မွန်ပြည်နယ် ဈေးကွက်အတွင်း၌ ရောင်းချနေသည့် ဈေးဆိုင်များအားလုံးကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ပြောကြားသည်။

ဈေးများကို စစ်ဆေးရန်အတွက် နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ညွှန်ကြားထားပြီး၊ ဇွန်လ အလယ်တွင် စတင် စစ်ဆေးနိုင်ရန် စီစဉ်နေကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့အနေနဲ့ ဈေးအားလုံးကို စစ်ဆေးသွားမယ်၊ အဲဒီအတွက် ဆိုင်အရေအတွက်များတဲ့ ဈေးတွေကို မြို့နယ်အလိုက် စာရင်းကောက်ထားပြီးပြီး”ဟု ယင်းက ပြောသည်။

ဈေးများကို စစ်ဆေးရာတွင် Mobile Lab ကားများဖြင့် စစ်ဆေးသွားမည်ဖြစ်၍ စားသောက်ကုန်ပစ္စည်းများကို ချက်ချင်း ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်နိုင်ကြောင်း ထည့်သွင်းပြောကြားသည်။

ယခုအခါ FDA အနေဖြင့် တားမြစ် ပစ္စည်းများ၊ အစားအသောက်များနှင့် ဆေးဝါးများ မရောင်းချရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားခြင်းကြောင့် တားမြစ် ပစ္စည်းရောင်းချမှုများကို တွေ့ရှိပါက အရေးယူသွားမည်ဖြစ်ကြောင်း ဒေါက်တာစိုးနိုင်က ပြောကြားသည်။

တားမြစ် ကုန်ပစ္စည်း ရောင်းချမှုများကို အမျိုးသား ဆေးဝါးဥပဒေအရ အရေးယူနိုင်ရန်အတွက် မြို့နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ကြီးကြပ်ရေး ကော်မတီကိုလည်း ထပ်မံတင်ပြပေးသွားမည်ဖြစ်ကြောင်း ယင်းက ပြောသည်။

“FDA အနေနဲ့ ဈေးတွေကို စစ်မယ်ဆိုတာတော့ ကောင်းပါတယ်၊ ဒါပေမယ့် သက်တမ်းလွန် ကုန်ပစ္စည်းတွေ ရောင်းချနေတဲ့ ဈေးဆိုင်တွေကိုတော့ ထိထိရောက်ရောက် အရေးယူဖို့ လိုတယ်”ဟု မော်လမြိုင်မြို့ခံ ဦးသိန်းဦးက ဆိုသည်။

မွန်ပြည်နယ်တွင် Mobile Lap ကားများဖြင့် ဈေးများအတွင်း စစ်ဆေးမှုအား ၂၀၁၄ ခုနှစ်တွင် တစ်ကြိမ်သာ ပြုလုပ်ခဲ့ပြီး၊ နောက်ပိုင်းတွင် စစ်ဆေးနိုင်ခြင်း မရှိတော့ကြောင်း ဒေါက်တာစိုးနိုင်က ပြောသည်။

written by – ဇော်ထိုက်

Leave a Reply