မွန်ပြည်နယ်အတွင်းရှိတရားမဝင်ဖွင့်လှစ်ရောင်းချလျက်ရှိသောစက်သုံးဆီအရောင်းဆိုင်များကိုလုပ်ထုံးလုပ်နည်းနှင့်အညီလိုင်စင်ပြုလုပ်ကြရန် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်းမြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းမှ မွန်နှင့် ကရင် ပြည်နယ်ရောင်းဝယ်ရေးအရာရှိဦးသိန်းထွေးကပြောကြားသည်။

1

တရားမဝင်စက်သုံးဆီအရောင်းဆိုင်များကိုလိုင်စင်ပြုလုပ်ရန်မွန်ပြည်နယ်အစိုးရအဖွဲ့၏ညွှန်ကြားချက်အတိုင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကကြီးကြပ်၍မြို့နယ်အလိုက် ဆောင်ရွက်မည်ဖြစ်ပြီးလိုင်စင်မပြုလုပ်ဘဲဆက်လက်ရောင်းချပါကအရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အဓိကက နိုင်ငံတော်အတွက် အခွန်ရရှိဖို့၊ အများပြည်သူအတွက် မီးဘေးအန္တရာယ်ကင်းရှင်းစေဖို့ ရှေးရှုပြီးတရားမဝင်ဆိုင်တွေ ပပျောက်ရေးကိုဆောင်ရွက်နေပါတယ်”ဟု ၎င်းကဆိုသည်။

တရားမဝင်စက်သုံးဆီဆိုင်များရှိနေခြင်းကြောင့် အများပြည်သူအတွက်မီးဘေးအန္တရာယ်များစိုးရိမ်မှုရှိခြင်း၊ အရည်အသွေးမပြည့်မီသော စက်သုံးဆီများကိုဝယ်ယူသုံးစွဲခြင်းဖြင့်ယာဉ်၊ စက်ယန္တရားများရေရှည်တွင်ထိခိုက်ပျက်စီးနိုင်ခြင်းနှင့် တရားဝင်လိုင်စင်နှင့်ဆောင်ရွက်နေသောလုပ်ငန်းရှင်များ ကနစ်နာမှုရှိခြင်းတို့ဖြစ်ကြောင်း ဦးသိန်းထွေးကဆိုသည်။

စက်သုံးဆီအရောင်းဆိုင်လိုင်စင်မှာ ပြုလုပ်ရန် အချိန်ယူရမည်ဖြစ်သောကြောင့် လတ်တလောတွင် ပြည်နယ်လိုင်စင်ကဲ့သို့ ယာယီလိုင်စင်များထုတ်ပေးစေလိုကြောင်း ကျိုက်ထိုမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်များကပြောကြားသည်။

ထို့အတူအဆိုပါမြို့နယ်အတွင်းတရားမဝင်စက်သုံးဆီအရောင်းဆိုင်များကိုယခုလကုန်တွင် နောက်ဆုံးထားပိတ်သိမ်းရန်ညွှန်ကြားထားခြင်းကြောင့် လိုင်စင်မရှိဘဲစက်သုံးဆီရောင်းချသည့်လုပ်ငန်းရှင်များမှာအခက်အခဲရှိနေကြောင်း ၎င်းတို့ကဆိုကြသည်။

ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်ကမူမြို့နယ်အတွင်းရှိစက်သုံးဆီဆိုင်များလိုင်စင်လျှောက်ထားခြင်းကိုကူညီမည်ဖြစ်ကြောင်း ပြောဆိုသည်။

ရေးမြို့နယ်တွင်လည်းတရားမဝင်စက်သုံးဆီဆိုင်များကိုလိုင်စင်လျှောက်ထားရန် တစ်လအချိန်ပေးထားပြီး ယင်းကာလကိုကျော်လွန်ပါကပိတ်သိမ်းရမည်ဖြစ်ကြောင်း မွန်ပြည်နယ်၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းထံမှ သိရသည်။

တရားဝင်စက်သုံးဆီအရောင်းဆိုင်များသည် ဆီများကိုမြေအောက်သံကန်တွင် သိုလှောင်ထားခြင်းဖြင့် မီးဘေးအန္တရာယ်ကျရောက်မှုမရှိဘဲတရားမဝင်စက်သုံးဆီအရောင်းဆိုင်များကမြေပေါ်တွင် စည်ပီပါများဖြင့် သိုလှောင်ထားသောကြောင့် အများပြည်သူအတွက် မီးဘေးအန္တရာယ်စိုးရိမ်မှုရှိကြောင်း ပြည်နယ်ရောင်းဝယ်ရေးအရာရှိဦးသိန်းထွေးကရှင်းပြသည်။

“မီးလောင်လွယ်တဲ့ပစ္စည်းမို့လို့ စည်းမျဉ်းစည်းကမ်းနဲ့အညီလိုင်စင်နဲ့ဖွင့်ရမယ်ဆိုတာရေးမြို့နယ်မှာတော့ ညွှန်ကြားထားတယ်။
ရေးမှာတစ်လအချိန်ပေးထားတယ်။ တစ်လအတွင်းမှာလိုင်စင်မဆောင်ရွက်နိုင်ရင်တော့ ပိတ်ပေါ့။” ဟု၎င်းကဆိုသည်။

မွန်ပြည်နယ်တွင်တရားဝင်စက်သုံးဆီဖြန့်ဖြူးရောင်းချခွင့်လိုင်စင်ရယူ၍လုပ်ငန်းဆောင်ရွက်နေသောစက်သုံးဆီအရောင်းဆိုင်ပေါင်း၁၁၄ဆိုင်ရှိကြောင်းမွန်ပြည်နယ်၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းဌာနထံမှသိရသည်။

Leave a Reply