Photo - MoHS

ရန်ကုန် ဩဂုတ် ၃၀

အမေရိကန်နိုင်ငံအခြေစိုက် USAID က COVID-19 တုံ့ပြန်ဆောင်ရွက်ရေး အထောက်အပံ့အဖြစ် အမေရိကန်ဒေါ်လာ ၆.၅ သန်း ထောက်ပံ့ပေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးထံ တင်ပြခဲ့သည်။

မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး စသည့် ဒေသ ၉ ခုသို့ တစ်ကိုယ်ရေသုံးကာကွယ်ရေးပစ္စည်းများ (PPE) နှင့် ကျန်းမာရေးအသိပညာပေးရန် အဓိကထောက်ပံ့ပေးနေကြောင်း USAID က ဖြည့်စွက်ပြောသည်။

အမေရိကန်နှင့် မြန်မာနိုင်ငံရှိ USAID အဖွဲ့နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ဩဂုတ် ၂၈ အွန်လိုင်းအစည်းအဝေးတွင် USAID – Office of Public Health ၏ Director Karen Cavanaugh က ယင်းအချက်ကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ထောက်ပံ့ငွေများကို အမေရိကန်ဒေါ်လာဖြင့် WHO ကတစ်ဆင့် ၇သိန်း၊ Unicef မှတစ်ဆင့် ၆သိန်းနှင့် SCI မှတစ်ဆင့် ၅သိန်းကိုလည်း COVID-19 တုံ့ပြန်ဆောင်ရွက်ရေးထောက်ပံ့ပေးခဲ့ကြောင်း ပြောသည်။ ထို့ပြင် လူသားချင်းစာနာမှုနှင့် အရေးပေါ်အခြေအနေ အကူအညီ အမေရိကန်ဒေါ်လာ ၆ သန်းကို Unicef၊ IOM နှင့် Relief International အဖွဲ့တို့မှတစ်ဆင့် ထောက်ပံ့ကူညီနေကြောင်း တစ်ပေါင်းတည်း တင်ပြခဲ့သည်။

အထက်ပါဒေသ ၉ ခုရှိ ဖွံ့ဖြိုးတိုးတက်မှုနည်းသော မြို့ဆင်ခြေဖုံးဒေသများရှိ ပြည်သူများ အထူးသဖြင့်ရွှေ့ပြောင်းသွားလာနေထိုင်သူများ၊ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်သူများ၊ Quarantine နေရာအဆောက်အဦများတွင် နေထိုင်ကြရသူများအတွက် တစ်ကိုယ်ရေသုံးကာကွယ်ရေးပစ္စည်းများ (PPE) ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးရန်တို့အတွက် အဓိကထောက်ပံ့ပေးလျက်ရှိကြောင်း ပြောသည်။

သို့ဖြစ်ရာ ပမာဏစုစုပေါင်းအနေဖြင့် ၁၄ ဒသမ ၃ သန်း ရှိနေခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံသို့ Global Fund၊ Access to Health Fund၊ Presidential Malaria Initiatives နှင့် INGO များမှတစ်ဆင့် ငွေကြေးပမာဏသန်းချီ၍ နှစ်ကာလကြာရှည်စွာ ပံ့ပိုးကူညီနေမှုများသည် မြန်မာပြည်သူများ၏ ကျန်းမာရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုလျက်ရှိသည်ကို တွေ့ရှိရကြောင်းပြောကြားခဲ့ပြီး USAID တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် USAID အထောက်အပံ့ဖြင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေသော နေရာဒေသများသို့ ကွင်းဆင်းပြီး လက်တွေ့မြေပြင်တွင် ဆောင်ရွက်နေမှုများကို သွားရောက်လေ့လာကာ ပူးတွဲသုံးသပ်ကြစေလိုကြောင်း ဖိတ်ခေါ်ဆွေးနွေးခဲ့သည်။

နောက် ဝန်ကြီးဌာနမှ ဝန်ထမ်းအချို့ကို US-CDC တွင် ကူးစက်ရောဂါနှိမ်နင်းရေးနှင့် ပတ်သက်၍ ရက်တိုသင်တန်းများ ခေါ်ယူလေ့ကျင့်သင်ကြားပေးစေလိုကြောင်း ဝန်ကြီးက ကမ်းလှမ်းခဲ့သည်။ USAID မှ ကျွမ်းကျင်မှုနှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုသည် ပြည်သူ့ကျန်းမာရေး ဆိုင်ရာဝန်ထမ်းများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်မြင့်မားခြင်းဖြင့် ရေရှည် ကျန်းမာရေးကဏ္ဍတည်တံ့ဖွံ့ဖြိုးရေးအတွက် အလွန်အရေးကြီးကြောင်း မှတ်ချက်ပြုခဲ့သည်။

ထို့နောက် USAID မှ Acting Mission Director Pamela Fessenden က USAID အနေဖြင့် တီဘီရောဂါ၊ ငှက်ဖျားရောဂါ၊ HIV/AIDS၊ မိခင်နှင့်ကလေးကျန်းမာရေးစသည့် ပြည်သူ့ကျန်းမာရေး ကဏ္ဍများအတွက် ဆက်လက်ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

အမေရိကန်၏ နိုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ – USAID မှာ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ကာလများအတွင်း ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး စသည့် ကဏ္ဍများအပါအဝင် နေရာအတော်များများတွင် ဒေါ်လာ သန်းရာနှင့်ချီ အကူအညီပေးခဲ့သော အဖွဲ့အစည်းလည်း ဖြစ်သည်။

Photo – MoHS

Leave a Reply