Advertisements

မွန်ပြည်နယ် အစိုးရ၏ ၂၀၁၆ – ၁၇ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်း စစ်ဆေးတွေ့ရှိချက် နှင့် ဝန်ကြီးဌာနများ၏ ထူးခြားသော စစ်ဆေးတွေ့ရှိချက်ကို မွန်ပြည်နယ် စာရင်းစစ်ချုပ်က ဇွန် ၄ရက်တွင် လွှတ်တော်သို့ တင်သွင်းခဲ့သည်။
ယင်းအစီရင်ခံစာ၌ ဝန်ကြီးဌာန (၇) ခုအတွက် အရေးကြီးသော စစ်ဆေး တွေ့ရှိချက် ၂၇ ချက် ပါဝင်သည်။

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံအဖွဲ့အစည်းများ ပါဝင်ခြင်းမရှိသော စာရင်းစစ်ချုပ်တွေ့ရှိချက် အစီရင်ခံစာတွင် စည်ပင်သာယာရေး ဝန်ကြီးဌာနအတွက် တွေ့ရှိချက် ငါးချက် ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ရှစ်ချက်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန ကိုးချက်၊ စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှာ တစ်ချက်စီ၊ ပညာရေးဝန်ကြီးဌာန နှစ်ချက် စသဖြင့်အဆိုပါ စာရင်းတွင်ပါဝင်၏။

အရေးကြီးသော စစ်ဆေးတွေ့ရှိချက်များတွင် ပုဂ္ဂလိက လုပ်ငန်းများကို စာချုပ် ချုပ်ဆိုထားမှု မရှိခြင်း၊ လိုင်စင်ကြေး ပေးသွင်းမှု မရှိခြင်း၊ ငှားရမ်းခ ပေးသွင်းရန် ပျက်ကွက်ခြင်း၊ လုပ်ငန်းပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းခြင်းနှင့် လစာငွေ ပိုထုတ်ပေးခြင်းစသော အချက်များပင်။

စာရင်းစစ်အဖွဲ့၏ တွေ့ရှိချက်မျာနှင့် ပတ်သက်၍ သထုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ယခုလို မှတ်ချက်ပြု၏။

“အစီရင်ခံစာတွေအရ တချို့လုပ်ငန်းတွေဟာ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုကို ဖော်ဆောင်နေတဲ့ အစိုးရရဲ့ ရည်ရွယ်ချက်ကို သွေဖည်နေတယ်”ဟု ဆိုသည်။

မွန်ပြည်နယ် စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦးကလည်း အရေးကြီးသော တွေ့ရှိချက်များကို စီမံခန့်ခွဲရေး ဆိုင်ရာစာဖြင့် ထုတ်ပြန်ပြီး အစိုးရအဖွဲ့သို့ ပေးပို့သော်လည်း ပြန်ကြားမှုအပေါ် ကျေနပ်မှု မရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
အစီရင်ခံစာ၏ တွေ့ရှိချက်များမှာ သက်ဆိုင်ရာ ဝန်ကြီးဌာန အကြီးအကဲများ သိပြီးဖြစ်၍ လိုက်နာ ဆောင်ရွက်ရန် လိုအပ်သည်ဟုပင် ၎င်းက ထောက်ပြပြောဆိုသည်။

အရေးကြီးသော တွေ့ရှိချက်များ၌ အများနှင့်သက်ဆိုင်ပြီး ထင်ရှားသောကိစ္စမှာ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် အဝေးပြေးကားဝင်းရှိ ဆိုင်ခန်းပေါင်း ၁၀၈ ခန်းအတွက် မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြေငှားရမ်းခကောက်ခံမှုဖြစ်သည်။

သို့သော် ငှားရမ်းခြင်းအတွက် သဘောတူစာချုပ် ချုပ်ဆိုထားခြင်း မရှိသည့်အပြင် ငှားရမ်းခမှာ တစ်ခန်းအတွက် တစ်လ ကျပ် ၂၀၀၀ သာ ဖြစ်သည်။

ထိုသို့ ဖြစ်ပေါ်နေမှုကို စာရင်းစစ်ချုပ်မှ စည်ပင်သာယာရေးအဖွဲ့ထံ စာချုပ် ပြင်ဆင် ချုပ်ဆိုရန် အကြံပြုခဲ့သော်လည်း အစီရင်ခံစာ တင်သွင်းချိန်အထိ လုပ်ဆောင်ခြင်း မရှိသေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းနှင့်စပ်လျဉ်း၍ “မြေငှားရမ်းခ တစ်လနှစ်ထောင်ဆိုတာ ဘယ်လိုမှမဖြစ်သင့်တော့ဘူး ဘုရားပွဲကျင်းပရင်တောင် ဆိုင်ခန်းဆောက်ဖို့ မြေငှားရမ်းခကို တစ်တောင်ကို နှစ်ထောင်နှုန်းကနေ ၅၀၀၀ နှုန်းထိရှိတယ်ဆိုတော့ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ အမြန်ဆုံးပြုပြင်သင့်တယ်”ဟု ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြောသည်။

အများပြည်သူနှင့်ဆိုင်သည့် နောက်တစ်ချက်မှာ မော်လမြိုင်မြို့၊ သံလွင်ဥယျာဉ်ဝင်းအတွင်းရှိ New Sky စားသောက်ခန်းမနှင့် ရေကူးကန်ကို နှစ် ၆၀ ငှားရမ်းထားမှုအပေါ် စာချုပ် ဖျက်သိမ်းရန် ညှိနှိုင်းခဲ့သော် လည်း ငှားရမ်းသူမှ စာချုပ်မဖျက်လိုကြောင်းနှင့် အသစ်ချုပ်ဆိုရန် ဆန္ဒမရှိကြောင်း အကြောင်းပြန်ခဲ့သည်။

ထို့ကြောင့် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့က မြို့နယ် စီမံခန့်ခွဲရေး ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ငှားရမ်းသူကို စာချုပ်သစ်ချုပ်ဆိုရန်နှင့် မချုပ်ပါက လုပ်ငန်းသိမ်းမည့်အကြောင်း အကြောင်းကြားခဲ့သော်လည်း လုပ်ငန်းရှင်မှ လူမှုရေး အခက်အခဲ တင်ပြသဖြင့် ယခု အစီရင်ခံစာတင်သည်အထိ ဆောင်ရွက်ခြင်း မရှိသေးဟု အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

နောက်တစ်ချက်မှာ ရေးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၏ ၂၀၁၇ – ၁၈ ဘဏ္ဍာရေးနှစ်၊ ပထမ(၆)လ လုပ်ငန်းနှင့် စာရင်းများ စစ်ဆေးရာတွင် အံဒင်ကျေးရွာ၌ ရော်ဘာပျိုးခင်းနှင့် စိုက်ပျိုးထိန်းသိမ်းခြင်း သင်တန်းပြုလုပ်ခြင်း၊ ချောင်းတောင်ကျေးရွာ၊ ကလော့ကျေးရွာ၌ မိုးစပါးအထွက်နှုန်း တိုးတက်ရေးနှင့် အရည်အသွေးမြင့်မားရေး ပညာပေးသင်တန်းအသုံးစရိတ်နှင့် ပတ်သက်၍ဖြစ်သည်။

ထိုသို့ လုပ်ဆောင်ရာတွင် ဌာနက ပေးပို့လာသည့် သင်တန်း ဆောင်ရွက်မှုနှင့် မှတ်တမ်းဓာတ်ပုံများသည် ကျေးရွာ တာဝန်ရှိသူတို့၏ တင်ပြချက်နှင့် ကွဲလွဲနေကြောင်း၊ သင်တန်းပေးရာတွင် အမှန်တကယ် သင်တန်းပြုလုပ်သည့်ရက်ထက် ပိုမိုစာရင်းပြသပြီး ကျွေးမွေးစရိတ်များထုတ်ယူခြင်း၊ အမှန်တကယ်ကုန်ကျခြင်းမရှိသည့် အခမ်းအနားပြင်ဆင်စရိတ်၊ ဖျက်သိမ်းစရိတ်၊ သယ်ယူပို့ဆောင်ရေးစရိတ်များ ထုတ်ယူခြင်းတို့ကို တွေ့ရှိခဲ့၍ စာရင်းစစ်ချုပ်က ထုတ်ယူ သုံးစွဲခဲ့သည့် ငွေများကို ပြန်လည် ပေးသွင်းရန် ညွှန်ကြားခဲ့ရသည့်ကိစ္စဖြစ်သည်။

ထို့ပြင် မော်လမြိုင်မြို့ရှိ အထွေထွေရောဂါကုဆေးခန်း သုံး ခုသည် ပြင်ဆင်ပြောင်းလဲထားသော လိုင်စင်ကြေးကို ပေးသွင်းခြင်းမပြုဘဲ လျော့နည်းပေးသွင်းနေသဖြင့် သတ်မှတ်လိုင်စင် ကြေးပေးသွင်းရန် အကြောင်းကြားထားသော်လည်း စာရင်းစစ် စစ်ဆေးချိန်အထိ ပေးသွင်းထားခြင်း မရှိကြောင်းလည်း အစီရင်ခံစာတွင်ပါဝင်သည်။

မည်သို့ပင်ဖြစ်စေ စာရင်းစစ်ချုပ် တင်သွင်းသည့် အရေးကြီး တွေ့ရှိချက် ၂၇ ချက်ကို ဇွန် ၆ ရက်တွင် ကျင်းပသည့် လွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ် သုံး ဦးက ထောက်ပြ ဆွေးနွေးခဲ့သော်လည်း အစိုးရအဖွဲ့ကမူ တစ်စုံတစ်ရာမှတ်ချက်ပြု ဆွေးနွေးခဲ့ခြင်း မရှိပေ။

လွှတ်တော် အစည်းအဝေး အပြီး ထိုကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်ကို သတင်းမီဒီယာများက မေးမြန်းရာ ၎င်းက ယခုလို မှတ်ချက်ပြု၏။
“စည်ပင်က မြေတစ်ခုပဲငှားတာ အဲ့ဒီအပေါ်မှာ စာချုပ်မချုပ်နိုင်တာက ဘာကြောင့် မချုပ်နိုင်လဲဆို တာပြန်စစ်ရမှာပေါ့”ဟု ဆိုသည်။

ကိုယ်စားလှယ် ဦးဇော်ဇော်ထူးကမူ အစိုးရကို နှစ်စဉ် သုံးသပ်အကြံပြုချက်များကို ပေးပို့နေသော်လည်း လိုက်နာ ဆောင်ရွက်ခြင်း မရှိသည့်အပြင် ထပ်တလဲလဲ မှားယွင်းမှုများကို တွေ့ရှိနေရသည်ဟုပင် ဝေဖန်သည်။
အဆိုပါကိစ္စရပ်များအပေါ် မွန်ပြည်နယ် စာရင်းစစ်ချုပ် ဒေါ်သိန်းသိန်းဦး၏မှတ်ချက်ကတော့ ယခုလိုပင်။

“နှစ်စဉ် နှစ်တိုင်းလည်း မှားယွင်းနေမယ်ဆိုရင်တော့ ကျွန်မတို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးကလည်း မှာထားပါတယ်။ တွေ့ရှိချက်တွေကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကို တင်ပါ။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ကနေစုစည်းပြီးတော့ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးတွေကို တင်ပြသွားမယ်လို့ ညွှန်ကြားထားပါတယ်” ဟူ၍။

Written by ဟိန်းထက်၊ ခေတ်မင်း

Advertisements
<

Leave a Reply