Advertisements

မော်လမြိုင်၊ နိုဝင်ဘာ

ပြည်နယ်အတွင်း နေထိုင်ကြောင်း မှန်ကန်ပြီး တိုင်းရင်းသားစစ်စစ်ဖြစ်ပါက အိမ်ထောင်စုစာရင်းများကို အသီးသီးထုတ်ပေးသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးရှိန်ဝင်းက ပြောသည်။

အိမ်ထောင်စု စာရင်းမရှိသေးသူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့၊ ရပ်မိရပ်ဖများ ပါဝင်ဖွဲ့စည်းထားသည့် ငါးဦးကော်မတီအဖွဲ့၏ ထောက်ခံချက်ကို ရယူကာ လာရောက်လျှောက်ထားကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ငါးဦးကော်မတီက စိစစ်ပြီးတော့ မှန်ကန်တယ်ဆိုရင်၊ ထောက်ခံချက်ယူပြီး တိုင်းရင်းသားစစ်စစ် မှန်ကန်တယ်ဆိုရင် ကျွန်တော်တို့ ထုတ်ပေးဖို့ တာဝန်ယူပါတယ်” ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ်အတွင်းနေ အိမ်ထောင်စုစာရင်း မရှိသေးသူများ အနေဖြင့်ယင်းထောက်ခံချက်ရရှိပြီးပါက မြို့နယ်ရုံး၊ ခရိုင်ရုံးနှင့် ပြည်နယ်ရုံးများတွင် အချိန်မ ရွေးလာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

“အိမ်ထောင်စုစာရင်း သွားလုပ်ရင် ဘိုးဘွားဘီဘင်တွေရဲ့ ထောက်ခံချက်တောင်းတယ်၊ ရှာမတွေ့တဲ့ခါကျတော့ ခက်တယ်။ လုပ်ရင် ရက်တွေကလည်း ကြာတယ်” လို့ မော်လမြိုင်မြို့ ရွှေမြိုင်သီရိရပ်ကွက်မှ ဦးအောင်မြင့်ကအိမ်ထောင်စု လျှောက်ထားရာ၌ အခက်အခဲများ၊ ကြန့်ကြာမှုများရှိနေကြောင်း ပြောဆိုသည်။

ယခင်အစိုးရလက်ထက်က အိမ်ထောင်စုစာရင်း ရှိသည့် ပြည်သူများမဲပေးနိုင်ရန်အတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးခြင်းကို မိုးပွင့် စီမံချက်ဖြင့် လုပ်ဆောင်ပေးခဲ့ပြီး ယခု အစိုးရသစ်လက်ထက်တွင်သစ္စာ စီမံချက်ဖြင့် ကျောင်းသူကျောင်းသားများအတွက် ဖော်ပြပါကတ်ပြားများ ထုတ်ပေးလျက်ရှိကြောင်း၊ တိုင်းရင်းသားများအတွက်လည်း ဆက်လက်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

Written by- ရင်ငြိမ်းချမ်း

 

Advertisements
<

Leave a Reply