မော်လမြိုင်၊ အောက်တိုဘာ ။ ။ ဒေါ်လာဈေးနှုန်းနှင့် ကမ္ဘာ့သံဈေးမြင့်တက်ခြင်းကြောင့် မွန်ပြည်နယ်အတွင်း အဓိက စိုက်ပျိုးရေးထုတ်ကုန် တစ်ခုဖြစ်သော ရော်ဘာဈေးနှုန်းများမှာ အောက်တိုဘာလအတွင်း ဆက်လက်မြင့်တက်လျက်ရှိကြောင်း မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းထံမှ သိရသည်။

ruber

စက်တင်ဘာလ တတိယအပတ်က မွန်ပြည်နယ်၏ ရော်ဘာဈေးနှုန်းမှာ တစ်ပေါင်လျှင် ၇၀ဝ ကျပ်ထိ ရှိခဲ့ရာမှ အောက်တိုဘာလ ၁၃ ရက်နေ့တွင် တစ်ပေါင်လျှင် ၇၄၀ ကျပ်သို့ ထပ်မံမြင့်တက်လာကြောင်း မွန်ပြည်နယ် အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များထံမှ သိရသည်။

လက်ရှိဈေးနှုန်းမှာ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအတွက် အဆင်ပြေစေပြီး ထုတ်လုပ်မှုအပေါ် တွက်ခြေကိုက်သည့် အနေအထားသို့ရောက်ရှိလာကြောင်း ရေးမြို့နယ် ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ ဘဏ္ဍာရေးမှူး ဦးနေမျိုးက ပြောကြားသည်။

“တရုတ်ကတော့ ကြိုက်မှာ မဟုတ်ဘူး။ ဈေးနိမ့်နိမ့်ပဲ သူတို့လိုချင်တာ”ဟု ရော်ဘာအဝယ်ဒိုင်လည်း ဖြစ်သူ ၎င်းက ဆိုသည်။

ရော်ဘာဈေးနှုန်းမှာ အမေရိကန်ဒေါ်လာဈေးနှင့် ကမ္ဘာ့သံဈေး အတက်အကျပေါ်မူတည်၍ ပြောင်းလဲနေ သောကြောင့် ဒေါ်လာနှင့် သံဈေး ကျဆင်းမည်ကို စိုးရိမ်နေရကြောင်း ဦးနေမျိုးက ဆက်ပြောသည်။

အမေရိကန်ဒေါ်လာလဲလှယ်နှုန်းထားမှာ စက်တင်ဘာလဆန်းပိုင်းမှစ၍ တဖြည်းဖြည်းမြင့်တက်လာရာ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ပြည်တွင်းဘဏ်မျာ၌ တစ်ဒေါ်လာလျှင် ၁၂၆၅ ကျပ်အထိ ပေါက်ဈေးရှိသည်။

လက်ရှိတွင် ရော်ဘာဈေးမြင့်တက်နေသော်လည်း မိုးတွင်းကာလ လုံးလုံးပြတ်ပြတ် မကုန်သေးသောကြောင့် အရောင်းအဝယ်ပါးနေသေးကြောင်း မွန်ပြည်နယ်အတွင်းရှိ ရော်ဘာအဝယ်ဒိုင်များထံမှ သိရသည်။

“ကျွန်တော်စိတ်ထင်တော့ နည်းနည်းလေး ပြန်ကျလာနိုင်မလာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ရော်ဘာလှိုင်လာ တာနဲ့ ဈေးက အေးလာတယ်”ဟု မော်လမြိုင်မြို့၊ ခြောက်မိုင်ရပ်ကွက်နေ ရော်ဘာအဝယ်ဒိုင် ဦးတင်မောင်ချိုက ပြောဆိုသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော ရော်ဘာများမှာ တရုတ်နိုင်ငံဈေးကွက်တည်းကိုသာ အဓိက တင်ပို့ရောင်းချနေရပြီး ထုတ်လုပ်မှုအရည်အသွေး မပြည့်မီခြင်းကြောင့် ဈေးနှုန်းအနိမ့်ပိုင်းသာရရှိမှုနှင့်ရင်ဆိုင်နေရကြောင်း မွန်ပြည်နယ် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။

Leave a Reply