ဒုတိယမြောက် ဒီမိုကရေစီသက်တမ်း အစပျိုးရာ ၂ဝ၁၆ ခု နှစ်မတ်လမှစပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရအဖွဲ့က အုပ်ချုပ်ရေးကဏ္ဍ အသီးသီးတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့သည့်မှာ မကြာမီရက်ပိုင်းကပင် တစ်နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

အစိုးရသစ်၏ စွမ်းဆောင်ရည်ကို အုပ်ချုပ်ရေးမဏ္ဍိုင်၏ ဝန်ကြီးဌာနအသီးသီး မဖွဲ့စည်းမီ ဒီချုပ်လွှမ်းမိုးသည့် လွှတ်တော် အသီးသီးပေါ်လာသည့် အချိန်ကတည်းက ၎င်းတို့ ကတိပေးထားသည့်အတိုင်း ပြောင်းလဲမှု တစ်ရပ်ကို ဖော်ဆောင်နိုင်ပါမည်လောဟူ၍ ပြည်သူအများစုက မျှော်လင့်ချက်ကြီးမားစွာဖြင့် စောင့်ကြည့်ခဲ့ကြသည်။
သို့သော်လည်း တစ်နှစ်တာကာလအတွင်း အစိုးရအနေဖြင့် ပြည်သူအများစုမျှော်လင့်သော ပြောင်းလဲမှု တစ်ရပ်ကိုမူ အပြည့်အဝ အကောင်အထည် ဖော်ဆောင်နိုင်ခြင်း မရှိသေးကြောင်းကိုလည်း ပြည်သူများ သိရှိနားလည်ထားကြပြီလည်း ဖြစ်သည်။

“အစိုးရတာဝန်ယူထားတဲ့ တစ်ချို့ကဏ္ဍတွေကို အကောင်အထည်ဖော်နိုင်တာ ရှိသလို အကောင်အထည် ဖော်လို့ မရသေးတာလည်း ရှိနေတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

ပြည်သူ့ဘဏ္ဍာကို သက်သာစေလိုသော ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စု၊ တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ဝန်ကြီးဌာနများကို လျှော့ချခဲ့ရာ မွန်ပြည်နယ်တွင် ဝန်ကြီးဌာန ခုနစ်ခု ဖွဲ့စည်းနိုင်ခဲ့ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးက စည်ပင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူခဲ့သည်။

မွန်ပြည်နယ် အစိုးရအဖွဲ့နေဖြင့် ပြည်နယ်၏ အုပ်ချုပ်ရေးနေရာများကို စတင်တာဝန်ယူစဉ် ကတည်းက ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်မည်ဟု ကြွေးကြော်ခဲ့ပြီး စလယ်ဝင်အိုးဖင်မမဲခင် ကပင် ဦးမင်းမင်းဦးက ဝန်ကြီးချုပ်နေရာကို ၁၀ လသာ ထမ်းဆောင်ပြီး နှုတ်ထွက်သွားခဲ့သည့်အတွက် NLD အစိုးရက်လက်ထက်၌ တိုင်းနှင့် ပြည်နယ် ၁၄ ခုတွင် ပြည်နယ်ဝန်ကြီးချုပ်နေရာကို ပထမဦးဆုံး နှုတ်ထွက်သည့် ပြည်နယ်တစ်ခုအဖြစ် သမိုင်းဝင်ခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးက ၎င်းတို့အစိုးရ စတင်အကောင်အထည်ဖော်မည့် ဗျူဟာတစ်ခုအဖြစ် ပြည်သူများကို ဝန်ဆောင်မှုပေးနေသည့် ဌာနအသီးသီးမှ ဝန်ထမ်းများ အဂတိလိုက်စားမှု ပပျောက်ရေးကို အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်အဖြစ် ဆောင်ရွက်ခဲ့ပြီး လာဘ်စားသူများကို ပြင်းပြင်းထန်ထန် အရေးယူမည်ဟု
၎င်းက ပြောဆို သတိပေးခဲ့သည်။

ထိုထုတ်ပြန်ချက်ကို ကြားရသည့် အတွက်ကြောင့် ဗျူရိုကရေစီ ယန္တရားကြီး၏ နှစ်ရှည်လများ ဖိနှိပ်မှုကို ခံခဲ့ကြရသည့် ပြည်သူများအတွက် စိတ်ချမ်းသာဖွယ်ရာ ဖြစ်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့် အမျှ ထိုကတိ ပေးချက်မှာ အဖျားရှူးသွားပြီဖြစ်ကြောင်း ရေးမြို့နယ်အရပ်ဖက်အဖွဲ့အစည်းမှ ဦးအောင်နိုင်ဝင်းက ပြောသည်။
“ဒို့မွန်ပြည်နယ်အစိုးရအဖွဲ့ အနေနဲ့ အဂတိလိုက်စားမှုတွေကို မဖျောက်ဖျက်နိုင်ဘူး၊ ဝန်ထမ်းတွေရဲ့ အကျင့်ပျက် ခြစားမှုတွေကိုလည်း မဖျောက်ဖျက်နိုင်သေးဘူး”ဟု ဦးအောင်နိုင်ဝင်းက ဆိုသည်။

ထို့ပြင် မူးယစ်ဆေးဝါးနှင့် လောင်းကစား ပြဿနာများကို ကိုင်တွယ်ရာတွင် ပင်စည်ကို အတွင်းကျကျ ကိုင်တွယ်နိုင်သည့် ကိစ္စရပ်များကို မတွေ့ရသေးသောကြောင့် အခက်အလက်များကိုသာ ရှင်းလင်း နေသကဲ့သို့ ဖြစ်နေရကြောင်းလည်း ပြည်သူတစ်ချို့က ဝေဖန်နေကြသည်။

မွန်ပြည်နယ်သည် စိုက်ပျိုးရေးကို အခြေခံသော ပြည်နယ်ဖြစ်သည်နှင့် အညီ ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတို့ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အစိုးရသစ်၏ ပထမဆုံးနှစ်တွင် ဖိဖိစီးစီး လုပ်ခဲ့ရကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ဆိုသည်။
“ဒီတစ်နှစ်အတွင်းမှာ အဖြေရှင်းရဆုံး ကိစ္စကတော့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေပဲပေါ့၊ ဒီအောက်မှာက ဌာနတွေ အများကြီးရှိတာကိုး”ဟု ၎င်းက ပြောသည်။

စိုက်ပျိုးရေးဟု ဆိုရာတွင် စပါးကိုသာမက ရာဘာကိုလည်း စိုက်ပျိုးထားသည်ဖြစ်ရာ ရာဘာအများဆုံး စိုက်ပျိုးသည့် မွန်ပြည်နယ်တောင်ဘက်ခြမ်းထက် လယ်စပါးကို အဓိကစိုက်ပျိူးသည့် မွန်ပြည်နယ် မြောက်ဘက်ခြမ်းမှာ ပြဿနာပိုများသဖြင့် အသေအချာကိုင်တွယ်ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ကျွန်တော်တို့ စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်ကစပြီးတော့ ဒီနေ့ထိ လယ်ယာကဏ္ဍမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ အခြေအနေတွေကို အလျှင်အမြန် ဆောင်ရွက်ခဲ့ရတာကို နဖူးတွေ့ဒူးတွေ့တော့ ဆုံတွေ့ခဲ့ရတယ်”ဟု ဦးထွန်းဌေးက ဆိုသည်။

ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက စိုက်ပျိုးမြေများ ရေကြီးနစ်မြှုပ်မှုမှ ကာကွယ်နိုင်ရန်အတွက် ရေနုတ်မြောင်း၊ ချောင်းမြောင်း တူးဖော်ခြင်းလုပ်ငန်း ၄၃ ခု၊ ရေငန်ဝင်ရောက်ခြင်းမှ ကာကွယ်ရန် ရေတားမံများ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ၁၄ ခု၊ ရေတံခါးများ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ကိုးခု၊ ရေလှောင်ကန်နှင့် ဆည်ရေသောက်စနစ်များ ပြုပြင်ထိန်းသိမ်းပေးခြင်းလုပ်ငန်း ၂၈ ခုနှင့် နွေစပါး စိုက်ပျိုးရေးအတွက် ချောင်းပိတ်မြောင်းပိတ် လုပ်ငန်းပေါင်း ရှစ်ခုဆောင်ရွက်ပေးခဲ့သည်။

ထို့ပြင် ပြည်နယ်အစိုးရ ရန်ပုံငွေကျပ်သန်း ၁၀ဝ ဖြင့် ဘီးလင်း၊ သထုံနှင့် ချောင်းဆုံမြို့နယ်တို့တွင် စက်မှုလယ်ယာ စနစ်ကျလယ်မြေ ၆၂၅ ဧက ဖော်ထုတ်ပေးနိုင်ခဲ့သည်။
“ဒို့ယန္တယားဖြစ်တဲ့ ဌာနဆိုင်ရာတွေနဲ့ ပေါင်းစပ်ပြီးတော့ ပြည်သူတွေအတွက် ဘယ်လိုအကျိုးရှိအောင် ဆောင်ရွက်ပေးသင့်လဲဆိုတဲ့ အခြေအနေမျိုးကိုတော့ ကျွန်တော်တို့ တော်တော်လေး သိခဲ့ရတဲ့အတွက်ကြောင့် အားရတယ်၊ ကျေနပ်တယ်”ဟု ဦးထွန်းဌေးက ၎င်း၏သဘောထားကို ထုတ်ဖော်ပြောဆိုသည်။

အစိုးရသစ်တက်ပြီးနောက်ပိုင်း မွန်ပြည်နယ်၏ အဓိကစီးပွားရေး လုပ်ငန်းဖြစ်သည့် ရာဘာလုပ်ငန်းမှာ ဈေးနှုန်း ကောင်းမွန်လာခဲ့သည့်အတွက် ထိုအားသာချက်ကို အသုံးချရန်လိုကြောင်း မော်လမြိုင်မြို့နယ်၏ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမောင်မောင်ဇော်ထွန်းကလည်း တိုက်တွန်းသည်။

ရာဘာကုန်ကြမ်း ထုတ်လုပ်သည့် လုပ်ငန်းတွင် အားနည်းမှုများရှိနေပြီး အဆင့်မြင့် ရာဘာကုန်ကြမ်း ထုတ်လုပ်မှုကို စိတ်ဝင်စားသည့် ပြည်ပနိုင်ငံများမှ လုပ်ငန်းရှင်များက လာရောက်ရင်းနှီးမြှပ်နှံမှသာ အရည်အသွေးမီ ရာဘာဈေးကွက်တစ်ခု ပေါ်ပေါက်လာမည်ဟု ထင်ကြောင်း ၎င်းက ဆိုသည်။

ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင်လည်း ကျေးလက်လမ်း ၄၅ လမ်း၊ ကျေးလက်တံတား ၅၉ စင်း ဆောက်ရွက်လျက်ရှိပြီး ကျေးလက်ရေးပေးဝေရေးလုပ်ငန်း ၁ဝဝ ကျော်ကိုလည်း ဆောင်ရွက်ဆဲဖြစ်သည်။

ထို့ပြင် မွန်ပြည်နယ်၏ ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်တွင် လေလံတန်ဖိုးကျပ်သိန်း ၃ဝဝ အောက်ရှိ လေလံလမ်း၊ တံတားဂိတ်များဖြစ်ကြသော ရန်ကုန်-မြိတ်လမ်းပေါ်ရှိ ရေးချောင်းတံတားဂိတ်၊ ကလောပိတံတားဂိတ်၊ ကွမ်ကျိုက်တံတားဂိတ်နှင့် ကြိုးတန်းတံတားဂိတ်တို့ကို တံတားအသုံးပြုခ ကောက်ခံခြင်းမပြုတော့ပဲ ဂိတ်များ ပိတ်သိမ်းလိုက်ခြင်းဖြင့် ဖြေလျှော့ပေးခဲ့သည်။

အစိုးရ၏ တစ်နှစ်တာအတွင်း မွန်ပြည်နယ်၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက မွန်ပြည်နယ်တွင် 11 KV ဓာတ်အားလိုင်း ၄၇ ဒဿမ ၅၈ မိုင်၊ 0 . 4 KVဓာတ်အားလိုင်း ၃၆ ဒဿမ ၆၄ မိုင်၊ 100 KVA ဓာတ်အားခွဲရုံ ၂၉ ရုံ၊ 160 KVA ဓာတ်အားခွဲရုံ ၁၈ ရုံနှင့် 200 KVA ဓာတ်အားခွဲရုံ ၂၈ ရုံတို့ကို တိုးချဲ့ပေးနိုင်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ဝန်ကြီးချုပ်သစ် ဒေါက်တာအေးဇံကလည်း မွန်ပြည်နယ်တွင် လျှပ်စစ်မီး မရသေးသည့် ဒေသများဖြစ်သော ရေးနှင့် သံဖြူဇရပ်မြို့နယ်များအနေဖြင့် လာမည့်နှစ်တွင် မီးလင်းနိုင်လိမ့်မည်ဟု အာမခံပြောဆိုထားသည်။

“နောင်တစ်နှစ်လောက်ဆို ရေးနဲ့ သံဖြူဇရပ်မှာ သေချာပေါက်မီးလင်းမှာပါ”ဟု ဒေါက်တာအေးဇံက ဆိုသည်။
မွန်ပြည်နယ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အခြေခံအဆောက်အဦးများနှင့် စက်မှုလက်မှုလုပ်ငန်းအသီးသီးတွင် လာရောက် ရင်းနှီးမြှုပ်နှံမှုကို လမ်းဖွင့်ပေးထားပြီး စိစစ်လျက်ရှိသည်။

ရေးမြို့နယ်တွင် ဧက ၅ဝဝ အတွင်း တည်ဆောက်မည့် စက်မှုဇုန်လုပ်ငန်း ဖော်ဆောင်ရန် စီစဉ်နေပြိီး စက်ရုံအပါအဝင် အခြားသော အခြေခံအဆောက်အဦးများစွာကိုလည်း အရည်အသွေး ပြည့်မီစွာဖြင့် တည်ဆောက်ရန် လာရောက်ရင်းနှီးမြှုပ်နှံပါက ဈေးနှုန်းချိုသာစွာဖြင့် ဆောင်ရွက်ခွင့်ပြုမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့က ကြေငြာမောင်းခတ်ထားပြီး ဖြစ်သည်။

လက်ရှိတွင်လည်း Bedok ကုမ္ပဏီက ရေးမြို့နယ်အတွင်း ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေးလုပ်ငန်း၊ လျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်း၊ စက်မှုဇုန်လုပ်ငန်းများနှင့် အိမ်ရာစီမံကိန်းလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် စိုင်းပြင်းလျက်ရှိသည်။

ထို့ပြင် မွန်ပြည်နယ် ဆယ်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို စီမံကိန်း ၃၅ ယူနစ်အတွက် မတည်ရန်ပုံငွေကျပ်သန်း ၁ဝ၅ဝ ဖြင့် အကောင်အထည်ဖော ်ဆောင်ရွက်ပေးလျက်ရှိသည်။

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို ကျိုက်မရောမြို့နယ်၏ ကျေးရွာခုနစ်ရွာတွင် လုပ်ငန်း ကိုးခု၊ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာ လေးရွာတွင် လုပ်ငန်း ခုနစ်ခုဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အစိုးရ၏ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်လျက်ရှိကြောင်း ဒေါက်တာအေးဇံက ဆိုသည်။

သို့သော်လည်း မွန်ပြည်နယ်အစိုးရက ၎င်းတို့ဖော်ဆောင်မည့်စီမံကိန်းလုပ်ငန်းများကို ပြည်သူများသို့ ချပြရာတွင် ပွင့်လင်းမြင်သာမှု အားနည်းနေသေးကြောင်း စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူတစ်ချို့က ဝေဖန်နေကြသည်။

“လုပ်ငန်းအကောင်အထည်ဖော်တဲ့ အပိုင်းတွေက သူတို့ဘာတွေလုပ်နေတယ်ဆိုတာကို ယေဘူယျအားဖြင့် ထုတ်ပြန်တာလောက်ပဲ ကျွန်တော်တို့က သိရတယ်၊ ဒါကို မေးမြန်းမှပဲ သိရတာဆိုတော့ အားနည်းမှုတွေလည်း အများကြီးရှိတယ်လို့ မြင်ပါတယ်”ဟု ဦးမောင်မောင်ဇော်ထွန်းက ၎င်း၏ အမြင်ကို ပြောပြသည်။

ထို့ပြင် ပြည်နယ်အတွင်း ရင်းနှံမြှုပ်နှံမှုတစ်ချို့မှာ ပြည်ထောင်စု၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ဆောင်ရွက်မည်လော ပြည်နယ်အစိုးရ၏ အာဏာစက်အောက်၌ ဆောင်ရွက်မည်လောဟူသည်ကို ဒေသခံ လုပ်ငန်းရှင်များက ကွဲကွဲပြားပြားသိရန် အစိုးရအနေဖြင့် ကြိုးစားပေးသင့်ကြောင်း ဦးအောင်နိုင်ဝင်းက လည်းတိုက်တွန်းသည်။

“စီမံကိန်းတွေကို ဘယ်လိုပွင့်လင်းမြင်သာမှုမျိုးနဲ့ အကောင်အထည်ဖော်မလဲဆိုတာ ရေးမြို့နယ်ထဲမှာရှိတဲ့ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေက မသိသေးဘူးဗျ၊ အဲ့အတွက်စီမံကိန်းကြီးတွေကို အစိုးရက ခွင့်ပြုပေးတဲ့ဟာက တကယ်ဖြစ်ပါ့မလားဆိုတာ သံသယဖြစ်မိတယ်”ဟု ဦးအောင်နိုင်ဝင်းက ပြောသည်။

ဦးမောင်မောင်ဇော်ထွန်းကမူ “အားသာချက်တစ်ခုက နိုင်ငံခြားက ပြန်လာတဲ့လူငယ်တွေဆီက ပါလာတဲ့ ပညာတွေနဲ့ စက်ရုံတွေအလုပ်ရုံတွေ ဖွင့်နိုင်ရင်တော့ တိုးတက်မှာပေါ့၊ ဒါပေမယ့် ပြည်ထောင်စုကနေ စီမံခန့်ခွဲတဲ့ ကိစ္စတွေပဲ ဖြစ်နေတယ်၊ သူတို့က အောက်ခြေလုပ်ပိုင်ခွင့်တွေ ချပေးနိုင်ရင်တော့ အလားအလာ ကောင်းလာမှာပါ”ဟူ၍ ၎င်း၏အမြင်တစ်ခုကို ထပ်မံပြောပြသည်။

အစိုးရသစ် တက်လာသည်နှင့် တိုင်တန်းမှု အများဆုံးခံရသော ကျောက်မိုင်းလုပ်ငန်းများနှင့် ပတ်သက်ပြီး ဒေသခံများနှင့် ပြေလည်စေရန် ဆောင်ရွက်နေရသောကြောင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှာ တစ်နှစ်တာအတွင်း လုပ်ငန်းအသစ်များကို အကောင်အထည် မဖော်နိုင်သေးဘဲ ပြဿနာအဟောင်းများကိုသာ ဖြေရှင်းခဲ့ရကြောင်း အဆိုပါဌာန၏ ဝန်ကြီးဖြစ်သူ ဒေါက်တာမင်းကြည်ဝင်းက ဆိုသည်။

ထို့ကြောင့် လာမည့်ဘဏ္ဍာနှစ်များတွင် ရုံးဝန်ထမ်းအင်အား တိုးချဲ့ပြီး ပြည်နယ်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာလုပ်ငန်းများကို တဖြည်းဖြည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် စာချုပ်အရှုပ်အရှင်းများ ဖြစ်နေသော တိုးချဲ့ကမ်းနားလမ်းအပိုင်း (၆) စီမံကိန်း၊ ဒေသခံများ ကန့်ကွက်နေသော MCL ဘိလပ်မြေစက်ရုံ၏ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ဖျက်သိမ်းရေး တောင်းဆိုချက်များမှာလည်း ပြည်နယ်အစိုးရ ဖြေရှင်းရမည့် ပြဿနာများအဖြစ် နေသေးသည်။

မည်သို့ပင် ဆိုစေကာမူ ပြည်သူများ၏ တင်မြှောက်မှုဖြင့် အာဏာရလာသောအစိုးရအဖွဲ့မှာ လေးနှစ်တိတိ တာဝန်ထမ်းဆောင်ရန် အချိန်ကျန်သေးသည်ဖြစ်ရာ ပြည်သူများ လိုလားသည့် ပြောင်းလဲမှုကို ဖော်ဆောင်ပေးနိုင်ခြင်း ရှိမရှိ စောင့်ကြည့်ရဦးမည်ဖြစ်သည်။

ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခွင့် ရရှိသော ဝန်ကြီးချုပ်သစ် ဒေါက်တာအေးဇံကလည်း မြို့နယ်အလိုက် ရပ်မိရပ်ဖများကို တွေ့ဆုံပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဟုလည်း ဆိုထားပြီး Pulblic Meeting များကို မကြာခဏပြုလုပ်နိုင်လျှင် ပြည်နယ်ဖွံ့ဖြိုးရေးကိုအထောက်အကူပြုလာမည်ဖြစ်ကြောင်း ဦးမောင်မောင်ဇော်ထွန်းက သုံးသပ်သည်။

“ယခင်ဝန်ကြီးချုပ်က အားနည်းမှုတွေ ရှိခဲ့တဲ့အခါကျတော့ မွန်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အုပ်ချုပ်ရေး လမ်းကြောင်း သွားနေတဲ့ဟာက အားနည်းမှုရှိခဲ့တယ်၊ အခုချိန်မှာတော့ ပြန်လည် အားကောင်းလာနိုင်တဲ့ အနေအထားကို တွေ့နေရပါပြီ”ဟု ၎င်းက ဆိုလေသည်။

Written by – ဖိုးဝ

Leave a Reply