မော်လမြိုင်၊ အောက်တိုဘာ ။ ။ ယခုနှစ် မွန်ပြည်နယ်အတွင်း လူမှုဖူလုံရေးဌာနများ၌ လူမှုဖူလုံရေးလစဉ်အာမခံထားသည့် အလုပ်သမား တစ်သောင်းကျော်ခန့်ရှိပြီဖြစ်ကြောင်း မွန်ပြည်နယ်လူမှုဖူလုံရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦးက ဟင်္သာမီဒီယာသို့ပြောသည်။

social-security-board

ဇန်နဝါရီလမှစတင်ပြီး မွန်ပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့်လူမှုဖူလုံရေးရုံး ခြောက်ခုတွင် လစဉ် အာမခံကြေးသွင်းရန် လာရောက် မှတ်ပုံတင်ထားသည့် အလုပ်သမားဦးရေ စုစုပေါင်း ၁၂၈၁ဝဦးခန့်ရှိပြီး ယခုထက်တိုးလာဖွယ်ရာရှိကြောင်း ဒေါ်သင်းသင်းဦးက ပြောသည်။

“ အာမခံသွင်းတဲ့လူက လတိုင်းတိုးနေတယ်၊ လက်ရှိမှာတော့ တစ်သောင်းကျော်နေပြီ၊ သူတို့ကို လူမှုဖူလုံရေးဥပဒေနဲ့အညီ အကျိုးခံစားခွင့်အပိုင်းကိုအပြည့်အဝရစေဖို့ဆောင်ရွက်ပေးနေပါတယ်” ဟု ဒေါ်သင်းသင်းဦးက ဆိုသည်။

အလုပ်အကိုင်အခွင့်အလမ်းများပေါများလာခြင်းကြောင့် အလုပ်ခွင်များအတွင်း ဝင်ရောက်လာကြသည့် အလုပ်သမားဦးရေတိုးပွားလာသည့်အတွက် လူမှုဖူလုံရေးအာမခံထားသည့်သူများလာခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောပြသည်။

မွန်ပြည်နယ် ဆယ်မြို့နယ်အနက် မော်လမြိုင်မြို့နယ်အတွင်း လာရောက်အာမခံထားသည့် လူဦးရေ ၆ဝဝဝရှိပြီး အများဆုံးဖြစ်ကြောင်း လူမှုဖူလုံရေးရုံးမှစာရင်းများအရသိရသည်။

“ လူမှုဖူလုံရေးဥပဒေအရ အလုပ်သမားတွေအကျိုးခံစားခွင့်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မသိသေးတဲ့လူတွေ ရှိတဲ့အတွက် ဟောပြောပွဲတွေ အပတ်စဉ်ကွင်းဆင်းပြီးတော့ ဆောင်ရွက်ပေးနေပါတယ်” ဟု မော်လမြိုင်မြို့နယ် လူမှုဖူလုံရေးအဖွဲ့ရုံး တာဝန်ခံ ဒေါ်အိအိသွယ်က ဆိုသည်။

၂ဝ၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေအရ အာမခံထားသည့်အလုပ်သမားများနှင့် ပြည်သူများသည် အခမဲ့ဆေးကု သခွင့်၊ ကျန်းမာရေး မီးဖွားခြင်းနှင့် သေဆုံးမှုတို့အတွက် ငွေကြေးအကျိုးခံစားခွင့် နှင့်အငြိမ်းစားယူပြီးနောက်ပိုင်း အကျိုးခံစားခွင့်အမျိုးမျိုးရရှိမည်ဖြစ်သည်။

Leave a Reply