မော်လမြိုင်၊ အောက်တိုဘာ

မွန်ပြည်နယ်အတွင်း ထုတ်လုပ်ရောင်းချနေသည့် သောက်ရေသန့်လုပ်ငန်းအများစုအနေဖြင့် FDA ထောက်ခံချက်နှင့် အညီ လုပ်ဆောင်မှု အားနည်းနေခြင်းကြောင့် တင်းကျပ်စွာ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင်က ပြောကြားသည်။

“ရေသန့်တွေကို တကယ်လည်း လုပ်ရတော့မယ့် အနေအထားတွေ ဖြစ်လာပြီ။ တချို့ရေသန့်က ထောက်ခံချက် ရထားပေမယ့် နောက်ပိုင်း ထုတ်လုပ်မှုတွေက သန့်ရှင်းမှု အားနည်းနေတယ်”ဟု ၎င်းက ဆိုသည်။

FDA အနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလက မော်လမြိုင်မြို့နယ်အတွင်းမှ ရေသန့်များကို လိုက်လံ စစ်ဆေးရာတွင် ကောင်းမွန်သည့် ထုတ်လုပ်မှုကို မတွေ့ရသည့်အပြင် ထောက်ခံချက်မရဘဲ ထုတ်လုပ် ရောင်းချမှုများကိုပါ တွေ့ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

ယခုအခါ ရေသန့်ထုတ်လုပ်မှုများကို ရှောင်တခင် စစ်ဆေးခြင်းသာ ပြုလုပ်လျက်ရှိသော်လည်း နောက်ပိုင်းတွင် ပြည်သူများ သန့်ရှင်းသော သောက်ရေသန့်များ သောက်သုံးနိုင်ရေးအတွက် အားဖြည့်လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ မြို့နယ်ကော်မတီ အစည်းအဝေးတွင်လည်း တင်ပြသွားဖို့ ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာလက ရက်အကန့်အသတ်မရှိ ပိတ်သိမ်းခဲ့သည့် သောက်ရေသန့်လုပ်ငန်း သုံးခုတွင် ချောင်းဆုံမြို့နယ်မှ ဝင်းလတ် သောက်ရေသန့်မှာ FDA ထောက်ခံချက် ရရှိသွားပြီဖြစ်ရာ ၂၀ လီတာဘူးကို ထုတ်လုပ်ခွင့် ရရှိထားကြောင်း၊ သို့သော် ကျိုက်မရောမြို့မှ မိုးမေတ္တာ သောက်ရေသန့်ကို လေးကြိမ် စစ်ဆေးခဲ့သော်လည်း စံချိန်စံညွှန်းမပြည့်မီသေးကြောင်း၊ မော်လမြိုင်မြို့မှ ချယ်ရီသောက်သန့်၏ ၂၀လီတာဘူးအကြည်မှာလည်း ထောက်ခံချက် မရရှိသေးသည့်အတွက် တစ်လီတာဘူးနှင့် ၂၀ လီတာ ဘူးအနောက်များများကိုသာ ထုတ်လုပ်ခွင့်ပေးထားကြောင်း ၎င်းက ဆိုသည်။

“သောက်ရေသန့် ထုတ်လုပ်မှုတွေကို တိတိကျကျ အရေးယူဖို့ လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ မော်လမြိုင်မှာ ရောင်းနေတဲ့ ရေသန့်တွေ ထောက်ခံချက်ရထားတယ်လို့ ပြောပေမယ့် တချို့ရေသန့်ဘူးတွေဆို အထဲမှာ အဖတ်တွေနဲ့၊ နောက်ပြီး ရေသန့်ဘူး ဖင်တွေကလည်း ညစ်ပတ်နေသေးတယ်”ဟု မော်လမြိုင်မြို့နေ ဦးရွှေဝင်းက ဆိုသည်။

မွန်ပြည်နယ်တွင် ထောက်ခံချက် ရရှိထားသည့် ရေသန့်လုပ်ငန်းပေါင်း ၅၉ ခု ရှိနေကြောင်း ပြည်နယ် FDA မှတ်တမ်းများအရ သိရသည်။

FDA ၏ မူဝါဒအသစ်အရ ပြည်နယ်နှင့် တိုင်းအသီးသီးတွင် သောက်ရေသန့် ထုတ်လုပ်မှုကို ပုံမှန် စစ်ဆေးမှုများရှိပြီး ဧရာဝတီတိုင်းတွင် ထောက်ခံချက် မရှိသော ရေသန့်လုပ်ငန်း ၂၄ ခုကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းထားကြောင်းသိရသည်။

Written by – ဇော်ထိုက်

Leave a Reply