မွန်ပြည်နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို စက်တင်ဘာလ ၁၉ ရက်မှ စက်တင်ဘာ ၂၁ ရက်နေ့အထိ မော်လမြိုင်မြို့၊ပြည်နယ်ခန်းမတွင် ကျင်းပမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံးထံမှ သိရသည်။ u-min-min-oo

စက်တင်ဘာ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပြိုင်ပွဲကျင်းပမည်ဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဆုချီးမြှင့်မည်ဖြစ်ကာ ပြည်နယ်အဆင့်တွင် ဆုရရှိသူများမှာ နေပြည်တော်တွင်ကျင်းပမည့် မြန်မာတိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးဦးစီး ကော်မတီဥက္ကဋ္ဌ မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောကြားသည်။

ပြည်နယ်အတွင်း ရှိ လူငယ်များနှင့် ကျောင်းသားများ ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးတတ်စေရန်နှင့် တိုင်းရင်းသား ရိုးရာအနုပညာများ ပိုမိုတိုးတက် ရှင်သန်စေရန် စသော ရည်ရွယ်ချက်များဖြင့် ဆိုကရေးတီး ပြိုင်ပွဲကိုကျင်းပပေးခြင်းဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ထပ်လောင်း ပြောကြားသည်။

“မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲဆိုတာ တိုင်းရင်းသား တွေရဲ့ ဓလေ့ထုံးစံကို ဖော်ထုတ်တဲ့ပွဲ ဖြစ်တဲ့အတွက် အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း တန်ဖိုးထားပါတယ်”ဟု ၎င်းက ပြောဆိုသည်။

မွန်ပြည်နယ်အဆင့် အဆို၊အက၊အရေး၊အတီးပြိုင်ပွဲကို မွန်ပြည်နယ် ၁၀ မြို့နယ်အလိုက် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အသီးသီး ပါဝင်ယှဉ်ပြိုင်သွားနိုင်အောင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

ထို့အပြင် ပြိုင်ပွဲနှင့် ပတ်သက်သည့် လုပ်ငန်းများအတွက် လိုအပ်သော ဘတ်ဂျက်ငွေကို ရှာဖွေ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပပေးသော ကော်မတီက ဆုလက်ဆောင်လက်ခံခြင်းနှင့် လာဘ်ပေး လာဘ်ယူမှု မပြုလုပ်ရန် ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောဆိုသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ၁၉၉၃ ခုနှစ်တွင်စတင်ကျင်းပခဲ့ပြီး ယခုနှစ်တွင် ၂၂ ကြိမ်မြောက် ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

Leave a Reply