မော်လမြိုင်၊ မတ် ၉ ။ ။ မွန်ပြည်နယ်အတွင်းသို့ လာရောက် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ ဝင်ငွေခွန်များ သက်သာ ချောင်ချိစေရန် ပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းကို ဝင်ငွေခွန် ကင်းလွတ်ဇုန်များအဖြစ် ဇုန်အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်လိုက်ပြီဖြစ်ကြောင်း မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်လွင်က ပြောကြားသည်။

ပြည်ထောင်စု အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အမိန့်ကြော်ငြာစာ အမှတ် (၁ဝ/၂ဝ၁၇) ဖြင့် ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသများကို ဇုန် (၁)၊ ဖွံ့ဖြိုးမှုအသင့်အတင့်ရှိသော ဒေသများကို ဇုန် (၂) နှင့် ဖွံ့ဖြိုးမှုရှိသော ဒေသများကို ဇုန် (၃) အဖြစ် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်က ထုတ်ပြန်လိုုက်ကြောင်း ၎င်းက ဆိုသည်။

ယင်းသို့ ပြောင်းလဲသတ်မှတ်ရာတွင် မွန်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ်အနက်မှ ကျိုက်မရောမြို့နယ်နှင့် ချောင်းဆုံမြို့နယ်ကို ဇုန် (၁)၊ ကျန်ရှစ်မြို့နယ်ကို ဇုန် (၂) အဖြစ် အသီးသီးသတ်မှတ်ထားပြီး ဧပြီလ ၁ ရက်မှ စတင်အသက်ဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဝင်ငွေခွန် ကင်းလွတ်ခွင့်ဇုန်တွေမှာ ရင်းနှီးမြှုပ်နှံတဲ့ သူတွေက ပိုပြီးသက်သာမှာပေါ့၊ ဒီလို ဇုန်တွေ ခွဲခြားလိုက်တဲ့ နေရာတွေကပဲ အဓိက ကွာခြားသွားမှာပါ”ဟု ဦးမြင့်လွင်က ပြောဆိုသည်။

ဝင်ငွေခွန်ကင်းလွတ်ခွင့်တွင် ဇုန် (၁) သည် ရင်းနှီးမြုပ်နှံသည့် အချိန်မှစ၍ ဝင်ငွေခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်ရှိပြီး ဇုန် (၂) မှာ ဝင်ငွေခွန်ကင်းလွတ်ခွင့် ငါးနှစ်ရှိကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ကြေငြာစာတွင် ဖော်ပြထားသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်း ကုမ္ပဏီမှတ်ပုံတင်ထားသူ ၅၄ဝ ကျော်ရှိပြီး နောင်တွင် အွန်လိုင်းမှ တစ်ဆင့် မှတ်ပုံတင်၍ ရနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမြင့်လွင်က ဆက်လက်ပြောသည်။

Written by – ဖိုးဝ

Leave a Reply