မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၇

မွန်ပြည်နယ်အတွင်းရှိ စီမံကိန်းများသည် လုပ်ထုံးလုပ်နည်းလွဲနေခြင်းနှင့် အဂတိများရှိနေသည်ဟု မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်းဖြစ်သူ မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁၇ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (သတ္တမနေ့) အပြီးမှာ “မွန်ပြည်နယ်အတွင်းမှာ ရှိတဲ့စီမံကိန်းတွေ လုပ်ထုံးလုပ်နည်းလွဲနေတာတွေ အဂတိရှိနိုင်တဲ့အရာတွေ တွေ့ရှိထားတာ ရှိသလား”ဟု သတင်းမီဒီယာ သမားများ မေးမြန်းရာတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရှိတာပေါ့ ရှိလို့ ပြောနေတာပေါ့ ဟိုနေ့က ပြောတဲ့ဟာဆိုရင် ဘယ်လိုဖြစ်ဖြစ်လေ သူ့ဟာက စစ်ရမယ့်အနေအထားဖြစ်နေတယ်”ဟု ဦးမင်းထင်အောင်ဟန်က ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ စီမံကိန်းများနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းလွဲနေခြင်းနှင့် အဂတိများနှင့် ရှိနေခြင်းကို သတိပေးခြင်းများ၊ ဝန်ထမ်းစည်းကမ်းများနှင့် အရေးယူမှူများ ပြုလုပ်နိုင်ခြင်း မရှိပါက ပြဿနာများအားလုံးသည် ထိန်းသိမ်းနိုင်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။

“အရေးယူမှုမရှိရင် လူတွေက အဲဒီအမှားတွေကို ဆက်လုပ်နေမှာပေါ့ အမှားတွေ လုပ်ရင် သူတို့လုပ်တဲ့အပေါ်မှာ မူတည်ပြီးတော့ သတိပေးဆုံးမသင့်ရင် သတိပေးဆုံးမမယ် ဟုတ်တယ် မဟုတ်လား ဝန်ထမ်းစည်းကမ်းနဲ့အရေးယူတဲ့ဟာ အရေးယူမယ် တစ်ချို့တွေက လာဘ်ပေးလာဘ်ယူတွေရော အဂတိတွေရော အကြီးကြီးဖြစ်လာရင်တော့ အဂတိကော်မရှင်ကနေ အရေးယူခိုင်းရမှာပဲ ဒါမှမဟုတ်ရင် ပြဿနာက ကျွန်တော်တို့ ထိန်းမနိုင်ဘူး”ဟု ဦးမင်းထင်အောင်ဟန်က ဆက်လက်ပြောကြားသည်။

တင်ဒါရွေးချယ်ရေး ကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးချုပ်နှင့် သဘောထားကွဲလွဲပြီးနောက် ဝန်ကြီးရာထူးမှ နုတ်ထွက်ခဲ့သည်ဟု မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီးဟောင်းဖြစ်သူ မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က ဖေဖော်ဝါရီ ၁၃ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) အပြီးတွင် သတင်းမီဒီယာ သမားများကို ပြောကြားခဲ့သည်။

ရွှေရိုး

Leave a Reply