအဝေးဆုံးဖြတ်ချက်တစ်ရပ်ရပ်နဲ့ ဖြုတ်ပိုင်ခွင့်ကို မရှိဘူး။ ဖြုတ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ ဥပဒေလည်း ကျွန်တော်တစ်ခါမှ မတွေ့ဖူးသေးဘူး။ ဒါက အစိုးရအဖွဲ့က စာပြန်ဖတ်ဖို့လိုတယ်”ဟု ဒေါက်တာအောင်နိုင်ဦးကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ချောင်းဆုံမြို့နယ်ရှိ ရပ်၊ကျေးအုပ်ချုပ်ရေးမှူးနှစ် ဦးအား တာဝန်မှ ရပ်စဲခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးခွန်းမေးမြန်းခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး ဖြေကြားချက်မှာ မိမိလိုချင်သည့်အဖြေကို မရရှိသည့်အပြင် ပြတ်သားသည့်ဖြေကြားမှုလည်း မရှိကြောင်း ၎င်းက ဆိုသည်။

“သူတို့ရဲ့ထုတ်ပြန်ချက်စာအရ ရပ်ကွက်ကျေးရွာအုပ်ချုပ်မှူးဥပဒေ တတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေ ပုဒ်မ ၁၅ အရလို့ ရည်ညွှန်းထားတယ်။ အခုဖတ်ကြည့်လို့ရတယ် တတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေထဲမှာ ဒီကိစ္စတွေမပါဘူး။ ဒါက ရည်ညွှန်းချက်မှားနေတာပဲ။ အစိုးရအဖွဲ့တစ်ဖွဲ့က ပေါက်ကရရည်ညွှန်းလို့မသင့်ဘူး။ ပြန်စိစစ်ဖို့လိုတယ်”ဟု ဒေါက်တာအောင်နိုင်ဦးက ထပ်လောင်းပြောကြားသည်။

ကွမ်ရိုက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တော်ကနာကျေးရွာအုပ်ချုပ်ရေးမှူးတို့က ပြည်သူများရေရရှိရေးအတွက် စေတနာဖြင့် ဆောင်ရွက်ပေးနေသော်လည်း လုပ်ထုံးလုပ်နည်းများ လွဲမှားနေကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

“လုပ်ထုံးလုပ်နည်း လွဲမှားတဲ့အတွက် ကျွန်တော်တို့ ကပ်ဘိနက်ဆုံးဖြတ်ချက်အရ တာဝန်ကနေ ရပ်စဲစေခဲ့တာဖြစ်ပါတယ်”ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

ကွမ်ကျေးရွာနှင့် တော်ကနာကျေးရွာ ရေရရှိရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို ဆက်လက်ကျင်းပလျက်ရှိသည်။

ရွှေရိုး

Leave a Reply